နယ်စပ်ကုန်သွယ်ရေးတွေပြန်စဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင်

နယ်စပ်ကုန်သွယ်ရေးဂိတ်မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ - ခွာညိုသစ်သီးပွဲရုံ)

ကိုဗစ်ကပ်ရောဂါကြောင့် တနှစ်နီးပါး ကန့်သတ်ချက်တွေ ကြုံနေရတဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပုံမှန်ပြန်စနိုင်အောင် မြန်မာတာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာ- အိန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပိတ်ထားခဲ့ရတာကြောင့် မှောင်ခိုအရောင်းအဝယ်က လွဲလို့ ရပ်ဆိုင်းနေတဲ့အတွက် တိုင်းအစိုးရနဲ့ မကြာခင် ဆွေးနွေးသွားမယ်လို့ ကလေး- တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြတဲ့အခါမှာတော့ အိန္ဒိယဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်မားနေသေးတဲ့အတွက် စနစ်တကျလုပ်ဖို့ ပြန်လည်ညွှန်ကြားထားကြောင်း ပြောပါတယ်။

“စီးပွားကူးသန်းဝန်ကြီးက ကျနော့ကိုပြောပါတယ်။ တိုင်းဒေသကြီး အစိုးရရယ် ကျနော်တို့ရယ်၊ သူရယ်၊ အစည်းအဝေး လုပ်ကြရအောင် အဲဒါလုပ်ပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပြီးမှ ဆက်ပြီးလုပ်ကြတာပေါ့ ခဏစောင့်ပါဆိုပြီး ပြောလို့ ကျနော်စောင့်နေတာပေါ့။ ဘာလုပ်ရမလဲဆိုတာ ဒီတပတ်မှ ဆုံးဖြတ်ဖို့ရှိတယ်။ ဆွေးနွေးပြီး လုပ်ခွင့်ပေးမှ ဟိုဘက်နိုင်ငံကို ကျနော်တို့က လုပ်လို့ရပြီ ခင်ဗျားတို့ဘက်က အဆင်သင့်ဖြစ်လားဆိုပြီး၊ သူတို့ကလည်း မဏိပူဝန်ကြီးကတော့ ဖွင့်ချင်တယ်လို့ ပြောတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ကိုဗစ်ကာကွယ်ရေး ဗဟို ကော်မတီကို တင်ပြတဲ့အခါမှာ အိန္ဒိယဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်မားနေသေးတဲ့အတွက် စနစ်တကျလုပ်ဖို့ ပြန်လည်ညွှန်ကြားထားကြောင်း ပြောပါတယ်။

မြန်မာအစိုးရ စာရင်းအတိုင်းဆိုရင် တမူးနယ်စပ် အိန္ဒိယ- မြန်မာ ကုန်သွယ်မှုပမာဏက ၂၀၁၈- ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရှိပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ၄၁ သန်းကျော်ပဲရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့နယ်စပ် မူဆယ် ၁၀၅ မိုင်မှာလည်း တရုတ်နိုင်ငံဘက်က ကျန်းမာရေး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာကြောင့် အပြည့်အဝ ကုန်သွယ်မှုတွေ မလုပ်နိုင်ဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့လည်း ဒီနေ့ အင်္ဂါနေ့မှာပဲ အဓိက ကုန်သွယ်ဂိတ်တခုဖြစ်တဲ့ မန်ဝိန်းဂိတ်ကို တရုတ်နိုင်ငံက ၂၄ နာရီ စမ်းသပ်ဖွင့်ပေးလိုက်ပြီး နှစ်ဘက်စလုံးက အခြေအနေ စောင့်ကြည့်နေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“မူဆယ် ဆန်စပါးအသင်းက ကိုယ်စားလှယ်ပါတယ်။ သကြားအသင်း ကိုယ်စားလှယ်ပါတယ်၊ ပဲပြောင်းနှမ်းက ပါတယ်၊ သစ်သီးကပါတယ်။ ရေထွက်ပစ္စည်း ကိုယ်စားလှယ် တယောက်ပါတယ်၊ ယာဉ်ထိန်းရဲအဖွဲ့ပါတယ်။ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အခြားအဖွဲ့အစည်းတွေလည်း ကြီးကြပ်နေပြီပေါ့ ၁၀ ရက်တာ ကာလကို။ လောလောဆယ် သူက ဒီဂိတ်ပေါက်ကို ကြည့်မယ်။ ၁၀ ရက်တာကို စမ်းသပ်လို့ အောင်မြင်ရင် တခြားပိတ်ထားတဲ့ အပေါက်တွေကိုလည်း သူ ကြည့်ပြီးဖွင့်ပေးမယ်၊ အချိန်တိုးမြှင့်ပေးသင့်ပေးမယ်။ အဲဒီလိုမျိုးတော့ သူတို့က တို့ကို အကြောင်းကြားထားပါတယ်။”

မူဆယ်နယ်စပ် မြန်မာ- တရုတ် ကုန်သွယ်မှုပမာဏက ၂၀၁၈- ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ကျော်ရှိပြီး ၂၀၁၉- ၂၀၂၀ မှာတော့ သန်း ၄,၈၀၀ ကျော်ရှိတယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မြဝတီနယ်စပ်မှာလည်း ပြီးခဲ့တဲ့နှစ်ထဲ ကန့်သတ်ချက်တွေ ရှိခဲ့ပေမဲ့ အခုတော့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ နေ့တိုင်းအပြန်အလှန် ကုန်သွယ်မှု ရှိနေပါတယ်။ နှစ်သစ်ကူး အလုပ်နားထားကြတာကလွဲလို့ ပုံမှန် အခြေအနေနီးပါး ပြန်ရောက်နေကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

“မနေ့ကစပြီး run ကြတာပေါ့။ ပုံမှန်ဆိုပေမဲ့လည်း နည်းကြတာပေါ့။ အခုမှ အရှိန်ယူတုန်းပဲ၊ ဒီကပို့ကုန်ကတော့ အရင်အတိုင်းပါပဲ။ ရေထွက်ပစ္စည်းတွေ ရှိမယ်၊ ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကြက်သွန်တို့၊ ငရုပ်သီးတို့၊ အဲဒါတွေပဲ။ ဟိုဘက်ကတော့ စားသောက်ကုန်ရယ်၊ လူသုံးကုန်ရယ်၊ စိုက်ပျိုးရေးပေါ့ လယ်ယာသုံး ပစ္စည်းတို၊့ ဘာတို့ပေါ့.. အဲဒါတွေ၊ နောက်ဆေးပစ္စည်းရှိမယ်။ လူအဝင်အထွက်တော့ မပေးသေးဘူး။”

အဓိကပို့ကုန်တခုဖြစ်တဲ့ ပြောင်းစေ့ကတော့ ဖေဖော်ဝါရီလလောက် ထိုင်းနိုင်ငံဘက်က ခွဲတမ်းပေးမှပဲ တင်ပို့ခွင့်ရမယ်လို့ သူကပြောပါတယ်။

မြန်မာအစိုးရ ကိန်းဂဏန်းတွေအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံးက နယ်စပ်စခန်း ၁၈ ခုကနေ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇,၀၀၀ ကျော်တင်ပို့ထားပြီး အပြန်အလှန် ကုန်သွယ်မှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိပါတယ်။

အစိုးရစာရင်းတွေအရ ၂၀၁၉- ၂၀၂၀ ထဲမှာ ကုန်သွယ်မှု လိုငွေပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ထက် များခဲ့တာပါ။ အစိုးရအနေနဲ့ လိုငွေလျော့ကျအောင် လုပ်နေပေမဲ့ ပြည်တွင်းသုံးစွဲမှု တက်လာတာ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေအတွက် ပြည်ပကနေ ကုန်ကြမ်းပိုပြီး သွင်းလာရတာ ဒီအခြေအနေတွေကြောင့် လက်တွေ့မှာ ခက်ခဲနေသေးတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ထောက်ပြနေတာလည်း ရှိပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/myanmar-border-trade/5725108.html

နယ်စပ်ကုန်သွယ်ရေးတွေပြန်စဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင် နယ်စပ်ကုန်သွယ်ရေးတွေပြန်စဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင် Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.