ထောက်ပံ့ကြေးမရသေးတဲ့ ဆင်းရဲမိသားစုတွေအတွက် ကျပ်ငွေ ၅ ဘီလျံကျော်သုံးစွဲမည်

ရန်ကုန်မြို့ မြင်ကွင်းတနေရာ

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အခက်ကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ကြေးပေးရာမှာ ကျန်နေသေးတဲ့ အိမ်ထောင်စု ၂ သန်းကျော်ကို စပေးနေတဲ့အကြောင်း ပြောပြပါ မယ်။ VOA မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းတင်ဆက်ထားပါတယ်။

ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေရတဲ့ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားတွေကို အစိုးရက ၄ ကြိမ် ထောက်ပံ့ခဲ့ပေမဲ့ ရသင့်တဲ့သူတွေ မရဘူးဆိုပြီး တိုင်တန်းမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရက ပြန်လည်စိစစ်ပြီး နောက်ထပ် အိမ်ထောင်စု ၂ သန်းကျော်အတွက် ကျပ်ငွေ ၅၆ ဘီလီယံကျော် သုံးစွဲထောက်ပံ့မယ့်အကြောင်း ပြည်ထောင်စုဝန်ကြီးရုံးဝန်ကြီး ဦးမင်းသူက Facebook လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

စနေနေ့ကစ ထောက်ပံ့ကြေးပေးနေတဲ့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်က အခြေအနေကိုတော့ အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ကတော့ အခုလိုပြောပါတယ်။

“ပေးပြီ၊ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပြီ။ အိမ်ထောင်စု ၁ သောင်းကျော်တယ်။ ၂ နည်းစလုံးနဲ့ပေး တယ်။ အိမ်တိုင်ရာရောက်လည်း လိုက်ပေးတယ်။ တစ်ချို့နေရာတွေဆိုရင်လည်း ရပ်ကွက်နဲ့ နီးတဲ့ နေရာတွေဆိုရင်လည်း ရပ်ကွက်ရုံးတွေမှာ ပေးပါတယ်။”

နောက်ဆုံးအကြိမ် ထောက်ပံ့ကြေးပေးတဲ့အချိန်က စာရင်းမှာမပါတဲ့သူတွေ၊ ကပ်ရောဂါကာလ ကြာလာရာက အလုပ်အကိုင် အခက်အခဲ ဖြစ်နေသူတွေ အပါအဝင် တကယ်အကူအညီလိုသူတွေကို အာဏာပိုင်တွေ စိစစ်ပြီး၊ ရောဂါကူးစက်မှုများတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ဒေသက အိမ်ထောင်စုတစုကို ကျပ် ၄၀၀၀၀ နဲ့ ကျန်ဒေသမှာ ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်းမှာတော့ ထပ်တိုးပေးတဲ့ ထောက်ပံ့ကြေးရမယ့် အခြေခံလူတန်းစား က ၂ သောင်းဝန်းကျင်ရှိတယ်လို့ အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီတော့ ဘယ်လိုဘယ်လိုပေးပါဆိုတာမျိုး ညွှန်ကြားချက်မလာသေးဘူးခင်ဗျ။ ဥပမာပေါ့လေ၊ မိသားစု ၄ ယောက်ရှိမယ် ၅ယောက်ရှိမယ်၊ အဲ့ဒီမှာ အရင်ကတော့ အလုပ်အကိုင် ၂ ယောက်ရှိတာပေါ့။ အဲ့လိုဆိုတော့ အရင်တုန်းက အလုပ်အကိုင်ရှိတဲ့အတွက် မပေးပါဘူးဗျ။ သို့သော်လည်းပဲ ခုချိန်ကာလမှာ စက်ရုံလုပ်သားဖြစ်ပြီးတော့ Over Time အချိန်တွေ လျော့လာတာတို့ ဘာတို့ ဖြစ်လာတယ်။ သူ့မှာမှီခိုတဲ့သူကလည်း အသက်အရွယ်ကြီးတဲ့သူတို့ ကလေးသူငယ်တို့ အဲ့လို စီးပွားရှာနိုင်တဲ့သူတွေ မဟုတ်ဘူးဆိုရင်တော့ ဒီကာလမှာ ကျွန်တော်တို့ ထပ်ပြီး စဉ်းစားပြီးတော့ ထည့်ပေးတာမျိုးတွေတော့ ရှိပါတယ်ခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ အိမ်ထောင်စုတွေကို စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ၄ ကြိမ်ထောက်ပံ့ရာမှာ ကျပ် ဘီလီယံ ၆၀၀ နီးပါးသုံးခဲ့ကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ 


အိမ့်သန္တာထွန်း/ VOA Burmese

https://burmese.voanews.com/a/myanmar-covid-fund-/5751412.html

ထောက်ပံ့ကြေးမရသေးတဲ့ ဆင်းရဲမိသားစုတွေအတွက် ကျပ်ငွေ ၅ ဘီလျံကျော်သုံးစွဲမည် ထောက်ပံ့ကြေးမရသေးတဲ့ ဆင်းရဲမိသားစုတွေအတွက် ကျပ်ငွေ ၅ ဘီလျံကျော်သုံးစွဲမည် Reviewed by THITHTOOLWIN on 06:57 Rating: 5

No comments:

Powered by Blogger.