လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ ပြောင်းဖို့ အမေရိကန်ကို မက္ကဆီကို တိုက်တွန်း

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်ပိုင်းက ဂွာတီမာလာနိုင်ငံကို ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် လူအုပ်ကြီးကို ရဲက လူစုခွဲဖို့ ကြိုးစားခဲ့

အမေရိကန်နိုင်ငံထဲ ဝင်ဖို့ အိမ်နီးချင်း ဂွာတီမာလာနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာကို ရဲတွေက ပိတ်ဆို့ထားချိန်မှာပဲ အမေရိကန်အစိုးရကို လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီ ပြင်ဆင်ပြောင်းလဲပေးဖို့ မက္ကဆီကို သမ္မတ အောန်ဒရေ မန်ဝဲလ် လိုးပက်ဇ် အော့ဘရာဒိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မက္ကဆီကို အပါအဝင် တခြားနိုင်ငံတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်က သဘောတူလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ လိုပက်ဇ် အော့ဘရာဒိုး က ပြောပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံက လူတွေ အများစု ပါတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၇၀၀၀ လောက် ဂွာတီမာလာနိုင်ငံထဲ ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီလူတွေက မက္ကဆီကိုနိုင်ငံကနေတဆင့် အမေရိကန် နယ်စပ်ကို ရောက်အောင် သွားဖို့ မျှော်လင့်ထားကြတာပါ။

နှစ်စဉ် နှစ်တိုင်း အမေရိကအလယ်ပိုင်း နိုင်ငံတွေက ဒုက္ခသည် သောင်းနဲ့ချီပြီး အမေရိကန်နိုင်ငံထဲ ဝင်ရောက် ခိုလှုံနိုင်ဖို့ ကြိုးစားကြပါတယ်။ အဲဒီ ဒုက္ခသည်အုပ်စုကို "caravans" အုပ်စုလိုက်သွားလာသူတွေလို့ လူသိများကြပါတယ်။ တချို့ဆိုရင် ခြေလျင် လာကြလေ့ ရှိပါတယ်။

သူတို့နိုင်ငံတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်အောင် ထွက်ပြေးလာကြတာလို့ သူတို့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းကြီး နှစ်ခုကြောင့် အမေရိကအလယ်ပိုင်း နိုင်ငံတွေမှာ အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။

"လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ ပြောင်းလဲချမှတ်ဖို့ ကတိတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အချိန်ကျလာပြီလို့ ထင်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်"လို့ သူက ပြောပါတယ်။

"လူဝင်မှုကြီးကြပ်ရေး ပြင်ဆင်ပြောင်းလဲမှုတွေကို အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါ့မယ်လို့ ဂျိုးဘိုင်ဒန်က သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေအတွင်းမှာ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ဒါကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

ရွှေ့ပြောင်းဒုက္ခသည်တွေကို မက္ကဆီကို နိုင်ငံထဲကနေ မဖြတ်ကြဖို့ မက္ကဆီကို အစိုးရက ကြိုးစားဖျောင်းဖျမှာ ဖြစ်ပေမဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ အားလုံးရဲ့ အခွင့်အရေးကိုလည်း လေးစား လိုက်နာသင့်တယ်လို့ သူက ပြောပါတယ်။

တနင်္လာနေ့တုန်းက ဂွာတီမာလာနိုင်ငံမှာ လူ ၄၀၀၀ လောက်ပါတဲ့ လူအုပ်စုကြီး တစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီထဲက အများစုက ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်ပြီး ဗာဒို ဟွန်ဒို ဆိုတဲ့ ရွာနားမှာ စခန်းချနေကြတာပါ။တနင်္လာနေ့တုန်းက သမ္မတ လိုးပက်ဇ် အော့ဘရာဒိုး က အမေရိကန် အစိုးရကို လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေ ပြောင်းလဲချမှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မက္ကဆီကို၊ အမေရိကန်၊ ဂွာတီမာလာ၊ ရွှေ့ပြောင်းဒုက္ခသည်၊ လူဝင်မှုကြီးကြပ်ရေး

ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ လုံခြုံရေး ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရာ နေရာ

လုံခြုံရေး ရဲအရာရှိတွေက ဒိုင်းတွေနဲ့ကာ၊ နံပါတ်တုတ်တွေနဲ့ လိုက်ရိုက်ပြီး အဲဒီ လူအုပ်ကြီးကို ဟွန်ဒူးရပ်စ်နိုင်ငံ နယ်စပ်ဘက်ကို ကီလိုမီတာ ၅၀ လောက် ပြန်မောင်းထုတ်ခဲ့ကြပါတယ်။

ဒုက္ခသည်တွေ လူစုကွဲသွားခဲ့ပေမဲ့ အတော်များများက ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီလူအုပ်ကြီးကို ရှေ့ဆက်မသွားနိုင်အောင် စနေနေ့ကတည်းက တားဆီးထားတာ ဖြစ်ပါတယ်။ လူအုပ်ကြီးကြောင့် အချက်အချာ လမ်းမကြီး ပိတ်ဆို့နေတဲ့အတွက် မော်တော်ယာဉ် အသွားအလာတွေ ရပ်ကုန်ပြီး ယာဉ်ကြော ပိတ်ဆို့မှုကြီး ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့တုန်းက ရဲတွေရဲ့ တားဆီးပိတ်ဆို့ထားမှုတွေကို ကျော်ဖြတ်ဖို့ ရွှေ့ပြောင်းဒုက္ခသည်တချို့က ကြိုးစားခဲ့တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီရွှေ့ပြောင်းဒုက္ခသည် လူအုပ်ကြီး စနစ်တကျ ဘေးကင်းလုံခြုံစွာ နေရပ် ပြန်နိုင်ရေးကို ဟွန်ဒူးရပ်စ် အစိုးရအနေနဲ့ အကူအညီပေးဖို့ ဂွာတီမာလာ နိုင်ငံခြားရေး ဝန်ကြီး ပက်ဒရို ဘရိုလို က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တိုက်တွန်းသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ အထူးသဖြင့် အမေရိကန်နိုင်ငံ တောင်ပိုင်း မက္ကဆီကိုနယ်စပ်တလျှောက်ကနေ တရားမဝင် ဝင်လာသူတွေအပေါ် တင်းကျပ်တဲ့ မူဝါဒတွေနဲ့ ကိုင်တွယ် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် အမေရိကအလယ်ပိုင်း ဒေသ မြောက်ပိုင်းကို ဦးတည် ပြေးလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ခြေရာခံ ဖမ်းဆီး အရေးယူမှုတွေ လုပ်ကြဖို့ မက္ကဆီကို၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်လ် ဆာလ်ဗေးဒိုး နိုင်ငံအစိုးရတွေ အပေါ် သမ္မတထရမ့်က ဖိအားပေးခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ကတော့ သူ့အရင်သမ္မတ ချမှတ်ခဲ့တဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေကို ဖျက်သိမ်းပစ်မယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ ပေါ်လစီတွေက နေ့ချင်းညချင်း ရုတ်ချည်း ပြောင်းလဲလို့ ရမှာ မဟုတ်တဲ့အတွက် ရွှေ့ပြောင်းဒုက္ခသည်တွေ ထွက်ပြေး မလာကြဖို့ ဗုဒ္ဓဟူးနေ့မှာ အာဏာလွှဲပြောင်း ယူမယ့် သူ့ရဲ့ အစိုးရအဖွဲ့က သတိပေးထားပါတယ်။

ရဲတွေ ဝင်ရောက် လူစုခွဲခဲ့တဲ့အတွက် မိသားစု တကွဲတပြား ဖြစ်ခဲ့ရတဲ့ ရွှေ့ပြောင်းဒုက္ခသည် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ

အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့် တောင်းဖို့ ကြိုးစားမယ့် ရွှေ့ပြောင်းဒုက္ခသည်တွေ အနေနဲ့ အမေရိကန်နိုင်ငံထဲ ချက်ချင်း ဝင်နိုင်ခွင့် ရမှာ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ထားဖို့လိုတယ်လို့ အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက NBC NEWS သတင်းဌာနကို ပြောပါတယ်။

အမေရိကန်နိုင်ငံဆီ အခုချိန်မှာ ဦးတည် ထွက်လာနေတဲ့ ဒုက္ခသည်တွေထက် စာရင် အမေရိကန်နိုင်ငံထဲ ရောက်နေနှင့်ပြီးသား အထောက်အထားမဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဘိုင်ဒန် အစိုးရအဖွဲ့အနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဲဒီ တာဝန်ရှိပုဂ္ဂိုလ်က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55708515

လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ ပြောင်းဖို့ အမေရိကန်ကို မက္ကဆီကို တိုက်တွန်း  လူဝင်မှုကြီးကြပ်ရေး ပေါ်လစီ ပြောင်းဖို့ အမေရိကန်ကို မက္ကဆီကို တိုက်တွန်း Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.