ကန် နိုင်ငံခြားရေးဝန်ကြီး မဟာမိတ်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးမည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဥရောပ မဟာမိတ်နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းက ဆွေးနွေးပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက သောကြာနေ့က ပြောပါတယ်။ အမေရိကန် အီရန်၊ ရုရှားနဲ့ တရုတ်ကိစ္စတွေ အပါအဝင် မြန်မာကိစ္စကိုလည်း ဆွေးနွေးဖို့ရှိတာပါ။

ဒီဆွေးနွေးပွဲက ၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူညီစာချုပ် ကို ပြန်လည်အသက်သွင်းနိုင်ရေး သမ္မတ Joe Biden အစိုးရရဲ့ လတ်တလော ခြေလှမ်းတခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ဒီစာချုပ်ကနေ သမ္မတ ဟောင်း Donald Trump လက်ထက် ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံက နုတ်ထွက်ခဲ့တာပါ။

ဒီဆွေးနွေးပွဲကို သောကြာနေ့မှာ လုပ်နိုင်ခြေရှိတယ်လို့လည်း Reuters သတင်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲအတွင်း ဝန်ကြီး Blinken အနေနဲ့ COVID အရေး၊ အီရန်၊ ရုရှား၊ တရုတ်၊ မြန်မာနိုင်ငံအရေးတွေအပြင် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး စတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့လည်း အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၅ နျူကလီးယား သဘောတူစာချုပ်အရ နျူကလီးယားလက်နက်ထုတ်လုပ်မှုလျှောချနိုင်ဖို့အတွက်အီရန်ကို ယူရေနီယံသန့်စင်မှု ပမာဏ ထိန်းချုပ်ထားတာပါ။ အီရန်က ဒီလို ကန့်သတ်မှုကို ငြင်းဆန်နေခဲ့ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု တွေကို ဖြေလျှော့ပေးဖို့ အပြန်အလှန်တောင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီး Antony Blinken နဲ့ ဥရောပ ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲက ပထမဆုံးအကြိမ် ဆွေးနွေးပွဲ ဖြစ်သလို ဆွေးနွေးစရာ ကိစ္စတွေ များပြားတာကြောင့် အီရန်ကိစ္စကို သိပ် ထဲထဲဝင်ဝင် ဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဆွေးနွေးပွဲနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/us-secretary-of-state-antony-blinken-will-adress-myanmar-issue-on-the-meeting-/5767677.html

ကန် နိုင်ငံခြားရေးဝန်ကြီး မဟာမိတ်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးမည် ကန် နိုင်ငံခြားရေးဝန်ကြီး မဟာမိတ်တွေနဲ့ မြန်မာ့အရေး ဆွေးနွေးမည် Reviewed by THITHTOOLWIN on 12:49 Rating: 5

No comments:

Powered by Blogger.