မြန်မာနိုင်ငံတဝန်းက ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်ဆရာမ ကျန်းမာရေး ဝန်ထမ်းတွေက ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အနေနဲ့ ဖဲကြိုးနီ လှုပ်ရှားမှုကို ပြုလုပ်မယ်လို့ သိရပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဒီကနေ့ စတင်မယ့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုမှာ မြန်မာနိုင်ငံတဝန်းလုံးက ကျန်းမာရေးကဏ္ဍမှာ လုပ်ကိုင်နေသူတွေ အများအပြား ပါဝင်မယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေဟာ သူတို့ ရင်ဘတ်တွေမှာ အနီရောင်ဖဲကြိုးတွေ တပ်ဆင်ထားကြမယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုအတွက် ဖြန့်ချိထားတဲ့ ပိုစတာတွေမှာ မြန်မာပြည် ဖဲကြိုးနီလှုပ်ရှားမှုဆိုတဲ့ အနီရောင်ခေါင်းစဉ်အောက်မှာ ဖဲကြိုးနီပုံနဲ့အတူ အာဏာရှင်စနစ် ရပ်ဆိုင်းပါ၊ မိမိတို့ ရွေးကောက်ထားတဲ့အစိုးရကို မိမိတို့ လိုချင်တယ် စတဲ့ စာသားတွေ ရေးသားဖော်ပြထားပါတယ်။
လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာဝန်တချို့က ဆေးရုံတွေကို လုံးဝမသွားဘူးလို့ ပြောဆိုပေမယ့် အများအပြားကတော့ အလုပ်ဝင်ရင်း ဆန္ဒထုတ်ဖော်မယ်လို့ ပြောပါတယ်။့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က လူနာကုသရေးတာဝန်ကို မထိခိုက်စေဘဲ သူတို့ ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ကျနော်တို့က လူနာတွေကိုတော့ ပြစ်မသွားဘူး။ စောင့်ရှောက်မယ်၊ ကျနော်တို့ မကြိုက်ဘူး ဆိုတာကိုတော့ ဖဲကြိုးနီ Red Ribbon လေးနဲ့ ပြမယ်ပေါ့နော်။ လူနာနဲ့ ပတ်သက်တာတော့ အကုန်လုပ်ပေးမယ်။ သို့သော် အစိုးရနဲ့ ပတ်သက်တာတော့ မလုပ်ဖူးပေါ့။ ဒီလှုပ်ရှားမှုက ကျနော်တို့ စတာမဟုတ်ဘူး။ ကျနော်တို့က နောက်ကျတယ်။ အတော်များများ လုပ်နေကြပြီ။ ကျနော်တို့ရဲ့ ဆန္ဒတွေကို လူတွေ သိစေချင်တာပေါ့နော်။
ဆရာဝန်တွေရဲ့ ပြောကြားချက်အရဆိုရင် တနိုင်ငံလုံးက ဆရာဝန်တွေ ပါဝင်ရေးအတွက် ချိတ်ဆက်စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်လှုပ်ရှားမယ့် ရန်ကုန်အနောက်ပိုင်း ဆေးရုံက အထူးကု ဆရာဝန်ကြီး ပါမောက္ခနီလာသိန်းကလည်း သူတို့ ဆရာဝန်ကြီးတွေနဲ့ မရှိမဖြစ်လိုအပ်သူတွေ ဆေးရုံမှာ အဆင်သင့်ရှိနေမှာဖြစ်ပြီး လစ်ဟင်းမှုမရှိအောင် စနစ်တကျ စီစဉ်ထားပြီဖြစ်ပါတယ်လို့ ပြောပါတယ်။
“လူငယ်တွေလုပ်တဲ့အချိန်မှာ ကျမတို့က ဂျူတီကို လုပ်ငန်းတွေကို ထိခိုက်မှုမရှိအောင်လို့ ၊ လူနာတွေနဲ့ဆရာဝန်နဲ့ တချို့ရှိနေအောင်လို့ ကျမတို့ စီစဉ်ပေးထားရတယ်။ ကျမတို့ တကယ်တာဝန်ရှိတဲ့ အကြီးပိုင်းတွေ လူကြီးတွေ ရှိတယ်။ ဥပမာ Consultant ပိုင်းတွေပေ့ါနော်။ consultant ပိုင်းတွေက ဆေးရုံမှာ ရှိနေကြမယ်။ အဲ့လိုပဲ မလာတဲ့ ကလေးတွေ ၃ ရက်နေ့မှာ စပြီးတော့ ကမ်ပိန်းကို စမဲ့ ကလေးတွေရှိတယ်ဆိုရင်လဲ ကျမတို့ ward ထဲမှာ လူနာတွေအပေါ် အထိအခိုက်မဖြစ်အောင် ဆရာဝန်တွေ ရှိနေမှာပါ။ ရှိနေတဲ့ ဆရာဝန်တွေက ဖဲကြိုးတပ်ပြီးတော့ ကမ်ပိန်းကို ထောက်ခံပြီး ရပ်တည်ပေးမဲ့ သဘောနဲ့ နေကြမှာပါ။ လူနာတွေကို ပစ်ပြီးတော့ မျက်နှာလွှဲခဲပစ် လုပ်တာမျိုး မဟုတ်ဘူးရှင့်။ အလုပ်လုပ်နေတဲ့သူတွေ အလုပ်လုပ်နေမှာပဲ။ Function မပျက်အောင်လို့ လူကြီးတွေက စီစဉ်ပြီး လုပ်နေပါတယ်”
ဒါဟာ မြန်မာနိုင်ငံတဝန်း မနေ့ကစတင် ပေါ်ပေါက်လာခဲ့တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေထဲက တခုဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ နိုင်ငံတဝန်းက ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာလဲဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
RFA Burmese
https://www.rfa.org/burmese/news/doctors-and-red-ribbon-campaign-in-myanmar-02022021194619.html
No comments:
Post a Comment