ပုံစံသစ်နဲ့ ထွက်လာတဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ

ရန်ကုန်မြို့က ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ သီတင်း ၂ ပတ်လောက် ရှိလာချိန်မှာပဲ အင်အားအလုံးအရင်းနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာ တွေ့ကြရသလို ပုံစံသစ်နဲ့ လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း လမ်းတွေပေါ်မှာ ကားတွေ၊ ယာဉ်တွေ စက်ပျက်လို့ ရပ်ထားရတဲ့ပုံမျိုးနဲ့ ပိတ်ဆို့တားဆီး ဆန္ဒပြသူတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရန်ကုန်မြို့က ဆူးလေစေတီအနီးတဝိုက်၊ လှည်းတန်းလမ်းဆုံနဲ့ နိုင်ငံတကာသံရုံးတွေရှေ့ အပါအဝင် ဆန္ဒပြသူတွေ အဓိက စုဝေးရာ နေရာတွေမှာ ဒီကနေ့ လူပေါင်း ထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။ သန်းနဲ့ချီတဲ့ လူထုလှုပ်ရှားမှုအဖြစ် အင်အားပြဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်းခဲ့ပြီးနောက် ဆန္ဒပြသူတွေ အရင်နေ့တွေကထက် လမ်းတွေပေါ် ပြန်ထွက်လာကြတာပါ။ ဒီကနေ့ လှုပ်ရှားမှုမှာတော့ အရင်ရက်တွေနဲ့မတူဘဲ တမူထူးကြားပြီး ကားတွေ၊ ယာဉ်တွေကို လမ်းတွေပေါ်မှာ စက်ပျက်နေသလို ဟန်ဆောင်ပြီး ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှာကို ကာကွယ်တဲ့ အနေနဲ့ ကားတွေ၊ ယာဉ်တွေနဲ့ ပိတ်ဆို့တဲ့နည်းကို သုံးခဲ့ကြတာလို့လည်း ရန်ကုန်မြို့က ဆန္ဒပြသူတယောက်ကပြောပါတယ်။

“ကားတွေ Jam ဖြစ်တယ်၊ အဲ့ဒီလိုဖြစ်နေတာက ခုဖြစ်နေတဲ့ ဒီအာဏာရူးတွေအတွက် လမ်းတွေကို တမင်တကာ ကျနော်တို့ ကားတွေလည်း မပျက်ဘဲနဲ့ ပျက်ချင်ယောင်ဆောင်လိုက်ရတာပေါ့နော်။ အဲ့ဒီလိုပေါ့၊ ကိုယ်တွေလည်း ကိုယ်တွေနိုင်တဲ့ဘက်က ဆန္ဒပြတာပေါ့။”

CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ အလုပ်မဆင်းဘဲ ပူးပေါင်းပါဝင်အောင် တိုက်တွန်းမှုတွေနဲ့အတူ အသွားအလာတွေ ရပ်ဆိုင်းအောင် ဆန္ဒပြသူတွေက ရည်ရွယ်ခဲ့ကြတာပါ။

“ကျနော်တို့ လူငယ်တွေက CDM ကို စလုပ်နေတဲ့ အချိန်မှာ တစ်ချို့လူကြီးတွေက ခုအချိန်ထိ ရုံးတက်နေကြတုန်းပေါ့နော်။ အဲ့လို အနေအထားမျိုးမှာ ကျနော်တို့ လူငယ်တွေ အနေနဲ့ CDM မှာ ပါဝင်ဖို့ ဒီလို ကားပျက်ပုံစံမျိုးနဲ့ ဆောင်ရွက်ကြတာပါ။ ကျနော်တို့ကလည်း ရှိတာနဲ့ တတပ်တအားအနေနဲ့ အားဖြည့်ကူညီဆောင်ရွက်ပေးတာပါ။”

ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေမှာ အလုပ်မဆင်းဘဲ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းမှုတွေနဲ့အတူ အစိုးရဌာနတွေက ဝန်ထမ်းတွေ လှုပ်ရှားမှုမှာ ပူးပေါင်းလာကြသလို၊ လမ်းပေါ်ထွက် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်လာကြပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ စတင်ချိန်ကစလို့ ရပ်ဆိုင်းနေတဲ့ မီးရထားဌာနက ဝန်ထမ်းတွေလည်း ဒီကနေ့ ရန်ကုန်ဘူတာကြီးကနေ ကုလသမဂ္ဂရုံးရှေ့အထိ ချီတက်ခဲ့ကြပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာ့မီးရထားဌာန ဝန်ထမ်းတစ်ဦးကတော့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

“CDM ကို ဘာကြောင့်လုပ်လဲဆို စစ်အာဏာရှင်ကို ကျနော်တို့ မကြိုက်လို့ပဲ။ ကျနော်တို့က အရပ်သားအစိုးရကို နှစ်သက်လို့ စစ်အာဏာရှင်ကို ကျနော်တို့ မကြိုက်လို့ အလုပ်မလုပ်ဘူး။ CDM ကိုလုပ်လို့ ကျနော်တို့ ဝန်ထမ်းတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ရှေ့မှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့တော့ ကျနော်တို့ကတော့ မမှုတော့ပါဘူး။”

ဆူးလေစေတီ အနီးတဝိုက်အပါအဝင် အချက်အခြာနေရာတွေမှာ သိန်းနဲ့ချီ စုဝေးခဲ့ကြတဲ့ လှုပ်ရှားမှုတွေမှာတော့ တက်ကြွလှုပ်ရှားသူတွေက ဟောပြောစည်းရုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ဦးဆောင်ခဲ့သူ တဦးလည်းဖြစ်၊ လက်ရှိလှုပ်ရှားမှုတွေမှာ ပါဝင်မှုကြောင့် အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိုမင်းကိုနိုင်ကလည်း ဆန္ဒပြလှုပ်ရှားမှုတွေကို အသံနဲ့သတင်းစကားပါးခဲ့တာပါ။

“အဓိကက ဘာလဲ။ CDM ဆိုတဲ့ ဝန်ထမ်းတွေရဲ့ သပိတ်မှောက်တဲ့ အလုပ်မဆင်းတဲ့ လှုပ်ရှားမှုက အဓိကကျတယ်၊ အရေးကြီးတယ်၊ ထိရောက်တယ်ဆိုတာ သိထားပါတယ်။ CDM ဟာ ရုံးမတက်တာ တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ အဲ့ဒီ အာဏာလု စစ်ကောင်စီရဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေမှန်သမျှကို ငြင်းဆန်ရမှာပါ။ ကိုယ့်ဒေသကို လုံခြုံဖို့ လုပ်ရမယ်၊ ကိုယ့်ပြည်သူကို ကိုယ်စောင့်ရှောက်ရမယ်။ ဒီလိုသွားကြရပါလိမ့်မယ်။”

ဆန္ဒပြသူတွေ အများစု စုဝေးရာနေရာတွေဖြစ်တဲ့ လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေ စတဲ့ နေရာတွေမှာ ကားတွေ၊ စက်ဘီးတွေနဲ့ လမ်းတွေပိတ်ပြီး ထိုင်သပိတ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ သံရုံးတွေနဲ့ ကုလသမဂ္ဂရုံးရှေ့တွေမှာလည်း ဆန္ဒပြသူတွေက ဖျော်ဖြေရေး၊ သရုပ်ပြ၊ စတဲ့နည်းမျိုးစုံနဲ့ ပါဝင်နေကြတာပါ။

ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အပါအဝင် လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ မကြာသေးခင်ရက်တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းတာ၊ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးနှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ 


အိမ့်သန္တာထွန်း/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest/5781593.html

ပုံစံသစ်နဲ့ ထွက်လာတဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ ပုံစံသစ်နဲ့ ထွက်လာတဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲများ Reviewed by THITHTOOLWIN on 19:24 Rating: 5

No comments:

Powered by Blogger.