ကုလအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်ရေး စစ်ကောင်စီနဲ့ညှိနှိုင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener

စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ရရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ မြန်မာ စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ တနလာင်္နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ လူထုရဲ့ ဆန္ဒနဲ့ အညီ ဖြစ်စေရေးနဲ့ လက်ရှိ အခြေအနေတွေကို ပြန်လည် ရုပ်သိမ်းနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေမယ်လို့ လက်ခံနိုင်ဖွယ် ကာလ အထိ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အခုလို ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်သူ Farhan Haq က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တနင်္ဂနွေနေ့ ညက မြန်မာ့ အရေး ထုတ်ပြန်ချက်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ထပ်လောင်း ပြောဆိုခဲ့ပြီး သဘောတူနိုင်ဖွယ် အခြေအနေမျိုးနဲ့ မြန်မာနိုင်ငံကို လာရောက်နိုင်ရေးလည်း မစ္စ Schraner Burgener က ထပ်မံ တွန်းအားပေး ဆွေးနွေးခဲ့ပါတယ်” လို့ ပြောခွင့်ရက ပြောခဲ့တာပါ။

အကြမ်းမဖက်ဖို့၊ နောက် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေးတို့ကို မြန်မာ စစ်တပ်ဘက်က အပြည့်အဝ လေးစားဖို့ အထူးကိုယ်စားလှယ်က ထပ်လောင်း တိုက်တွန်းပါတယ်။ ဒီမိုကရေစီ နည်းကျ လုပ်ငန်းစဉ်တွေ၊ အဖွဲ့အစည်းတွေကို ထိန်းသိမ်းထားရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ နောက် နိုင်ငံတွင်းမှာ အင်တာနက် ဖြတ်တောက်မှုတွေကိုလည်း ရှုတ်ချပါတယ်။

မြန်မာ့ အရေးကို ကမ္ဘာက အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ အင်အား အလွန်အကျွံသုံးတဲ့ လုပ်ရပ်တွေ ရှိခဲ့ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်ကြောင်းလည်း မစ္စ Schraner Burgener က မြန်မာ စစ်တပ်ကို ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို မျက်မြင်ကိုယ်တွေ့ သုံးသပ်နိုင်ရေးနဲ့ လက်သင့်ခံနိုင်ဖွယ် အခြေအနေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို အရေးပေါ် လာရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ မြန်မာ လူထု အပေါ် အကြမ်းဖက်၊ ခြိမ်းခြောက်၊ ထိပါး စော်ကားမှုဆိုင်ရာ သတင်းတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က အမေရိကန် စံတော်ချိန် တနင်္ဂနွေနေ့ ညပိုင်းက ကြေညာချက်ထုတ် ပြောဆိုခဲ့ပြီး စစ်တပ်နဲ့ ရဲဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို အပြည့်အဝ လေးစားဖို့၊ ဆန္ဒပြသူတွေကို ရန်ငြိုးဖွဲ့ လက်တုံ့ပြန်စရာ မဟုတ်ဘူးလို့လည်း ပြောဆိုထားတာပါ။

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာလူထုရဲ့ အားထုတ် ကြိုးပမ်းမှုကို ကုလသမဂ္ဂက အခိုင်အမာ ထောက်ခံကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-christine-schraner-burgener-/5779423.html

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်ရေး စစ်ကောင်စီနဲ့ညှိနှိုင်း ကုလအထူးကိုယ်စားလှယ် မြန်မာပြည်လာရောက်ရေး စစ်ကောင်စီနဲ့ညှိနှိုင်း Reviewed by THITHTOOLWIN on 10:02 Rating: 5

No comments:

Powered by Blogger.