ကျောက်မဲမြို့ရှိ စားသောက်ဆိုင်အား လက်နက်ကိုင် လူနှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင် စားသောက်သူ အမျိုးသား၂ ဦး ဒဏ်ရာရရှိ
ကျောက်မဲ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ၊ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၂ ရှိ M2K စားသောက်ဆိုင်အား ယမန်နေ့ ည ၉ နာရီခန့်က ဆိုင်ကယ် စီးနင်းလာသူ ၂ ဦး မှ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ဆိုင်ထိုင်စားသောက်နေသူ အမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ M2K ဆိုင်၏ အရှေ့ဖက် အပြင်ဝိုင်းတွင် လူငယ် ၄ ဦးက စားသောက်ကာ စကားပြောနေကြစဉ် ကျောက်မဲကြီးဘက်မှ မြို့တွင်းဘက်သို့ အောင်းဆန်းလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ အမည်မသိ အမျိုးသား ၂ ဦးသည် လက်နက်ငယ်ဖြင့် ဆိုင်ဘက်သို့ ၇ ချက် ပစ်ခတ်ခဲ့ပြီးနောက် မြို့တွင်းဘက်သို့ ဆက်လက်မောင်းထွက်သွားကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေသူ အီလန် ကုမ္ပဏီ ဝန်ထမ်းများဖြစ်သည့် လှိုင်းကျော်ထွန်း (၂၀ နှစ်)၏ ယာဖက်ပေါင်ရင်းတွင် ကျည်ဖောက်ဝင်ရာ ၁ ချက် ၊ ဝဲဖက်တင်ပါး ကျည်ဖောက်ဝင်ရာ ၁ ချက် ရရှိခဲ့ပြီး အောင်သိန်းစိုး (ခ)သိန်းစိုး( ၂၀ နှစ်) ၏ ဝဲဖက်ခြေကျင်းဝတ်တွင် ကျည်ဖောက်ဝင်ရာတစ်ချက်တို့ ရရှိခဲ့ပြီး ကျောက်မဲခရိုင် ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်စဉ်တွင် ပစ်ခတ်မှု ဖြစ်ပွားရာ နေရာဝန်းကျင်၌ 38 Super စာတမ်းပါသည့် ကျည်ဆံအခွံ ၇ ခုကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း နှင့် ဖြစ်စဉ်အား ဆက်လက် စုံစမ်း စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)
Myanmaalinn
No comments:
Post a Comment