ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းမှုအတွင်း ထိန်းသိမ်း ခံခဲ့ရတဲ့သူပေါင်း ရာနဲ့ချီ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသီသနအဖွဲ့ အတွင်းရေးမှူးက စာရင်းပြုစုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့ အပါအဝင် ပြည်နယ်နဲ့တိုင်းတချို့က အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တချို့ကတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လွတ်လာပါတယ်။
ဒါပေမဲ့ သူတို့ကို နေအိမ် အကျယ်ချုပ် ဆက်ထားမှာ ဖြစ်တယ်လို့ ပြန်လွတ်လာတဲ့ ဝန်ကြီးချုပ်တွေက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲ ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတိအကျ မသိရသေးပါဘူး။
အာဏာသိမ်းတဲ့နေ့က အထိန်းသိမ်း ခံခဲ့ရတဲ့အထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌတွေ၊ NLD အစိုးရလက်ထက် ရွေးကောက် တင်မြှောက်ခံ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေနဲ့ NLD ပါတီဝင်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နဲ့ NLD ပါတီဝင် မဟုတ်သူတွေလည်း ပါဝင်ပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှု လုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်တို့အပါအဝင် ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။
BBC Burmese
No comments:
Post a Comment