ကိုရိုနာဗိုင်းရပ်စ် - လေဟာပြင်မှာ နှာခေါင်းစည်း မတပ်ရင် ကိုဗစ်ကူးနိုင်ခြေ ဘယ်လောက်ရှိသလဲ

ရာသီဥတုအေးတဲ့ အချိန်တွေမှာ ကိုဗစ်ရောဂါပိုးတွေက ပိုပြီး ကြာကြာရှိနိုင်တဲ့ ပြဿနာလည်း ရှိ

ကိုရိုနာဗိုင်းရပ်စ်ဟာ အမိုးအကာ အရံအတားတွေရှိတဲ့ နေရာတွေမှာ ပိုပြီး ကူးစက်နိုင်ခြေရှိပေမယ့် လော့ခ်ဒေါင်းကာလမှာ အိမ်အပြင်ဘက် လေ့ကျင့်ခန်း လုပ်ဖို့အတွက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ တချို့က တွေ့ဆုံတတ်ကြပါတယ်။

ဒါပေမဲ့ အသိမိတ်ဆွေတယောက်နဲ့ လမ်းလေလျှောက်သွားတဲ့အခါ ဘယ်လို အန္တရာယ်တွေ ရှိနိုင်မလဲ။ အပြေးလေ့ကျင့်နေသူ ဒါမှမဟုတ် ဘတ်စ်ကားမှတ်တိုင် အမိုးအကာအောက်မှာ မိုးလာခိုကြတဲ့ လူတွေဆီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ရှိပါသလား။

ကိုရိုနာဗိုင်းရပ်စ်ဟာ အမိုးအကာ အရံအတား ရှိတဲ့ နေရာတွေဖြစ်တဲ့ အိမ်၊ ဆိုင်၊ ရုံးနဲ့ အများသုံး ပို့ဆောင်ရေးယာဉ် တို့အတွင်းမှာဆိုရင် လူအချင်းချင်း ပိုပြီး ကူးနိုင်တယ်ဆိုတာ ပညာရှင်တွေ အတည်ပြုပြီးသား ဖြစ်ပေမယ့် လေဟာပြင်မှာ နှာခေါင်းစည်း မတပ်ရင် ကိုဗစ်ကူးနိုင်ခြေ ဘယ်လောက်ရှိမလဲဆိုတာကတော့ တိတိကျကျ သုတေသန မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

ဥပမာအားဖြင့် ကိုဗစ် ကျယ်ကျယ်ပြန့်ပြန့် အဓိက ဖြစ်ပွားတဲ့ ဥရောပနိုင်ငံတွေက နှာခေါင်းစည်း တပ်ခြင်းဆိုင်ရာ စည်းကမ်းတွေမှာ လေဟာပြင်မှာဆိုရင် ပုံမှန်အားဖြင့် နှာခေါင်းစည်း တပ်ဖို့ ကန့်သတ်ချက် မရှိပေမယ့် တချို့နိုင်ငံတွေမှာဆိုရင် လေဟာပြင် ဖြစ်ပေမယ့်လည်း လူလူချင်း နှစ် မီတာ ( ခြောက်ပေခွဲ ) ခွာပြီး နေလို့မရလောက်အောင် လူထူထပ်မယ်ဆိုရင် နှာခေါင်းစည်း တပ်ရတယ်မယ်ဆိုပြီး စည်းကမ်း ထုတ်ထားကြပါတယ်။

ဒါပေမယ့် ဒီလို လေဟာပြင်နဲ့ ပတ်သက်တဲ့ နှာခေါင်းစည်းတပ်ဖို့ လိုအပ်ချက် စည်းကမ်းမထုတ်တဲ့ နိုင်ငံတွေလည်း ရှိနေပြီး ဥပမာအားဖြင့် ယူကေနိုင်ငံမှာဆိုရင် လူအသွားအလာ ထူထပ်တဲ့ နေရာတိုင်းမှာ နှာခေါင်းစည်း တပ်ဖို့ တိုက်တွန်းချက် ထုတ်ထားပေမယ့် လေဟာပြင်မှာ နှာခေါင်းစည်းတပ်ရမယ့် အခြေအနေနဲ့ ပတ်သက်လို့ တိကျတဲ့ စည်းကမ်း ရှိမထားပါဘူး။

လေဟာပြင်မှာလည်း ကိုဗစ် ကူးနိုင်ခြေ ရှိတယ်လို့ သုတေသီတွေက ဆိုပေမယ့် အမိုးအကာ အရံအတားတွေ အောက်က နေရာတွေမှာထက်စာရင် ကူးနိုင်ခြေ အများကြီး နည်းပါတယ်။

လေဟာပြင်က လေကောင်းလေသန့်တွေကြောင့် လေထုတွင်း ကိုဗစ် ပိုးတွေ ရှိရင်တောင် တနေရာတည်းမှာ သိပ်သိပ်သည်းသည်း စုစည်းမနေနိုင်တဲ့အပြင် အဝေးကို လွင့်သွားဖို့ လွယ်ကူတာတွေကြောင့်လည်း အခုလို ကူးနိုင်ခြေ နည်းတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ပိုးတွေ ပါနေနိုင်တဲ့ ရေမှုန် အသေးလေးတွေဟာလည်း လေဟာပြင်မှာ အငွေ့ပြန်သွားဖို့ လွယ်ကူပါတယ်။

ဒါတင်မကသေးပဲ လေဟာပြင်မှာ နေက ရတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အပြင်မှာရှိတဲ့ ဘယ်ဗိုင်းရပ်စ်ကို မဆို သေအောင် သတ်နိုင်ပါတယ်။

ဒါပေမယ့် အပြင်ဘက်မှာလည်း ဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိတယ်လို့ ယူဆနိုင်တဲ့ အဖြစ်အပျက်တချို့လည်း ရှိပါတယ်။

အနည်းဆုံး ၁၅ မိနစ် မျက်နှာချင်းဆိုင် စကားပြောဆိုကြတဲ့ တရုတ်နိုင်ငံက အမျိုးသားနှစ်ဦးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေရှိတယ်ဆိုတာကို လေ့လာမှုတခုမှာ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် လေဟာပြင်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝမကူးစက်နိုင်တာတော့ မဟုတ်ပါဘူး။

လူတယောက်ဟာ အထူးသဖြင့် ရောဂါလက္ခဏာမပြဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကာလမှာ သူအသက်ရှူတာကနေပဲ အဲဒီ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့စေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အဲဒီလူက ချောင်းဆိုး၊ နှာချေလိုက်ပြီဆိုရင်တော့ ဒီပိုးပျံ့နှံ့မှုက ပိုများသွားတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုးတချို့ဟာ ချောင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ တံတွေးစက်အမှုန်ကလေးတွေနဲ့ အတူ ပါလာတာ ဖြစ်ပါတယ်။

အဲဒီရေမှုန်အများစုဟာ မြေပြင်ပေါ်မှာ အလျင်အမြန် ပြန်ကျသွားတတ်ပေမယ့် တချို့ ရေမှုန်တွေက နှစ်မီတာ ( ခြောက်ပေခွဲ ) အကွာလောက်မှာ ရှိနေတဲ့ နောက်တဦးရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ဆီ ရောက်သွားတတ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီ အကွာအဝေးအထိ တယောက်နဲ့တယောက် ကပ်နေမယ်ဆိုရင် မျက်နှာချင်းဆိုင်မနေသင့်ဘူးလို့ အကြံပေးတဲ့ သိပ္ပံပညာရှင်တွေလည်း ရှိပါတယ်။

ကိုဗစ်အကူးခံနေရသူရဲ့ အသက်ရှူ၊ စကားပြော၊ ချောင်းဆိုး၊ နှာချေတာတွေကနေ aerosol လို့ ခေါ်တဲ့ ရေအမှုန်အမွှား အသေးစားလေးတွေလည်း ထွက်လာတတ်ပြီး ကိုဗစ်ပိုးတွေလည်း ပါဝင်နေတတ်ပါတယ်။

အဲဒီ ရေမှုန်လေးတွေကတော့ လေဟာပြင်မှာဆိုရင် လျင်လျင်မြန်မြန်ပဲ ကွဲပျက်သွားတတ်တဲ့အတွက် သိပ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ ရေမှုန်လေးတွေက အမိုးအကာ အရံအတားအောက်မှာ ဆိုရင်တော့ လေထဲမှာ တဖြည်းဖြည်း ပိုစု များပြားလာပြီး ရောဂါပိုး ပြန့်နိုင်ခြေလည်း များလာနိုင်တယ်လို့ ဆိုပါတယ်။

တချို့နိုင်ငံတွေမှာဆိုရင် လေဟာပြင် ဖြစ်ပေမယ့်လည်း လူလူချင်း နှစ် မီတာ ( ခြောက်ပေခွဲ ) ခွာပြီး နေလို့မရလောက်အောင် လူထူထပ်မယ်ဆိုရင် နှာခေါင်းစည်း တပ်ထားရ

လူတယောက်နဲ့တယောက် ဘယ်လောက်ကြာကြာအထိ နီးကပ်တာက ကိုဗစ်ကူးနိုင်သလဲ

လမ်းသွားရင်း အခြားတယောက်ဘေးနားက ဖြတ်သွားရတာ၊ အပြေးလေ့ကျင့်သူတွေ ကိုယ့်နားက ဖြတ်သွားတာမျိုးတွေဟာ စက္ကန့်အနည်းငယ်လောက် နီးနီးကပ်ကပ် ရှိသွားပါတယ်။

"လမ်းပေါ်မှာ တယောက်နဲ့ တယောက် ဖြတ်သွားတဲ့အခါ စိုးရိမ်ထိတ်လန့်တာမျိုး မဖြစ်စေချင်ဘူး" လို့ ဗြိတိန်အစိုးရ အကြံပေးတဦးလည်း ဖြစ်၊ လေထဲက ကူးစက်နိုင်တဲ့ ရောဂါပိုးရေးရာ ကျွမ်းကျင်သူ လိဒ်စ် တက္ကသိုလ်က ပါမောက္ခ ကက်သ် နိုအာကီးစ်က ပြောပါတယ်။

အခုလို ဖြတ်သွားတဲ့ လူတယောက်ဆီကနေ ကူးမိဖို့ဆိုရင် အဲဒီလူက ကိုယ့်နားရောက်မှာ ချောင်းဆိုးလိုက်ချိန်နဲ့ ကိုယ်က အသက်ရှူသွင်းနေတဲ့ အချိန် တပြိုင်တည်းလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားမှသာ ကူးနိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အပြည့်အဝ ဘေးကင်းတယ်လို့ ယူဆပြီး အပြင်မှာ အချိန်အကြာကြီး တွေ့ဆုံကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုတော့ သူက သတိပေးပါတယ်။

နှစ်မီတာ ( ခြောက်ပေခွဲ ပတ်ဝန်းကျင်) အကွာအဝေးအတွင်း မိနစ် ၂၀ နဲ့ အထက် အတူတူ ရှိနေကြတာမျိုးသာမက အပြေးလေ့ကျင့်ရင်း မိနစ် ၂၀ လောက်အထိ ကပ်လျက် တောက်လျောက်ဖြစ်နေတာမျိုး ဆိုရင်လည်း ကိုဗစ်ပိုးရှိသူက မရှိသူဆီကို ကူးနိုင်ခြေ ရှိတယ်လို့ ပါမောက္ခ နိုအာကီးစ်က ပြောပါတယ်။

ကိုဗစ်ကူးနိုင်ခြေမှာ စိတ်မကောင်းစရာ အမှန်တရားတခုကတော့ ကိုယ်နဲ့ သိတဲ့သူတွေဆီက ပြန်ကူးနိုင်ခြေ အများဆုံးဆိုတာပါပဲလို့လည်း သူက ဆိုပါတယ်။

လေဟာပြင်လို့ ဆိုနိုင်ပေမယ့် ဈေးတန်းလို၊ ဘတ်စကားမှတ်တိုင်လို လူထူထပ်ပြီး အရွေ့အလျား သိပ်မရှိတဲ့ နေရာမျိုးတွေနဲ့ အရွေ့အလျားရှိပေမယ့်လည်း လူလျှောက်လမ်းကျဉ်းနဲ့ တန်းစီရတဲ့ နေရာမျိုးတွေမှာ ကိုဗစ်ကူးနိုင်ခြေများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

ဒီလိုနေရာမျိုးတွေမှာ လေတိုက်နှုန်းပါ နှေးသွားပြီး အဲဒီပတ်ဝန်းကျင်က လေထုပါ မသန့်မရှင်း ဖြစ်သွားတတ်တဲ့အတွက်လည်း ကိုဗစ်ကူးနိုင်ခြေ ပိုများသွားတယ်လို့ ဆိုပါတယ်။

လမ်းကျဉ်းတွေ ဒါမှမဟုတ် ဘတ်စ်ကားပေါ်တက်ဖို့ တန်းစီတဲ့အခါမျိုးလို အခြေအနေတွေမှာ နှာခေါင်းစည်းတပ်ဖို့ လိုတယ်လို့ အစိုးရ အကြံပေးတွေက ပြောပါတယ်။

ပန်းခြံထဲက ခုံကနေ ဗိုင်းရပ်စ် ကူးနိုင်လား

ကိုဗစ်ကူးစက်ခံထားရသူတဦးဟာ ချောင်းဆိုး၊ နှာချေရာမှာ လက်နဲ့ကာမိပြီး အဲဒီလက်ကလည်း မျက်နှာပြင်တခုပေါ်ကို သုတ်မိမယ်ဆိုရင် အဲဒီမျက်နှာပြင်ပေါ်မှာ ဗိုင်းရပ်စ်ပိုး နာရီနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။

အမေရိကန်က သုတေသီတွေကတော့ အမှိုက်ပုံး လက်ကိုင်တွေနဲ့ လူကူးမျဉ်းကြားမှာထားတဲ့ ခလုတ်တွေမှာ ကိုဗစ်ပိုးတွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

အခုလို ပိုးတွေ ကပ်နေတဲ့ အခြေအနေမျိုးတွေကြောင့် ကိုဗစ် ပျံ့နှံ့မှုက အခြားပျံ့နှံ့ပုံတွေနဲ့ယှဉ်ရင် နည်းတယ်ဆိုပေမယ့် ရာသီဥတုအေးတဲ့ အချိန်တွေမှာ ဒီရောဂါပိုးတွေက ပိုပြီး ကြာကြာရှိနိုင်တဲ့ ပြဿနာလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ပြဿနာရှိတဲ့အတွက်ကြောင့်လည်း အဆောက်အအုံအတွင်း အပူချိန်လျှော့ထားရတဲ့ အသားထုတ်လုပ်တဲ့ စက်ရုံတွေအတွင်းမှာ လူအများအပြား တပြိုင်တည်းလို ကိုဗစ်အကူးခံရမှုတွေ ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နောက်တခုကတော့ ရာသီဥတု အေးတဲ့အချိန် နှာရည်ယိုတဲ့အတွက် ဒါကို သတိမထားဘဲ လက်နဲ့ သုတ်မိတတ်ကြပါတယ်။

အဲဒီကတဆင့် မျက်နှာပြင်တွေကို ထိမိကိုင်မိတာကြောင့် မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်ပိုးတွေ ရှင်သန်နိုင်ခြေ ပိုများလာတာ ဖြစ်ပါတယ်။

တခါ အေးတဲ့အချိန်ဖြစ်လို့ ဒီရောဂါပိုးက ကြာကြာနေနိုင်တယ်ဆိုတဲ့အတွက် စိုးရိမ်စရာအဖြစ် သိပ္ပံပညာရှင်တွေက ကနဦး ယူဆထားကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းထပ်မံ လေ့လာချက်တွေအရ အခုလို တင်ကျန်နေနိုင်တဲ့ ကိုဗစ်ပိုး ပမာဏက နည်းပါးပြီး ရှိနေတဲ့ ပိုးတွေကလည်း တနာရီ၊ နှစ်နာရီလောက်အတွင်း တဖြည်းဖြည်း လွင့်ပြယ်သွားတတ်တာကို တွေ့ရတယ်လို့ ဆိုကြပြန်ပါတယ်။

အပြေးလေ့ကျင့်ရင်း မိနစ် ၂၀ လောက်အထိ ကပ်လျက် တောက်လေ လျှောက်ဖြစ်နေတာမျိုး ဆိုရင်လည်း ကိုဗစ်ပိုးရှိသူက မရှိသူဆီကို ကူးနိုင်ခြေ ရှိ

ကိုဗစ်ကူးနိုင်ခြေ အများဆုံးက ဘယ်လိုနေရာမှာလဲ

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်လာခဲ့တဲ့ ကာလတလျှောက်မှာ ရရှိခဲ့တဲ့ အထောက်အထားတွေအရ ကူးစက်မှု အများစုဟာ အမိုးအကာ အရံအတားရှိတဲ့ နေရာအတွင်းမှာ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒီလို နေရာတွေမှာ ကူးစက်ပုံကတော့ လူလူချင်း တွေ့ဆုံမှုတွေကနေ ကူးစက်တာဖြစ်ပြီး အချိန်ကြာကြာ အတူရှိနေကြလေ ကူးစက်မှုဖြစ်လေဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ မတူတဲ့ နည်းလမ်းများစွာနဲ့ ကူးစက်ပျံ့နှံ့နိုင်ခြေရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရသူတဦးဆီကနေ ထွက်လာတဲ့ ရေမှုန်လေးတွေဟာ အနီးအနားမှာ ရှိတဲ့ လူတွေဆီကို ရောက်သွားတတ်သလို၊ ဗိုင်းရပ်စ်ပိုး ရှင်သန်နေတဲ့ မျက်နှာပြင်ကို ထိမိတဲ့ သူတွေကလည်း ပိုးကူးစက်ခံရနိုင်ပါတယ်။

တခါ အခန်းတွေဟာ မွန်းကြပ်ပြီး လေကောင်းလေသန့်မရဘူးဆိုရင် သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုး အမှုန်အဝါးလေးတွေဟာ လေထဲမှာ စုစည်းနိုင်ပြီး အသက်ရှူလိုက်တဲ့အခါ ဒီပိုးတွေ ပါလာတတ်ပါတယ်။

ဒါကြောင့် တအိမ်တည်း အတူနေ အိမ်သူအိမ်သားတွေ အချင်းချင်းကြားမှာ ဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်နိုင်ခြေ ရှိပါတယ်။

အခုလတ်တလော တွေ့ရှိထားတဲ့ ကိုဗစ်ပိုး မျိုးကွဲတွေဆိုရင် တအိမ်တည်းအတူနေသူတွေမှာ အချင်းချင်း အတော် အကူးမြန်တာကို တွေ့ခဲ့ရပြီး အခုလို အမိုးကော၊ နံရံကော အပိတ်အနေအထားရှိတဲ့ နေရာတွေမှာ ဒီပိုးရှိသူတွေ အသက်ရှူ၊ ချောင်းဆိုး နှာချေတာတွေကနေ ထွက်လာတဲ့ ရောဂါပိုးပါတဲ့ အမှုန်တွေက ပိုမို သိပ်သည်းစုဝေးလာပြီး ရှိနေတဲ့ အရာဝတ္ထုတွေပေါ်မှာလည်း တင်ကျန်နိုင်ခြေ ပိုရှိလာလို့ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ရောဂါပိုးတွေဟာ မျိုးကွဲများစွာ ထွက်လာတတ်တာ သဘာဝ ဖြစ်ပေမယ့် ဒီမျိုးကွဲတွေထဲမှာ ပိုပြီး ကူးစက်ဖို့ လွယ်ကူတဲ့ ကိုဗစ်မျိုးကွဲတွေ တွေ့ရှိလာရတဲ့အတွက် အများပြည်သူတွေ အနေနဲ့ အမိုးအကာ အရံအတားရှိတဲ့နေရာတွေမှာသာမက လေဟာပြင် နေရာတွေမှာလည်း လူချင်းခွာပြီးနေတာ၊ လက်ပုံမှန် ပြန်ဆေးတာ အစရှိတဲ့ ရောဂါ မပြန့်ပွားရေး လုပ်ဆောင်ဖွယ်ရာတွေကို ပိုမို သတိထား လိုက်နာကြဖို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55742131

ကိုရိုနာဗိုင်းရပ်စ် - လေဟာပြင်မှာ နှာခေါင်းစည်း မတပ်ရင် ကိုဗစ်ကူးနိုင်ခြေ ဘယ်လောက်ရှိသလဲ  ကိုရိုနာဗိုင်းရပ်စ် - လေဟာပြင်မှာ နှာခေါင်းစည်း မတပ်ရင် ကိုဗစ်ကူးနိုင်ခြေ ဘယ်လောက်ရှိသလဲ Reviewed by THITHTOOLWIN on 00:56 Rating: 5

No comments:

Powered by Blogger.