ဂျိုး ဘိုင်ဒန်ရဲ့ ဘဲဥပုံ ရုံးခန်းက ဘယ်လို ဆင်ယင်ထားလဲ


သမ္မတသစ် တစ်ယောက် ဘဲဥပုံ ရုံးခန်းမှာ နေရာစယူပြီဆိုရင် အခန်းထဲမှာ ဘယ်လို သွင်ပြင်ကို ပုံဖော်မလဲဆိုတဲ့ သူတို့ကိုယ်ပိုင်စိတ်ကူးတွေကို ယူဆောင်လာစမြဲပါ။ အဲဒီလိုပါပဲ ဂျိုး ဘိုင်ဒန်လည်း သူ့ရုံးခန်းအတွက် ဆင်ယင်စရာတွေကို ရွေးထားခဲ့ပြီးပါပြီ။

အခန်းထဲမှာ အမေရိကန်သမိုင်း တလျောက်က စံတုယူဖွယ်ရာ သြဇာတက္ကိမကြီးတဲ့ ခေါင်းဆောင်တွေရဲ့ ပုံတူ ပန်းချီတွေ၊ ကိုယ်တစ်ပိုင်း ကြေးရုပ်တွေကို ဖြည့်သွင်း ထားပါတယ်။

"သမ္မတ ဘိုင်ဒန်အဖို့ အမေရိကန်ဆိုတာ ဒီလို ပုံရိပ် အသွင်မျိုးဆိုတာကို အိုဗဲလ် ခန်းမထဲကိုဝင်လိုက်တာနဲ့ ခံစားရနိုင်ဖို့ အရေးကြီးသလို၊ သူ သမ္မတဖြစ်လာစေရာမှာ အရေးကြီးတဲ့သူတွေကလည်း သူ့အတွက် အရေးပါပါတယ်"လို့ သမ္မတရုံး လုပ်ငန်းဆိုင်ရာ လက်ထောက် ဒါရိုက်တာ အက်ရှလေ ဝီလျံက ရုံးခန်းထဲကို ဝင်ကြည့်ခွင့် သီးသန့်ရခဲ့တဲ့ ဝါရှင်တန် ပို့စ် သတင်းဌာနကို ပြောပါတယ်။

သမ္မတထရမ့်နဲ့ အတူ အကြိမ်များစွာတွဲပြီးတွေ့ခဲ့ရတဲ့ ပေါ်ပြူလစ် အများကြိုက် ဝါဒီ သမ္မတ အင်ဒရူး ဂျက်ဆင်ရဲ့ ပုံတူပန်းချီကားတော့ မရှိတော့ပါဘူး။

သူ့ပန်းချီပုံနေရာမှာ အမေရိကန်ပြည်ထောင်စု တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင် ဖရန်ကလင်ရဲ့ ပုံတူ ပန်းချီကားကို ချိတ်ဆွဲထားပါတယ်။ သူဟာ စာရေးဆရာ၊ သိပ္ပံပညာရှင်၊ ဒဿနပညာရှင် စတဲ့ ဂုဏ်ထူးတွေလည်း ရှိတဲ့ ခေါင်းဆောင်ပါ။ သမ္မတ ဘိုင်ဒန် ကိုရိုနာဗိုင်းရပ်စ်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ သိပ္ပံပညာရပ်အပေါ် အလေးထားစိတ်ဝင်တစားရှိမှုကို ရည်ညွှန်းဖို့အတွက် ဖရင်ကလင်ရဲ့ ပုံတူပန်းချီကားကို ချိတ်ဆွဲတာလို့ ဝါရှင်တန် ပို့စ်က ရေးပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ စားပွဲနောက်မှာ ချိတ်ခဲ့ဖူးတဲ့ အင်ဒရူး ဂျက်ဆင်ရဲ့ ပုံတူ ပန်းချီကားကို လဲလိုက်ပြီဖြစ်

မစ္စတာဘိုင်ဒန် သမ္မတအလုပ်စားပွဲကနေ ကြည့်လိုက်ရင် မီးလင်းဖိုနေရာ နံဘေးတွေမှာ နိုင်ငံသားအခွင့်အရေးပိုင်းမှာ အထူးအကျိုးပြုခဲ့တဲ့ခေါင်းဆောင်တွေလို့ သူ မကြာခဏ ညွှန်းဆိုပြောခဲ့တဲ့ မာတင် လူသာကင်း ဂျူနီယာနဲ့ ရောဘတ် အက်ဖ် ကနေဒီ တို့ရဲ့ ကိုယ်တစ်ပိုင်း ကြေးရုပ်တွေကို တွေ့ရမှာပါ။

ဒီရုံးခန်းထဲက ကြေးရုပ်တွေထဲမှာ နိုင်ငံသားအခွင့်အရေး တိုက်ပွဲတွေထဲက အဓိကပုံရိပ်တစ်ခုဖြစ်တဲ့ ရိုစာ ပတ်ခ်ရဲ့ ကြေးရုပ်လည်း အပါအဝင်ပါ။ ချီရီကာဟွာ အပါချီ ဌာနေတိုင်းရင်းသားတစ်ယောက် မြင်းစီးနေတဲ့ပုံကို ထွင်းထုထားတဲ့ အလန် ဟောင်ဇာ ရဲ့ ပန်းပုကိုလည်း တွေ့ရပါတယ်၊ ဒီပန်းပုရုပ်ကို ဟာဝိုင်ယီပြည်နယ် ဒီမိုကရက် ဆီးနိတ်အမတ် ဒန်နီယယ် အီနိုရီ အရင်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတာကိုလည်း ဝါရှင်တန် ပို့စ့်က ရေးပါတယ်။

ရိုစာ ပတ်ခ်နဲ့ အီဗရာဟင် လင်ကွန်းကြေးရုပ်တွေလည်း သမ္မတ ဘိုင်ဒန်ရဲ့ ရုံးခန်းထဲမှာရှိ

ကမ္ဘာတဝန်း စီးပွားရေးအကြီးအကျယ်ကျဆင်းခဲ့တဲ့ကာလနဲ့ ဒုတိယ ကမ္ဘာစစ်တို့ကို ဖြတ်သန်းရစဉ်မှာ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ရဲ့ ပုံတူ ပန်းချီကားကြီး တစ်ချပ်ကိုလည်း မီးလင်းဖိုအထက်နားမှာ ချိတ်ဆွဲထားပါတယ်။

နောက်ထပ် သမ္မတတစ်ယောက်ဖြစ်တဲ့ သောမတ် ဂျက်ဖာဆင် ပုံတူပန်းချီကားက သူနဲ့ အမြဲလိုလို သဘောထားမတူတာတွေဖြစ်လေ့ရှိတဲ့ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး အလက်ဇန်ဒါ ဟဲမ်မီတန်တို့ရဲ့ ပုံတူ ပန်းချီတွေကို တွဲလျက်ထားထားတာကလည်း မတူတဲ့ သဘောထားတွေ၊ အမြင်တွေဟာ ဒီမိုကရေစီအတွက် အရေးကြီးတယ်ဆိုတာကို ဖော်ညွှန်းပြနေသလိုပါပဲလို့ ဝါရှင်တန် ပို့စ်က ဆိုပါတယ်။

သမ္မတဟောင်း ဂျော့ ဝါရှင်တန်နဲ့ အီဗရာဟင် လင်ကွန်းတို့ရဲ့ ပုံရိပ်တွေကလည်း ဘေးချင်းယှဉ်လို့ပါ။

ဂျက်ဖာဆင် (ညာဘက်)နဲ့ ဟဲမ်မီတန် (ဘယ်ဘက်) ပုံတူပန်းချီတွေ မီးလင်းဖို နံဘေးမှာတွေ့ရ

၁၉၆၀ နဲ့ ၇၀ နှစ်တွေ တဝိုက် စိုက်ပျိုးရေး လုပ်သားတွေရဲ့ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့တဲ့ မက္ကဆီကို နွယ်ဖွား အမေရိကန် အလုပ်သမားခေါင်းဆောင် ဆီဇာ ချဗဲတ်စ် ကြေးရုပ်က မစ္စတာဘိုင်ဒန်ရဲ့ နောက်က စားပွဲမှာ နေရာပေးထားတာကို လည်း လူမှုမီဒီယာတွေမှာ လူအများက သတင်းစကား လက်ဆင့်ကမ်းပါးနေကြပါတယ်။ အဲဒီ ကြေးရုပ်က မစ္စတာ ဘိုင်ဒန်ရဲ့ မိသားစု ဓာတ်ပုံတွေနဲ့ တွဲလျက်သားတွေ့ရပါတယ်။

အရင်သမ္မတက စစ်တပ်ဌာနအသီးသီးရဲ့ အလံတွေနဲ့ ဆင်ယင်ခဲ့တဲ့နေရာမှာတော့ အမေရိကန် ပြည်ထောင်စုအလံနဲ့ သမ္မတရဲ့ စည်းတံဆိပ်တုံးကို ဖော်ညွှန်းတဲ့ အလံတို့က နေရာယူလိုက်ပါပြီ။

မစ္စတာ ဘိုင်ဒန်ရဲ့ မိသားစု ဓာတ်ပုံတွေဘေးမှာ ဆီဇာ ချဗဲတ်စ်ရဲ့ ကြေးရုပ်ကိုတွေ့ရ


BBC Burmese

https://www.bbc.com/burmese/world-55768397

ဂျိုး ဘိုင်ဒန်ရဲ့ ဘဲဥပုံ ရုံးခန်းက ဘယ်လို ဆင်ယင်ထားလဲ  ဂျိုး ဘိုင်ဒန်ရဲ့ ဘဲဥပုံ ရုံးခန်းက ဘယ်လို ဆင်ယင်ထားလဲ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.