သမ္မတဟောင်း Trump ကို တရားစွဲဆိုမှု ဖေဖော်ဝါရီ ၈ ရက် စတင်ကြားနာမည်

အမေရိကန်လွှတ်တော် အဆောက်အဦးအနီး စောင့်ကြပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့။ (ဇန်နဝါရီ ၁၄၊ ၂၀၂၁)

သမ္မတဟောင်း Donald Trump ကို အောက်လွှတ်တော်က တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် အထက်လွှတ်တော်မှာ စပြီး စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှု ဘယ်တော့စလုပ်မယ်ဆိုတာ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက်တွေကြား ဆွေးနွေးပြီးတဲ့နောက် စပြီး စစ်ဆေးမယ့်ရက်ကို သဘောတူညီချက် ရခဲ့တာပါ။

စစ်ဆေးမှု စတင်မယ့်ရက်ကို အထက်လွှတ်တော် လူများစုခေါင်းဆောင် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chuck Schumer က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အစိုးရကို ပုန်ကန်ထကြွဖို့ သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ စွဲချက်အပေါ် သမ္မတဟောင်း Trump ဘက်က ခုခံချေပရေး ပြင်ဆင်နိုင်အောင် အချိန်ပိုပေးဖို့အတွက် တရားစစ်ဆေးတာကို နောက်ဆုတ်ပေးဖို့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က တောင်းဆိုခဲ့ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က Capitol လွှတ်တော်အဆောက်အဦးကို လူအုပ်ကြီးက အတင်းဖျက်ဆီး ဝင်ရောက်ခဲ့ပြီးတော့ လူသေဆုံးတာထိ ရှိခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး သမ္မတ Trump ကို စွဲချက်တင်ထားတာပါ။

ဒီတရားစစ်ဆေးမှု စတင်မယ့်ရက်ကို အခုလို နောက်ဆုတ်ပေးလိုက်တာကြောင့် သမ္မတ Joe Biden က အစိုးရအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ဖို့ အမည်တင်သွင်းထားသူတွေကို အတည်ပြုရေးကိစ္စ ကြားနာပွဲတွေ လုပ်ဖို့အပြင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုတွေ ကုစားရေး သမ္မတ Biden က အဆိုပြု တင်ပြထားတဲ့ ဒေါ်လာ ၁.၉ ထရီလီယံပါ အစီအစဉ်တရပ်အပေါ် သုံးသပ်ဆွေးနွေးကြဖို့အတွက်ပါ အထက်လွှတ်တော်အတွက် အချိန်ပိုရသွားပါတယ်။

တရားစစ်ဆေးမှု စတင်ချိန်အထိ "အထက်လွှတ်တော်အနေနဲ့ အစိုးရအဖွဲ့ဝင်တွေ ခန့်ထားရေးကိစ္စနဲ့ ကိုဗစ်ရောဂါကြောင့် ထိခိုက်နစ်နာမှု ကုစားရေးဆိုင်ရာ ဥပဒေမူကြမ်းတို့လို အမေရိကန်လူထုအတွက် လုပ်ဆောင်ပေးရမယ့် တခြားလုပ်ငန်းတွေကို ဆက်လုပ်သွားပါမယ်" လို့ လူများစုခေါင်းဆောင် မစ္စတာ Schumer က သောကြာနေ့ ထုတ်ပြန်ချက်တခုထဲမှာ ပြောထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/trump-impeachment/5748875.html

သမ္မတဟောင်း Trump ကို တရားစွဲဆိုမှု ဖေဖော်ဝါရီ ၈ ရက် စတင်ကြားနာမည် သမ္မတဟောင်း Trump ကို တရားစွဲဆိုမှု ဖေဖော်ဝါရီ ၈ ရက် စတင်ကြားနာမည် Reviewed by THITHTOOLWIN on 01:00 Rating: 5

No comments:

Powered by Blogger.