ရန်ကုန်မှာ တပ်ထောက်ခံသူတွေ တိုက်ခိုက်လို့ တစ်ဦးဓားထိုးခံရပြီး တချို့ထိခိုက်ဒဏ်ရာရ



ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော် အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ မြို့နယ် အားလုံးနီးပါးမှာ နေ့စဉ်ရှိနေပါတယ်။ ဒီနေ့မှာလည်း စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြပွဲတွေ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ်တွေမှာ ဆက်လက်အားကောင်းနေပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်အာဏာရှင်ကန့်ကွက် ဆန္ဒပြသူတွေ အများအပြားစုဝေးလေ့ရှိတဲ့ ဆူးလေအနီး ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဒီနေ့မှာလည်း ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော် ထောက်ခံဆန္ဒပြသူတွေ မနက်က ရောက်လာချိန်မှာတော့ ပိတ်ထားတဲ့အတားအဆီးတွေကို ရဲတပ်ဖွဲ့က ဖယ်ပေးပြီး လမ်းဖွင့်ပေးခဲ့ ပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကနေ လှမ်းမြင်ရနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရား လမ်းထောင့်က Sule Shangri-La Hotel ရှေ့မှာ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို တပ်မတော် ထောက်ခံသူတွေထဲမှာ ပါဝင်လာသူ တချို့က တုတ်၊ ဓား လက်နက်တွေနဲ့ တိုက်ခိုက်တာကြောင့် ဓားထိုးခံရသူ တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ကားတချို့ ပျက်စီးခဲ့ပါတယ်။

တပ်မတော်ထောက်ခံသူတွေရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကိုင်ပြီးသွားနေတာကို နောက်ကနေ ခေါင်းကို ရိုက်သွားတာ ခံလိုက်ရကြောင်း ကိုယ်တိုင်ခံလိုက်ရသူတစ်ဦးက ပြောပါတယ်။

လမ်းမှာရပ်ထားတဲ့ကားတွေကိုလည်း တပ်မတော် ထောက်ခံသူတွေက ဖျက်ဆီးသွားတယ်လို့ ကားဖျက်ဆီး ခံလိုက်ရသူတွေက ပြောပါတယ်။

တပ်ထောက်ခံပွဲလာသူတွေက တုတ်၊ ဓား လက်နက်တွေနဲ့ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

တပ်မတော်ထောက်ခံပွဲမှာ ဦးဆောင်လာသူတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီ ဝင်တွေလို့ ပြောဆိုသူတွေလည်းရှိပါတယ်။ ထောက်ခံပွဲလာတဲ့ ကားတစ်စီးမှာ လိုက်ပါလာသူကတော့ သူဟာ ပုဇွန်တောင်မြို့နယ် USDP ပါတီကလို့ ပြောပါတယ်။

အကြမ်းဖက်သူတွေပါဝင်တဲ့ ဆန္ဒပြပွဲမှာ ပါတီဝင်တွေ ပါဝင်တယ်ဆိုပြီး ပြောဆိုချက်နဲ့ပတ်သက်ပြီး USDP ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို မေးမြန်းရာမှာတော့ ဒီကိစ္စကို မသိသေးကြောင်း ပြောပါတယ်။

တပ်မတော်ထောက်ခံပွဲမှာ ပါလာသူတွေက အသွားမှာ ရန်ကုန်ဘူတာကြီးအနီးကသူတွေကို လေးခွတွေနဲ့ တိုက်ခိုက်သွားတာကြောင့် ထောက်ခံပွဲက ပြန်လာတဲ့ကားတွေကို မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းနဲ့ ဗိုလ်မင်းရောင်လမ်းထိပ်အနီးမှာ ရပ်ကွက်နေသူတွေက တားဆီးစစ်ဆေးခဲ့ပါတယ်။

ငွေပေးမယ်ဆိုပြီး ခေါ်တာကြောင့် တပ်မတော်ထောက်ခံပွဲကို လိုက်လာတာလို့ တောင်ဥက္ကလာပမြို့နယ်မှာ အနှေးယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။

တပ်မတော်ထောက်ခံပွဲလုပ်ဖို့ ရန်ကုန်တိုင်းအတွင်း ရွာတွေမှာ လူစုဆောင်းခိုင်းတာလည်း ရှိတယ်လို့ ဒီနေ့ ဆန္ဒပြပွဲကို လာသူတချို့က ပြောပါတယ်။ အဲဒီထဲမှာ သန်လျင်မြို့နယ်ကလာတဲ့ ကားတစ်စီးလည်း ပါဝင်ပါတယ်။

စစ်တပ်အုပ်ချုပ်နေတဲ့အချိန်မှာ ကြောက်တာကြောင့် ထောက်ခံပွဲကို လိုက်တာလာလို့ ဖမ်းမိသူတွေက ပြောပါတယ်။

တပ်ထောက်ခံပွဲ လိုက်လာသူတွေကို ရပ်ကွက်နေသူတွေက စစ်ဆေးပြီး နောက်မှာတော့ ပြန်လွှတ်ပေး လိုက်ကြပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ၈၈ မျိုးဆက်ကျောင်းသား နှစ်ဦးနဲ့ တကသ ကျောင်သား နှစ်ဦး ဒီနေ့မနက်က ဆန္ဒပြဖို့အသွားလမ်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး မြိတ်မြို့ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတွေကို ပုဒ်မ ၁၈၈၊ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာပါ။

ပြည်သူတွေ ဆန္ဒမပြရဲအောင် ဒီလို ဖမ်းဆီးအရေးယူတာတွေ လုပ်နေတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုအရေးယူမှုတွေ ရှိနေပါစေ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြတာတွေကတော့ ဆက်လက်အားကောင်းနေမှာလို့ ဒီနေ့မနက်က ဖမ်းဆီးခံလိုက်ရတဲ့ ဦးမိုးသူအောင်ရဲ့ဇနီး ဒေါ်ရှင်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညကလည်း မြိတ်မြို့ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ မတွေ့တာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားပြီး နောက်ရက်မှ ပြန်လွှတ်ပေး ခဲ့တာလည်း ရှိပါတယ်။

အဲဒီလို မသက်ဆိုင်သူတွေကို ဖမ်းဆီးသွားတာဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ တစ်သောင်းဝန်းကျင်က မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပြီး ကမ်းနားလမ်းမှာ ဆက်လက် ထိုင်သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မြန်မာ့စီပွားရေးဘဏ်ရှေ့မှာ လုံခြုံရေးယူထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး Street Graphic ရေးဆွဲတဲ့ လူငယ်အဖွဲ့ထဲက တစ်ဦး ဒီနေ့ မနက်က ဖမ်းဆီး ခံလိုက်ရတယ်လို့ Street Graphic ရေးဆွဲနေတဲ့ လူငယ်အဖွဲ့တွေက RFA ကို ပြောပါတယ်။

မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းမှာ လူငယ်အဖွဲ့တွေရေးဆွဲထားတဲ့ “ We Want Democracy” စာသား အနားမှာ “Stop Killing People” စာသားကို ရေးဆွဲနေချိန်မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်ကိုတော့ မော်လမြိုင်မြို့မစခန်းမှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ ရှေ့နေတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ "We Want Democracy၊ နွေဦးတော်လှန်ရေး" စတဲ့ စာသားတွေ မော်လမြိုင်မြို့က လမ်းတွေပေါ်မှာ ရေးသားနေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ ဆန္ဒပြသူ တစ်သောင်းဝန်းကျင်က စစ်အာဏာရှင် ကန့်ကွက်ကြောင်း မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ တိုင်းအစိုးရရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေရှေ့ သွားတဲ့လမ်းကို ပိတ်ထားပြီး ဆန္ဒပြသူတွေက အဲဒီနေရာတွေကို ရှောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်က ခရိုင်ဆေးရုံမှာတော့ ရဲတပ်ဖွဲ့က ဆေးရုံဖွင့်ဖို့ လာရောက်ပြောဆိုရာမှာ CDM မလုပ်တဲ့ ဝန်ထမ်းတွေက OPT ဖွင့်ဖို့လုပ်နေတာကို ဆန္ဒပြပြည်သူတွေက ဖွင့်ခွင့်မပေးဘဲ ပြည်သူ့ဆေးရုံကို ပြည်သူတွေ ပိုင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ အဲဒါလို ကန့်ကွက်ဆန္ဒပြတာကြောင့် ဆေးရုံဖွင့်ဖို့လာတဲ့ ရဲတပ်ဖွဲ့က လှည့်ပြန်သွားခဲ့ပါတယ်။

ချင်းပြည်နယ်မှာတော့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ မင်းတပ်မြို့တွေမှာ စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ တီးတိန်မြို့က ဆန္ဒပြပွဲမှာတော့ လူငယ်တွေက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဝင်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖိအားမပေးဖို့နဲ့ CDM မှာ မပါဝင်သေးသူတွေလည်း ထပ်မံ ပူးပေါင်းပါဝင်လာဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ တီးတိန်မြို့မှာလည်း မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာသာ ရဲတပ်ဖွဲ့ဝင်တွေရှိပြီး တခြားနေရာတွေမှာတော့ လုံခြုံရေးချထားတာမရှိပါဘူး။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာတော့ ဆန္ဒပြသူ ငါးရာကျော်က မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ပြီး စုပေါင်းရုံးရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဘားအံမြို့က ဘဏ်တွေရှေ့မှာ လုံခြုံရေးချထားပါ တယ်။ လှိုင်းဘွဲ့နဲ့ ကော့ကရိတ်မြို့တွေမှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ နှစ်သောင်းကျော်က မြို့တွင်း လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရဲစခန်းရှေ့သွားပြီး ရဲတပ်ဖွဲ့ဝင်တွေ CDM မှာပါဝင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်နဲ့ အစိုးရဌာနဆိုင်ရာတွေရှေ့မှာ ရဲတပ်ဖွဲနဲ့ တပ်မတော် လုံခြုံရေးချထား ပါတယ်။

RFA Burmese



ရန်ကုန်မှာ တပ်ထောက်ခံသူတွေ တိုက်ခိုက်လို့ တစ်ဦးဓားထိုးခံရပြီး တချို့ထိခိုက်ဒဏ်ရာရ ရန်ကုန်မှာ တပ်ထောက်ခံသူတွေ တိုက်ခိုက်လို့ တစ်ဦးဓားထိုးခံရပြီး တချို့ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.