တပ်မတော်က အာဏာစတင်သိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနေ့ကအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ရရှိထားတဲ့စာရင်းအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၂၆ ဦး ရှိနေပြီလို့ AAPP က အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက တက်ကြွ လှုပ်ရှားသူတွေ၊ အနုပညာရှင်တွေနဲ့ ကျောင်းသားလူငယ်တွေ ဖမ်းဆီးခံထားရတာပါ။
တချို့က နေအိမ်အကျယ်ချုပ်ဖမ်းဆီးခံထားရပြီး၊ တချို့က စစ်တပ်၊ အကျဉ်းထောင်နဲ့ ရဲစခန်းမှာ ဖမ်းဆီးခံ ထားရတာတွေရှိပေမယ့် တချို့ကိုတော့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဦးအောင်မျိုးကျော်က ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေထဲက မန္တလေးက ဆရာတော် အလင်္ကာကြယ်၊ တောင်ငူက NLD ပါတီအတွင်းရေးမှူး ကိုမင်းဆွေနဲ့ ကရင်ပြည်နယ်က ဦးစောမောင်ကြီးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာတွေရှိတယ်လို့ ပြောပါတယ်။
စစ်တပ်က တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေ အပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေကို စစ်တပ်က နေအိမ်တွေမှာ လိုက်ပြီးဖမ်းဆီးတာတွေ ဆက်ရှိနေပါတယ်။
ဒီလိုဖမ်းဆီးတာတွေ ရှိပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှု လူထုဆန္ဒပြပွဲတွေကတော့ အရှိန်မြှင့်နေဆဲ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/aapp-statement-military-arrested-02162021010153.html
No comments:
Post a Comment