ဗြိတိန်က သူ့နိုင်ငံသားတွေအတွက် ဖယ်ထားတဲ့ သန်းပေါင်း ဆယ်ဂဏန်းချီ တဲ့ AstraZeneca ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို သူတို့ကို ပေးဖို့ အီးယူဥရောပ သမဂ္ဂရဲ့ တောင်းဆိုမှုကနေ ဗြိတိန်နဲ့ အီးယူကြား ကာကွယ်ဆေးဆိုင်ရာ စစ်ပွဲ စတင်ခဲ့ပါတယ်။ ဒီလို ဗြိတိန်က သူ့နိုင်ငံအတွက် ဖယ်ထားတာကြောင့် AstraZeneca ဆေးကုမ္ပဏီက အီးယူဥရောပသမဂ္ဂကို ပို့ပေးဖို့ ကတိပေးထားတဲ့ ဆေးပမာဏအတိုင်း မပေးနိုင်ဖြစ်နေတာ လို့လည်း အီးယူက ပြောပါတယ်။
ဒီရောဂါ ကာကွယ်ဆေးကို ကိုယ့်နိုင်ငံအတွက်ပဲ ကိုယ့်ကြည့်တာဟာ အန္တရာယ်ကြီးတယ်လို့ ထောက်ပြနေကြချိန်မှာ အခုလို ပြဿနာပေါ်လာတာလည်း ဖြစ်ပါတယ်။
AstraZeneca ကုမ္ပဏီ က မတ်လ မကုန်ခင်မှာ အီးယူကို ကာကွယ်ဆေး သန်း ၈၀ ပေးရမှာ ဖြစ်ပေမယ့် အခု ၃၁ သန်းပဲ ပေးနိုင်တော့မယ်လို့ ကြေညာခဲ့တာပါ။
AstraZeneca က သူတို့ရဲ့ ကတိအတိုင်း ဆေးပို့မပေးနိုင်တာဟာ စတင်ကတည်းက အဆင်မပြေမှုတွေနဲ့ ကြုံနေရတဲ့ အီးယူရဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်အတွက် အခြေနေပိုဆိုးလာစေပြီး အမေရိကန် ၁၀၀ မှာ ၇ ယောက်၊ ဗြိတိန်က ၁၁ ယောက် ကို ဆေးထိုးပေးနိုင်ချိန်မှာ ဥရောပမှာတော့ လူတရာမှာ ၂ ယောက်နှုန်းသာ ဆေးထိုး ပေးနိုင်တဲ့ အနေထား ဖြစ်နေတာပါ။
ဆေးကုမ္ပဏီနဲ့ အီးယူတို့ကြား ဖြစ်ပွါးနေတဲ့ ပြဿနာဟာ ကြာသပတေးနေ့မှာတော့ အီးယူရဲ့ တောင်းဆိုမှုနဲ့ အတူ နိုင်ငံရေး အသွင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ အသက် ၆၅ နှစ် အထက်တွေကို AstraZeneca ရဲ့ကာကွယ်ဆေးထိုးမပေးသင့်ဘူးလို့ ဂျာမဏီနိုင်ငံက ပြောကြားခဲ့တာ ဖြစ်ပြီး ဒါကိုတော့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလက်မခံ ပယ်ချခဲ့ပါတယ်။
ဗြိတိန် MHRA ရဲ့ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်ကမ်း သတ်မှတ်သူတွေက Oxford – AstraZeneca ကာကွယ်ဆေးဟာ ပထမ တကြိမ်ထိုးပြီးချိန်မှာတင် ထိထိရောက်ရောက် အကာကွယ်ပေးနိုင်စွမ်းရှိပြီး ဒုတိယအကြိမ်ထိုးပြီးရင်တော့ ပိုပြီးတော့တောင် ကောင်းတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ကြောင်း ပြောသွားတာပါ။ ဒါ့အပြင် အသက် အလိုက်စမ်းသပ်မှုတွေကို ကြည့်ပြီး ဒီကာကွယ်ဆေးဟာ အုပ်စုအားလုံး အတွက် ထိရောက်ပြီး ခုခံနိုင်စွမ်းကောင်းကောင်းရစေတာ တွေ့ရတဲ့အတွက် ဂျာမဏီရဲ့ ပြောကြားချက်ကို သူလက်မခံကြောင်း ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
No comments:
Post a Comment