မြန်မာ COVID-19 ရောဂါကူးစက်သူ ၃၅၀၊ သေဆုံးသူ ၁၄ ဦး ထပ်တိုး

ရန်ကုန်မြို့ရှိ ရပ်ကွက်တခုမှာတွေ့ရတဲ့ PPE ဝတ်စုံပြည့် ပရဟိတ လုပ်သားတဦး။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၅၀ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၃ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၆,၃၇၈ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၃၃၉,၄၇၂ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၁၀၃ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၉,၁၅၂ ယောက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၃၈၆ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၃,၅၅၆ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၁၄% ရှိပြီး ပြန်ကောင်းလာသူ ၈၈.၇၉ % ၊ သေဆုံးနှုန်းက ၂.၂၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ ၉၂.၈၆% က နောက်ခံရောဂါရှိသူတွေပါ။

ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၃၁% ဖြစ်ပြီး ဒီ ၁၀ ရက်အတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၂.၀၉ % နဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

ဒီကနေ့အရေအတွက်ကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက်က ၁၇၀ ကျော်ပဲကွာပြီး ကူးစက်သူအရေအတွက် ပိုနည်းပေမဲ့ သေဆုံးသူက ပိုများပါတယ်။ ရောဂါပျောက်ကင်းသူအရေအတွက်ကတော့ အများကြီးကွာခြားမှုမရှိပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5755132.html

မြန်မာ COVID-19 ရောဂါကူးစက်သူ ၃၅၀၊ သေဆုံးသူ ၁၄ ဦး ထပ်တိုး မြန်မာ COVID-19 ရောဂါကူးစက်သူ ၃၅၀၊ သေဆုံးသူ ၁၄ ဦး ထပ်တိုး Reviewed by THITHTOOLWIN on 00:48 Rating: 5

No comments:

Powered by Blogger.