တရုတ်ဟာ 'ဝိဂါလူမျိုးပြုန်းအောင်လုပ်နေတယ်'လို့ အမေရိကန်ကပြော

ဒီအဆောက်အအုံတွေဟာ ဝိဂါတွေအတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးဖို့အတွက်ဖြစ်ကြောင်း တရုတ်အစိုးရက ပြော

ဝိဂါနဲ့ မွတ်ဆလင်တွေအပေါ် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကိုကြည့်ရင် ဒါဟာ လူမျိုးပြုန်းတီးအောင်လုပ်နေတာပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ပြောပါတယ်။

ရွေးချယ်တင်မြှောက်ခံ သမ္မတ ဂျိုးဘိုင်ဒန်က နိုင်ငံခြားရေးဝန်ကြီး အဖြစ်ရွေးထားတဲ့ အန်တိုနီ ဘလင်ကင်ကလည်း အဲဒီအပေါ်မှာ သဘောတူပါတယ်။

တရုတ်အစိုးရဟာ သူတို့အခေါ် "ပြန်လည် ပညာပေးရေး စခန်း"တွေအတွင်းမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဝိဂါ လူမျိုးပေါင်း တစ်သန်းလောက်အထိကို ထိန်းသိမ်းထားတယ်ဆိုတာကို လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ကြပါတယ်။

ဘီဘီစီက စုံစမ်းလေ့လာမှုတွေအရလည်း ဝိဂါတွေဟာ အဓမ္မ အလုပ်ခိုင်းစေခံနေ ရတယ် ဆိုတာကို ပြဆိုနေပါတယ်။

မစ္စတာ ထရမ့် သမ္မတသက်တမ်းမှာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ပေါ်လစီတွေက အစ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေး အဆုံး သဘောထားမတူကြဘဲ တင်းမာမှုတွေက တလျှောက်လုံးဖြစ်လာခဲ့တာပါ။

"လူမျိုးတုန်းအောင်လုပ်နေတာက ဆက်ဖြစ်နေတယ်လို့ ကျွန်တော်ယုံတယ်၊ တရုတ်ရဲ့ တစ်ပါတီအစိုးရဟာ ဝိဂါတွေကို စနစ်တကျ ဖျက်ဆီးနေတာကို ကျွန်တော်တို့တွေ့နေရတယ်"လို့ မစ္စတာ ပွန်ပီယိုက သူ့ရဲ့ တာဝန်နောက်ဆုံးနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မကြာတဲ့ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတော့မယ့် မစ္စတာ ဘလင်ကင်ကို ဒီ မစ္စတာ ပွန်ပီယိုရဲ့ ကြေညာချက်ပါ သဘောထားအပေါ် သဘောတူလားလို့ အင်္ဂါနေ့က မေးမြန်းကြရမှာ သူက "ကျွန်တော့်ရဲ့ သုံးသပ်ဆုံးဖြတ်ချက်ကလည်း အဲဒီလိုပါပဲ"လို့ ဖြေကြားခဲ့ပါတယ်။

"ဝိဂါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကြား အမြင်တွေတူကြတယ်လို့ ကျွန်တော်ထင်တယ်၊ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တွေကို ထိန်းသိမ်းရေး စခန်းတွေထဲမှာ နေခိုင်းထားတာ၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အယူဝါဒတွေကို ယုံကြည်လာအောင် ပြန်လည်ပညာပေးဖို့ ကြိုးစားနေတာတွေဟာ လူမျိုးတုန်းအောင် လုပ်တဲ့ ကြိုးပမ်းမှုတွေပါပဲ"လို့ သူက ထပ်ဖြည့်ပြောခဲ့ပါတယ်။

တရုတ်က သူတို့အနေနဲ့ "မိစ္ဆာအင်အားစု ၃ စု" ဖြစ်တဲ့ ခွဲထွက်ရေးဝါဒ၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒ တွေကို ရှင်ကျန်းပြည်နယ်အတွင်းမှာ တိုက်ဖျက်နေရတယ်လို့ ဆိုပါတယ်။

အဲဒီ တရုတ်ပြည်အနောက်ပိုင်းက ပြည်နယ်မှာ နေထိုင်သူအများစုက ဝိဂါလူမျိုး ၁၁ သန်းပါ။ အဲဒီ သင်တန်းတွေ ပေးနေရတာတွေဟာ အဲဒီ မိစ္ဆာဝါဒတွေကို တိုက်ဖျက်ဖို့အတွက် မရှိမဖြစ်လိုအပ်တာတွေလို့ တရုတ်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း တရုတ်မှာ လွှမ်းမိုးတဲ့ လူများစု ဟန်လူမျိုးတွေ အများအပြား ပြောင်းရွှေ့အခြေချလာကြတာကို ရှင်ကျန်းပြည်နယ်က တွေ့နေရပါတယ်။ ၁၉၉၀ နှစ်တွေ တစ်ဝိုက်ကစပြီး ဟန်လူမျိုး ဆန့်ကျင်ရေးတွေ၊ ခွဲထွက်ရေး လိုလားမှုတွေက အဲဒီ ပြည်နယ်အတွင်းမှာ ပိုထင်ရှားလာခဲ့ပြီး တချို့နေရာတွေမှာ အကြမ်းဖက်တာတွေအထိ ဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရဟာ မွတ်ဆလင်တွေကို ဝက်သား စားဖို့၊ အရက်သောက်ဖို့ ဖိအားပေးပြီး ဝိဂါယဉ်ကျေးမှုကို ဖျက်သိမ်းဖို့ကြိုးစားနေတယ်လို့ လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မစ္စတာ ထရမ့်အစိုးရဟာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က ထွက်တဲ့ ဝါဂွမ်းနဲ့ ချည်တွေ၊ ခရမ်းချဉ်သီးတွေကို တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ရှင်ကျန်းကနေ ကမ္ဘာ့ ဝါဂွမ်းထုတ်လုပ်မှု ၅ ပုံ ၁ ပုံ နီးပါးလောက်ကို ထုတ်လုပ်နေကြောင်း အမေရိကန်က ခန့်မှန်းပါတယ်။

အထူးသဖြင့် ရှင်ကျန်းက ဝါဂွမ်းနဲ့ ချည်ထည်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ထိန်းသိမ်းရေးစခန်းထဲက ဝိဂါတွေကို အတင်းအဓမ္မအလုပ်စေခိုင်းနေတယ်လို့ တရုတ်အစိုးရအပေါ် အကျယ်အပြန့် စွပ်စွဲနေကြတာပါ။

ဘီဘီစီက ၂၀၁၉ ခုနှစ်အတွင်း စုံစမ်းလေ့လာ သတင်းပေးပို့ချက်တွေအရ ရှင်ကျန်းက ကလေးသူငယ်တွေဟာ သူတို့ မိဘတွေနဲ့ ခွဲထုတ်တာခံနေရသလို၊ သူတို့ရဲ့ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့လည်း ခွဲထုတ်ခံနေကြရတာကို သိရပါတယ်။

ဝိဂါအမျိုးသမီးတွေဟာ အတင်းအမ္မ သန္ဓေတားတာကို ခံနေရတယ်လို့လည်း မကြာသေးခင်ကာလက ထုတ်ပြန်ခဲ့တဲ့ သုတေသနတွေ့ရှိချက် တစ်ခုမှာ ဖော်ပြထားပါတယ်။

တရုတ်ကတော့ ရှင်ကျန်းမှာ ဖိအားပေးပြီး သားကြောဖြတ်တာတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55734976

တရုတ်ဟာ 'ဝိဂါလူမျိုးပြုန်းအောင်လုပ်နေတယ်'လို့ အမေရိကန်ကပြော  တရုတ်ဟာ 'ဝိဂါလူမျိုးပြုန်းအောင်လုပ်နေတယ်'လို့ အမေရိကန်ကပြော Reviewed by THITHTOOLWIN on 00:55 Rating: 5

No comments:

Powered by Blogger.