Joe Biden ရဲ့ ဘဝပုံရိပ် တစိတ်တပိုင်း

 

အေမရိကန္သမၼတ Joe Biden. (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ရော ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ပါ အလူးအလဲ ရင်ဆိုင်နေရချိန်မှာပဲ သမ္မတ Joe Biden နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ Biden ဟာ အမေရိကန်ပြည်ထောင်စုကြီးကို လာမယ့် ၄ နှစ်တာ ဦးဆောင်တော့မှာပါ။ ဗွီအိုအေသတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို နန်းလောင်ဝ် တင်ပြထားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူကို ကြေညာဖို့ ၄ ရက်တောင် ကြာမြင့်ခဲ့ပါတယ်။ ရွေးကောက်ခံသမ္မတ တဦးအနေနဲ့ Joe Biden က ခုလိုကြေညာခဲ့ပါတယ်။

“အမေရိကန်ပြည်သူပြည်သားတွေက ကျနော်တို့ကို ရွေးချယ်လိုက်ပါပြီ။ ကျနော်တို့ ပြတ်ပြတ်သားသား အောင်ပွဲရလိုက်ပါပြီ။”

သမ္မတ Donald Trump က ရွေးကောက်ပွဲရလဒ်အပေါ် ဆက်ပြီး မေးခွန်းထုတ်နေခဲ့တာကြောင့် သူ့ကိုထောက်ခံသူ လူအုပ်ကြီး လွှတ်တော်အဆောက်အအုံကို အကြမ်းဖက် ဝင်ရောက်စီးနင်းတဲ့အြခေထိ ဆိုက်ခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာပဲ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်လှေကားထစ်တွေပေါ်မှာ သမ္မတအဖြစ် Joe Biden ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

“စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မရနိုင်လောက်အောင် အမေရိကန်နိုင်ငံမှာ လိုအပ်နေတဲ့ စိတ်နှလုံးအေးချမ်းမှုနဲ့ လုံခြုံစိတ်ချမှုတွေ ပြန်တည်ဆောက်ဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်မှာမှ ရဖို့သိပ်မလွယ်တဲ့ အရာတခု လိုအပ်နေပါတယ်။ ဒါကတော့ စည်းလုံးညီညွတ်မှု ဖြစ်ပါတယ်။”

သမ္မတ Biden ကိုထောက်ခံသူတယောက်က ခုလိုပြောပါတယ်။

“သမ္မတ Biden အနေနဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေကြီးကို ဖြေရှင်းရပါလိမ့်မယ်။ သူပေးထားတဲ့ ကတိစကားအားလုံးကို အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတာ သိပ်တော့ မသေချာပါဘူး။”

ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့နေ့မှာပဲ သမ္မတဟောင်း Trump အစိုးရလက်ထက်က မူဝါဒတွေကို ပြောင်းလဲပစ်မယ့် သမ္မတအမိန့် အတော်များများကို မစ္စတာ Biden လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီမှု စာချုပ်ထဲကိုလည်း ပြန်ဝင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲ ရွှေ့ပြောင်းလာတဲ့ အထောက်အထားမဲ့ လူပေါင်း ၁၁ သန်းကို နိုင်ငံသားဖြစ်လာစေမယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒကိုလည်း လွှတ်တော်ဆီ တင်ပြခဲ့တာပါ။ သမ္မတတာဝန်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်း COVID-19 ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထိုးပေးမယ်လို့လည်း ကတိပြုထားပါတယ်။

အဲဒီကာလအတွင်း အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းတွေ တပ်ကြဖို့လည်း သမ္မတ Biden က တိုက်တွန်းထားပါတယ်။

မစ္စတာ Biden ဟာ နှစ်ပေါင်း ၅၀ နီးပါးကြာအောင် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သမ္မတ Barak Obama အစိုးရလက်ထက်မှာလည်း ဒုသမ္မတအဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့သလို လွှတ်တော်အမတ်အဖြစ်နဲ့ ပါတီနှစ်ရပ် ပူးပေါင်းဆောင်ရွက်အောင် စွမ်းဆောင်နိုင်တဲ့ သူ့အရည်အချင်းကြောင့် လူသိများပါတယ်။

အထက်လွှတ်တော်အမတ် သက်တမ်း ၆ ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ မစ္စတာ Biden ရဲ့ အရည်အချင်းတွေ ခိုင်မာလာသလို အဆက်အသွယ်ကောင်းတွေ ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၂ ခုနှစ်မှာ ပထမဆုံး ရွေးကောက်ပွဲအနိုင်ရပြီး တလအကြာ ကားမတော်တဆမှုမှာ မစ္စတာ Biden ရဲ့ ဇနီးနဲ့ သမီးလေး ကွယ်လွန်ခဲ့ရပြီး သား၂ ယောက်ဖြစ်တဲ့ Beau နဲ့ Hunter တို့လည်း အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။

အဲဒီအချိန်မှာတော့ မိတဆိုးဖြစ်နေတဲ့ သားကလေးတွေရှိရာ Delaware ကို ဝါရှင်တန်ကနေ မိနစ် ၉၀ ကြာ Amtrack ရထားစီးရင်း မစ္စတာ Biden ညတိုင်း အိမ်ပြန်ခဲ့ပါတယ်။ Delaware ကို အဲဒီလို လေးလေးနက်နက်ခင်တွယ်နေတဲ့ မစ္စတာ Biden ရဲ့ စိတ်ခံစားချက်ကို သမ္မတအဖြစ် အိမ်ဖြူတော်ကို ပြောင်းလာမယ့်အချိန် နှုတ်ဆက်စကားပြောစဉ်မှာ တွေ့မြင်ခဲ့ရပါတယ်။

“ကျနော့်အတွက်တော့ ဒါ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ ကျနော် အလုပ်လုပ်လာတဲ့ ကာလတလျှောက်လုံး ကောင်းတဲ့အချိန်တွေရော ဆိုးတဲ့အချိန်တွေကိုပါ ကျနော်နဲ့အတူ ဒီကလူတွေ အတူကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

၂၀၁၅ ခုနှစ်မှာတော့ သားဖြစ်သူ Beau တယောက် ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ မစ္စတာ Biden ကိုယ်တိုင်လည်း ဦးနှောက်ထဲက သွေးလွှတ်ကြောနေရာ ကွက်ပြီး ကြီးနေတာကို ၂ ကြိမ် ခွဲစိတ်မှု ခံယူထားရပါတယ်။ သမ္မတကတော် Jill ကတော့ ကောလိပ်ပါမောက္ခတဦးဖြစ်ပြီး Delaware ပြည်နယ်က Wilmington နဲ့ Rehoboth မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သမီးကလေး Ashley ကိုတော့ ၁၉၈၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

သမ္မတ Biden ကို Milkshakes နဲ့ ချိစ်အမဲသားကင်ကြိုက်တဲ့ Wilmington မြို့သားကလေးဆိုပြီး မြို့ခံတွေက ခေါ်ကြပါတယ်။ တခါတလေမှာတော့ ၁၉၆၇ ခုနှစ်ထုတ် အမိုးဖွင့်ကားကလေးမောင်းလာတဲ့ မစ္စတာ Biden ကို တွေ့ရတတ်တယ်လို့လည်း မြို့ခံ Bob Byrd က ပြောပါတယ်။

“သူ့မှာ Vintage Corvette ကားလေးတစီး ရှိပါတယ်။ အဲဒီကားလေး ဟိုနားဒီနား မောင်းသွားတာကို မကြာခဏ တွေ့ရတတ်ပါတယ်။ သူက ကားမောင်းရတာကို ကြိုက်တယ်ဗျ။”

အသက် ၇၈ နှစ်အရွယ်မှာတော့ အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတအဖြစ် မစ္စတာ Biden အရွေးချယ်ခံခဲ့ရပါပြီ။ ခက်ခဲလှပါတယ်ဆိုတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ သမ္မတ Joe Biden က စိတ်ဝမ်းကွဲပြားနေတဲ့နိုင်ငံကို စည်းလုံးညီညွတ်မှု ရှိလာအောင် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။


နန်းလောင်ဝ်/ VOA Burmese

https://burmese.voanews.com/a/joe-biden-profile/5750430.html

Joe Biden ရဲ့ ဘဝပုံရိပ် တစိတ်တပိုင်း Joe Biden ရဲ့ ဘဝပုံရိပ် တစိတ်တပိုင်း Reviewed by THITHTOOLWIN on 18:30 Rating: 5

No comments:

Powered by Blogger.