ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲ

 

ဖောင်ဒေးရှင်းရဲ့ ငွေစာရင်းကို အကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတွေ ထပ်တပ်လာနိုင်လား မေးခွန်းတွေ ထွက်ပေါ်

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ နိုင်ငံခြားငွေတွေ စီးဆင်းနေတာ တွေ့ထားရတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ယောက်ရဲ့ အမေးကို စစ်ကောင်စီ ပြောခွင့်ရက တုံ့ပြန်တဲ့အခါ အဲဒီလို ထည့်သွင်းပြောတာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေး အရ လုပ်ဆောင်နေတာ၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ဖို့ လုပ်ဆောင်နေတာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောရင်း တဆက်တည်းမှာပဲ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားက လာတဲ့ ငွေ အ၀င်အထွက်တွေ ရှိနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖော်ထုတ်ထားတာ တချို့ ရှိနေပြီး အချိန်ကျရင် အများကို ပွင့်လင်းမြင်သာ ဖြစ်အောင် ချပြမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး အရပ်ဒေသတွေမှာ ပညာရေးနဲ့ ကျန်းမာရေး အပါအ၀င် လူမှုဘ၀တွေ ဖွံ့ဖြိုးလာအောင် ကူညီနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ မိခင်ကြီး နာမည်နဲ့ ၂၀၁၂ မှာ အဲဒီ ပရဟိတ ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာ ဖြစ်တယ်လို့ အသင်းရဲ့ တရား၀င် ၀က်ဘ်ဆိုက် စာမျက်နှာမှာ ရေးသားထားပါတယ်၊

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေတဆင့် နိုင်ငံခြား အထောက်အပံ့တွေ ရနေတယ်၊ နိုင်ငံခြား ဩဇာခံ ဖြစ်နေတယ် ဆိုတဲ့ သဘောနဲ့ “နိုင်ငံတော်လုံခြုံရေး” ၊ “အချုပ်အခြာ အာဏာပိုင် နိုင်ငံ” စတဲ့ စကားလုံးတွေ သုံးစွဲပြီး အာဏာသိမ်း စစ်တပ်က စွပ်စွဲလာတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းဗီဒီယို ကနေ တဆင့် ရုံးထုတ်ရင်း ပုဒ်မ နောက်တစ်ခု တိုးပြီး အမှု စွဲတင်ခဲ့ပါတယ်။

စွဲလက်စ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ တင်မက သဘာဝဘေးအန္တရာယ် စီမံမှုဥပဒေ ပုဒ်မ ၂၅ ပါ ထပ်တိုးတာ ဖြစ်ပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲ Reviewed by THITHTOOLWIN on 06:32 Rating: 5

No comments:

Powered by Blogger.