အီရန်က သိမ်းပိုက်ထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောအရေး

တောင်ကိုရီးယား အလံတင် ရေနံတင်သင်္ဘောကို အီရန် တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ထား

တောင်ကိုရီးယားဟာ အီရန်တို့ဖမ်းဆီးသိမ်းပိုက်ထားတဲ့ ရေနံတင်သင်္ဘောပြန်လည် လွတ်မြောက်လာနိုင်ရေးအတွက် ကြိုးပမ်းနေပါတယ်။

ရေနံတင်သင်္ဘော အမ်တီ ဟန်ကွတ် ချမ်မီ MT Hankuk Chemi ကို အီရန်တပ်ဖွဲ့ဝင်တွေက ဟော်မုဇ်ရေလက်ကြား အနီးမှာ ဖမ်းဆီးသိမ်းပိုက်သွားခဲ့ပြီး သင်္ဘောပေါ်က ဝန်ထမ်း အယောက် ၂၀ ကိုလည်း ထိန်းသိမ်းထားပါတယ်။

ဒီသင်္ဘောဟာ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီရန်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေအရ တောင်ကိုရီးယား ဘဏ်တွေက သူတို့ဘဏ်တွေမှာရှိတဲ့ အီရန်ပိုင် ငွေတွေ (ဒေါ်လာ ၇ ဘီလျံ ပမာဏရှိတယ်လို့ ဆိုကြပါတယ်) ကိုထိန်းချုပ်လိုက်တဲ့အပေါ် အီရန်နဲ့တောင်ကိုရီးယားအကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ အခုအဖြစ်အပျက် ဖြစ်ပေါ်လာတာပါ။

ငွေကြေးထိန်းချုပ်မှုအရေးနဲ့ပတ်သက်ပြီး တောင်ကိုရီးယားက ထိပ်တန်းအရာရှိတစ်ယောက် အီရန်ကို လာမယ့်ရက်ပိုင်းအတွင်း လာဖို့အစီအစဉ်လုပ်ထားချိန်မှာပဲ အခုလို ရေနံတင် သင်္ဘော အရေး ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရအရာရှိ တစ်ယောက် ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုင်ဂျွန်ကွမ်ရဲ့ ခရီးစဉ် စီစဉ်ထားတဲ့အတိုင်း ဆက်ပြီးလုပ်သွားမယ် မလုပ်တော့ဘူးဆိုတာ အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မရှိသေးဘူး ဆိုတာ သိရပါတယ်။

ဒီလိုအချိန်အတွင်းမှာပဲ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန် ဂျုမ်ဟွာက ရေနံတင် သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေ လွတ်မြောက်ရေးအတွက် သံတမန်ရေးနည်းလမ်းတွေ သုံးကာ အားစိုက်ဆောင်ရွက်သွားမယ့်အကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

"တောင်ကိုရီးယားမှာရှိတဲ့ အီရန် သံရုံးနဲ့ အီရန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးတို့က တဆင့် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို စုံစမ်းနေပါတယ်၊ ဒီအခြေအနေကို ဖြေရှင်းနိုင်အောင် ဆက်ပြီးအားထုတ်နေပါတယ်" လို့ မစ္စ ကန်က Yonhap သတင်းဌာနကို ပြောပါတယ်။

သင်္ဘောဝန်ထမ်းတွေထဲမှာ တောင်ကိုရီးယားက အပြင် အင်ဒိုနီးရှား၊ မြန်မာနဲ့ ဗီယက်နမ် က ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ဟော်မုဇ်ရေလက်ကြားနားကို သူတို့ရဲ့ ပင်လယ်ဓားပြတိုက်ဖျက်ရေး တပ်ဖွဲ့ကိုစေလွှတ်ထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သင်္ဘောကို သိမ်းထားတဲ့ကိစ္စက "စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ သက်သက်ဖြစ်ပြီး ပင်လယ်ညစ်ညမ်းမှုဖြစ်စေတဲ့အတွက်ကြောင့်" လို့ ရေးထားပါတယ်။

သင်္ဘောကုမ္ပဏီကသူတို့ သင်္ဘောက ပင်လယ်ရေညစ်ညမ်းအောင် လုပ်တာမျိုးမရှိခဲ့ဘူး လို့ ငြင်းဆိုထားပါတယ်။

ဒီသေနင်္ဂဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားမှာ အီရန်က ရေနံတင်သင်္ဘောတွေကို ပစ်ခတ်တာ၊ သိမ်းပိုက်တာတွေ ရှိခဲ့ဖူးပြီး တစ်နှစ်ကျော်လောက်ကာလအတွင်း ဒါဟာ သင်္ဘောကြီး တစ်စင်းကို အီရန်တို့ ပထမဆုံး သိမ်းပိုက်ထားတဲ့အရေး ဖြစ်ပါတယ်။

သေနင်္ဂဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား

မြေပုံ

ဟော်မုဇ်ရေလက်ကြားဟာ သိပ်မကျယ်ပြန့်ပေမယ့် ကမ္ဘာမှာ အရေးအပါဆုံးသော သင်္ဘောလမ်းကြောင်းတွေထဲက တစ်ကြောင်းပါ။

၉၆ မိုင်ရှည်လျားပြီး အကျဉ်းဆုံးနေရာမှာ ရေလက်ကြားအကျယ်က ၂၁ မိုင်ပဲ ရှိကာ အဲဒီနေရာမှာ သင်္ဘောတွေလာမယ်ဆိုရင် အဝင်အထွက် သင်္ဘောလမ်းကြောင်း ၂ ခုမှာ တစ်ကြောင်းစီက ၂ မိုင်သာ ကျယ်ပါတယ်။

ဒီရေလက်ကြားရဲ့ မြောက်ဘက်မှာ အီရန်၊ တောင်ဘက်မှာ အိုမန်နဲ့ ယူအေအီး အာရပ်စော်ဘွားများပြည်ထောင်စု တို့ရှိပြီး ဒီရေလက်ကြားက ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အာရေဗျ ပင်လယ်ကို ဆက်ပေးထားတာပါ။

ရေလက်ကြားက ကမ္ဘာ့အကြီးဆုံး ရေနံတင်သင်္ဘောကြီးတွေ ခုတ်မောင်းနိုင်အောင် နက်ပြီး ဒီလမ်းကြောင်းကို အရှေ့အလယ်ပိုင်းက ရေနံနဲ့ ဓာတ်ငွေ့ထုတ် အဓိက နိုင်ငံတွေနဲ့ သူတို့ဆီကနေ ဝယ်ယူတဲ့ နိုင်ငံတွေက အားကိုးအားထားပြုရပါတယ်။

ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံ တစ်ပုံ တနည်းအားဖြင့် တစ်နေ့ တစ်နေ့ကို ရေနံစည် ၂၁ သန်း လောက် ဒီ ဟော်မုဇ်ရေလက်ကြားလမ်းကြောင်းကနေ သယ်ယူကြတာပါ။

ဒီလမ်းကြောင်းကနေ အများစုသော ရေနံတွေ သွားရာနိုင်ငံတွေကတော့ ၂၀၁၈ ခုနှစ်စာရင်းအရ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေပါ။ အမေရိကန်ကလည်း အဲဒီနှစ်က တစ်နေ့ တစ်နေ့ ရေနံစည်ပေါင်း ၁.၄ သန်းကို ဒီဟော်မုဇ်ရေလက်ကြား လမ်းကြောင်းကနေ ယူပါတယ်။

အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်သလား ဆိုတဲ့ အမေးကို ဖြေရရင်တော့ ကုလသမဂ္ဂက ချမှတ်ပေးထားတဲ့ စည်းမျဉ်းကို ပထမဆုံး ကြည့်ရအောင်ပါ။

နိုင်ငံတွေဟာ သူ့ကမ်းရိုးတန်းကနေ ရေမိုင် ၁၂ မိုင် (၁၃.၈ မိုင်)အကွာအထိ ထိန်းချုပ်နိုင်တယ်လို့ ကုလသမဂ္ဂက စည်းမျဉ်းချမှတ်ထားပါတယ်။

ဟော်မုဇ်ရေလက်ကြားဆိုရင် သူ့ရဲ့ အကျဉ်းဆုံးနေရာမှာ ရေလက်ကြားနဲ့ သင်္ဘောတွေသွားရာ ရေလမ်းကြောင်းက အီရန်နဲ့ အိုမန်တို့ရဲ့ ရေပိုက်နက်ထဲကို လုံးလုံးလျားလျား ရှိနေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55547534

အီရန်က သိမ်းပိုက်ထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောအရေး  အီရန်က သိမ်းပိုက်ထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောအရေး Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.