မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး

မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး မိုးကုတ်မြို့ SPမုန့်တိုက်အား တွေ့ရစဉ်

Photo: RFA

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့ SP မုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်းဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ညပိုင်းက ပြန်လွတ်လာပါတယ်။

TNLA ဘက်က မနေ့ကညပိုင်းမှာ ပြန်လွှတ်ပေးမှာမို့ လာခေါ်ခိုင်းတဲ့အတွက် မိသားစုက သွားရောက် ခေါ်ဆောင်ခဲ့ပြီး ည ၈ နာရီမှာ အိမ်ကိုပြန်ရောက်လာတာလို့ မိုးကုတ်မြို့ လူ့အခွင့်အရေးနဲ့တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က ကိုနိုင်မိုးက ပြောပါတယ်။

SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းဟာ ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းက မိုးကုတ်မြို့အောင်ချမ်းသာ ဈေးအနီးမှာ TNLA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာပါ။

TNLA အဖွဲ့ဟာ မိုးကုတ်မြို့က ကျောက်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ၂၀၁၆ ခုနှစ်ကတည်းက အခွန်ငွေ တောင်းခံနေတာဖြစ်ပြီး ဦးကျော်ဝင်းက ၂၀၁၈ ခုနစ်မှာ ထပ်မံတောင်းခံတဲ့အထိ ပူးပေါင်း မပါဝင်ခဲ့လို့ ခေါ်ယူညှိနှိုင်းနေတာလို့ TNLA ဘက်က ပြောထားပါတယ်။

စစ်ဆေးညှိနှိုင်းတာတွေလုပ်ပြီးရင် ဦးကျော်ဝင်းကို ပြန်လွတ်ပေးမယ်လို့လည်း TNLA ပြောခွင့်ရသူ ဗိုလ်မှုးချုပ် တာဖုန်းကျော်က RFA ကို ပြောထားပါတယ်။

ဦးကျော်ဝင်း အမြန်ဆုံးလွတ်မြောက်ရေး ကူညီပေးနိုင်ဖို့ UWSA "ဝ" အဖွဲ့ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC စီကိုလည်း ဇန်နဝါရီလဆန်းပိုင်းမှာ စာပေးပို့ပြီး မေတ္တာရပ်ခံ ထားတယ်လို့ ဦးကျော်ဝင်းရဲ့ ညီဖြစ်သူ ဦးကျော်လင်းက ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန် မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tnla-released-sp-bakery-owner-01162021042109.html

မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး  မိုးကုတ် SP မုန့်တိုက်ပိုင်ရှင်ကို TNLA က ပြန်လွှတ်ပေး Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.