ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် Moderna ထိရောက်မှု


ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကို တိုက်ထုတ်မယ့် ခန္ဓာကိုယ်တွင်း ခုခံကာကွယ်နိုင်စွမ်းကို သူတို့ရဲ့ COVID- 19 ကာကွယ်ဆေးက ထုတ်ပေးနိုင်စွမ်းရှိပုံရတာ တွေ့ရတယ်လို့ အမေရိကန်ဆေးကုမ္ပဏီ Moderna က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

သူတို့ ကုမ္ပဏီကထုတ်တဲ့ ၂ ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးဟာ လတ်တလောတွေ့နေရတဲ့ ဗီဇပြောင်း ပိုးသစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိတာ သေချာကြောင်း လေ့လာချက်တွေအရ သိရတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အသွင်ပြောင်းလဲမှု ဆက်ဖြစ်လေ့ရှိတဲ့အတွက် ဒီပြောင်းလဲမှုတွေကို မျက်ခြေမပြတ် ဆန်းစစ်တင်ပြရင်း ဒီအတွက် ကာကွယ်ဆေးထပ်ထိုးပြီး ထိရောက်မှု ရှိမရှိ စမ်းသပ်တာ အပါအဝင် လူနဲ့ပြုလုပ်တဲ့ စမ်းသပ်မှုနည်းဗျူဟာကို သူတို့ကုမ္ပဏီက ဆက်လုပ်နေကြောင်းလည်း ပြောပါတယ်။

Baylor ဆေးတက္ကသိုလ် အပူပိုင်းဆေးပညာဌာနအကြီးအကဲ Dr Peter Hotez ကလည်း Moderna ရဲ့ ကာကွယ်ဆေးဟာ ပိုးသစ် ၂ မျိုးစလုံးအတွက် ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။

“ကျနော်သိရသလောက်ဆိုရင် Moderna ကာကွယ်ဆေးက ဗြိတိန်ကပိုးရော တောင်အာဖရိကပိုးရော ဒီ၂ မျိုးစလုံးအတွက် ကိုယ်ခံအားတွေ ထုတ်ပေးနိုင်တာကို သူတို့တွေရတယ်လို့ ပြောပါတယ်။ ဒီ ၂ မျိုးမှာ တောင်အာဖရိကပိုးအတွက်တော့ ခုခံအားထုတ်ပေးနိုင်စွမ်းက ၆ ဆလောက် ပိုနည်း ပေမယ့် ဒီဆေးက ထုတ်ပေးတဲ့ ကိုယ်ခံအားက အတော်အသင့် မြင့်မားတဲ့အတွက် ကာကွယ်နိုင်စွမ်းကို မထိခိုက်ဖူးလို့ ဆိုပါတယ်။ တကယ်လို့ ဆေးကို တတိယအကြိမ်ထပ်ထိုးပေးဖို့အတွက် စဉ်းစားမယ်ဆိုရင်တော့ တောင်အာဖရိကပိုးအတွက် စဉ်းစားသင့်တယ်”လို့ သူမြင်ကြောင်း ပြောပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်တွေ့နေရချိန်မှာပဲ ဗီဇပြောင်း ပိုးမျိုးသစ်တွေ အကူးစက်ခံရသူ တွေကို တိုးပြီး ခြေရာခံလိုက်ဖို့ ကြိုးစားနေကြောင်း အမေရိကန် ကျန်းမာရေးတာဝန်ခံတွေက ပြောကြားပြီး နောက်တနေ့မှာပဲ အခုလို Moderna က သတင်းထုတ်ပြန်လိုက်တာပါ။

အမေရိကန် ကူးစက်ရောဂါဆိုင်ရာ CDC ဌာနက NIH အမျိုးသားကျန်းမာရေး၊ FDA အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေး နဲ့ ပင်တာဂွန်စစ်ဌာနချုပ် တို့နဲ့ ပူးပေါင်းပြီး ဗီဇပြောင်းကိုရိုနာပိုးသစ် အကူးစက်ခံရသူတွေကို ခြေရာခံ လိုက်နေကြောင်း CDC ကပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-19-vaccine-moderna-/5751795.html

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် Moderna ထိရောက်မှု ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် Moderna ထိရောက်မှု Reviewed by THITHTOOLWIN on 07:00 Rating: 5

No comments:

Powered by Blogger.