အမေရိကန် တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်က ဆီးနိတ်လွှတ်တော် နေရာ နှစ်နေရာအတွက် တစ်ကြော့ပြန် ရွေးကောက်ပွဲကို အားလုံးက စောင့်ကြည့်နေကြပါပြီ။
အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ရဲ့ အနာဂတ်ကို အဆုံးဖြတ်ပေးမယ့် နေရာတွေကို ရွေးကောက်မှာ ဖြစ်ပြီး အဲဒါက ဂျိုးဘိုင်ဒန် အစိုးရ ဘယ်လို လည်ပတ်မလဲ ဆိုတာအတွက်လည်း အများကြီး သက်ဆိုင်နေလို့ပါ။
ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သိသင့်တာတွေက ဘာတွေပါလဲ။
နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက အဖြေ ပြတ်ပြတ်သားသား မထွက်ခဲ့တဲ့ နေရာ နှစ်နေရာ အတွက် ပြန်ပြီး ရွေးကောက်ပွဲ ပြန်လုပ်တာ ဖြစ်ပြီး ကြိုတင်မဲတွေကို သီတင်းပတ်တွေချီ ပေးနေခဲ့ပါပြီ။
ဒီရလဒ်က တက်လာမယ့် ဒီမိုကရက် သမ္မတ ဂျိုးဘိုင်ဒန် သူ့ရဲ့ သမ္မတ ပထမ သက်တမ်းကို အောင်မြင်အောင် လုပ်နိုင်မလားဆိုတာအတွက် အင်မတန် အရေးပါပါတယ်။
ဆိုတော့ ဒါက နောက်ထပ် အမေရိကန် ရွေးကောက်ပွဲလား။ နိုဝင်ဘာမှာတုန်းကမှ ရွေးကောက်ပွဲ လုပ်ထားတာလေလို့ မေးစရာ ရှိလာပါတယ်။
ဟုတ်ပါတယ်။ ပြန်ကြည့်ကြပါမယ်။
ဘာလို့ ဂျော်ဂျီယာ ရွေးကောက်ပွဲ ပြန်လုပ်ရတာလဲ
ပြည်နယ် စည်းမျဥ်းတွေအရ ကိုယ်စားလှယ်လောင်းတစ်ယောက် အနိုင်ရဖို့ မဲ ၅၀ ရာခိုင်နှုန်း ရဖို့လိုပြီး နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဘယ်သူမှ အဲဒီလောက် မရခဲ့ကြလို့ ဒီလို ပြန်လုပ်ရတာပါ။
အဲဒါကြောင့် ဝင်ပြိုင်ကြသူတွေထဲက မဲအများဆုံး ရခဲ့တဲ့ နှစ်ယောက်က ဇန်နဝါရီ ၅ ရက်မှာ နောက်တစ်ကြော့ ထပ်ပြိုင်ရတာပါ။
ဘယ်သူတွေ ပြိုင်ကြသလဲ
ဒီမိုကရက် အမတ်လောင်း နှစ်ယောက် ရာဖီလ် ဝေါနော့ခ် (ဘယ်) နဲ့ ဂျွန် အော့ဆော့ဖ် (ညာ)နှစ်နေရာစာ ပြန်ပြိုင်ကြရတာ ဖြစ်ပြီး နှစ်နေရာစလုံးမှာ လက်ရှိ ရီပတ်ဘလစ်ကန် အမတ်တွေကို ဒီမိုကရက် လူသစ်တွေက ယှဥ်ပြိုင်တာပါ။
ဆီးနိတ် အမတ် ဒေးဗစ် ပါဒူး (၇၀ နှစ်) နဲ့ ဂျွန် အော့ဆော့ဖ် (၃၃ နှစ်)
မစ္စတာ ပါဒူးက ဂျော်ဂျီယာ ဆီးနိတ်အမတ်တာဝန်ကို၂၀၁၅ ကတည်းက ထမ်းဆောင်လာတာပါ။Reebok ကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း ဖြစ်ပြီး ဒေါ်နယ်ထရမ့်ကို အခုချိန်ထိ တောက်လျှောက် ထောက်ခံအားပေးသူ ဖြစ်ပါတယ်။
မစ္စတာ အော့ဆော့ဖ်က ထိပ်တန်းလူ့အခွင့်အရေးသမား ဂျွန်လူးဝစ်ရဲ့ ထောက်ခံမှုနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ယှဥ်ပြိုင်မှုကို စခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းရုပ်ရှင် ကုမ္ပဏီ Insight TWI ကို ဦးဆောင်မှု မတိုင်ခင်က အက်တလန်တာ ဒီမိုကရက်အမတ် ဟန့်ဂျွန်ဆင်ဆီမှာ ငါးနှစ် အလုပ်လုပ်ခဲ့ပါတယ်။
ဆီးနိတ်တာ ကယ်လီ လက်ဖလာ (၅၀ နှစ်) နဲ့ သိက္ခာတော်ရ ရာဖီလ် ဝေါနော့ခ် (၅၁ နှစ်)
ဆီးနိတ်တာ မစ္စ လက်ဖလာ ဟာ နိုင်ငံရေးလောကမှာ မျက်နှာသစ်ပဲ ဖြစ်ပါသေးတယ်။၂၀၁၉ ဒီဇင်ဘာမှာ သက်ဆိုင်ရာ အမတ် နုတ်ထွက်သွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဘရိုင်ယန် ကမ့်က အမည်စာရင်းတင်သွင်းခဲ့သူ ဖြစ်ပါတယ်။သူဟာ ဆီးနိတ် အမတ်တွေထဲမှာ အချမ်းသာဆုံး အမတ်တွေထဲက တစ်ဦးဖြစ်ပြီး အမျိုးသမီး ဘတ်စကက်ဘော WNBA အသင်းတစ်သင်းဖြစ်တဲ့ Atlanta Dream အသင်းကို ပူးတွဲ ပိုင်သူတစ်ဦး ဖြစ်ပါတယ်။
သင်းအုပ်ဆရာ ဝေါနော့ခ်ကတော့ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာ တရားတွေဟောခဲ့ဖူးတဲ့ အက်တလန်တာက အက်ဘန်နီဇာ ဘက်ပတစ် ချပ်ကျောင်းကပါ။ ဒီမိုကရက်ထဲက ထင်ရှားလာတဲ့ စတေစီ အေဘရမ်နဲ့အတူ ဂျော်ဂျီယာ မဲပေးခွင့်ရရေး လှုပ်ရှားမှု လုပ်ခဲ့သူပါ။
ရီပတ်ဘလစ်ကန် ဆီးနိတ်တ အမတ်တွေဖြစ်တဲ့ ကယ်လီ လက်ဖလာ နဲ့ ဒေးဗစ် ပါဒူးဘာလို့ ဂျော်ဂျီယာ ရွေးကောက်ပွဲ အရေးကြီးတာလဲ
အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်ထားတာ ၂၀၁၄ ကတည်းကပါ။
ဥပဒေတွေ အတည်ပြုဖို့၊ အစိုးရအဖွဲ့ခန့်အပ်တာ အတည်ပြုဖို့၊ တရားရုံးချုပ် တရားသူကြီးတွေ ခန့်အပ်ဖို့ လုပ်ဆောင်တာတွေ အတွက် ဆီးနိတ်ကို ကျော်ဖြတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
အခုလက်ရှိ အမတ်နေရာ ၁၀၀ မှာ ရီပတ်ဘလစ်ကန်တွေက ၅၂ နေရာ ရထားတာမို့ ဒီနှစ်နေရာကို ဒီမိုကရက်တွေ ရခဲ့ရင် လွှတ်တော်ထဲမှာ ၅၀-၅၀ ဖြစ်သွားမှာပါ။
တကယ်တမ်း အတိအကျ ပြောရရင် လက်ရှိမှာ ဆီးနိတ်မှာ ဒီမိုကရက် အမတ် ၄၆ ယောက်နဲ့ အများအားဖြင့် ဒီမိုကရက်ဘက်ယိမ်းတဲ့ တစ်သီးပုဂ္ဂလ အမတ် နှစ်ယောက် ရှိနေတာပါ။ ဒါကြောင့် ဒီမိုကရက်ဘက်က ဒီနှစ်နေရာကို ရရင် ၅၀-၅၀ လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မဲညီမျှနေတဲ့အခါ တက်လာမယ့် ဒီမိုကရက် ဒုသမ္မတ ကာမလာဟားရစ် ရဲ့မဲနဲ့ အဆုံးအဖြတ်မဲ ပေးဖို့ ဖြစ်လာပါလိမ့်မယ်။
အဲဒါက မစ္စတာဘိုင်ဒန် အဓိက ဆောင်ရွက်မယ့် ကိစ္စတွေ ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဥ်းတွေ စတဲ့ အရေးကိစ္စတွေ ဆီးနိတ်ကို ကျော်ဖြတ်ဖို့ အရေးပါလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် တကယ်လို့ နှစ်နေရာလုံးကို ဒီမိုကရက်တွေ အနိုင်ရခဲ့ရင် အိမ်ဖြူတော်၊ ဆီးနိတ်နဲ့ အောက်လွှတ်တော်တို့ ဒီမိုကရက်တွေ ထိန်းချုပ်မှုအောက် ၂၀၀၈ သမ္မတ ဘားရက်အိုဘားမား လက်ထက်နောက်ပိုင်း ပထမဆုံး ပြန်ရောက်လာမှာ ဖြစ်ပါတယ်။
တကယ်လို့ ရီပတ်ဘလစ်ကန်တွေကပဲ ဆက်အနိုင်ရသွားမယ်ဆိုရင်တော့ နောက်ထပ်နှစ်နှစ်အတွင်း သဘောထားကွဲနေတဲ့ အစိုးရတစ်ရပ်ကိုပဲ ဆက်တွေ့ရနိုင်ပြီး ဥပဒေရေး ရှေ့မတိုးနောက်မဆုတ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
သမ္မတထရမ့်ကို ထောက်ခံသူတွေ
ငွေပုံအောသုံးတဲ့ မဲဆွယ်ကမ်ပိန်းတွေပြိုင်ဘက်လေးယောက်စလုံးအတွက် ငွေတွေ ပုံအော သုံးကြပြီး အထူးသဖြင့် ဒီမိုကရက်တွေက စံချိန်တင် သုံးခဲ့ကြပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာ လက်တင်နွယ်ဖွားမဟုတ်သူ လူဖြူ ၅၂ ရာခိုင်နှုန်းနဲ့ လူမည်း ၃၂ ရာခိုင်နှုန်း ရှိတယ်လို့ ၂၀၁၉ စစ်တမ်းတွေအရ သိရပါတယ်။
အဲဒီပြည်နယ်မှာ ဘိုင်ဒန်-ဟားရစ် အတွဲ အနိုင်ရလိုက်တာဟာ နှစ်ပေါင်း ၃၀ အတွင်း ဒီမိုကရက် သမ္မတလောင်းကို ဒီပြည်နယ်က ပထမဆုံး ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
အဲဒီက ရီပတ်ဘလစ်ကန် အမတ်လောင်းနှစ်ယောက်ကို ထောက်ခံဖို့ သမ္မတ ထရမ့်က ရွေးကောက်ပွဲ အကြိုနေ့မှာ ဟောပြောမှု လုပ်ပါတယ်။
သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒီမိုကရက် ဂျိုးဘိုင်ဒန်က ဒုသမ္မတလောင်း ကမလာ ဟားရစ်နဲ့အတူ ဇန်နဝါရီ ၄ ရက်မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။
ဘယ်ဘက်က နိုင်နိုင်သလဲ
ဂျော်ဂျီယာ ဆီးနိတ်အမတ်နေရာမှာ ဒီမိုကရက်တွေ မနိုင်တာ ဆယ်စုနှစ်တွေ ချီနေပြီဆိုတော့ သူတို့အတွက် ခက်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းကလည်း ရီပတ်ဘလစ်ကန် အမတ်တွေက မဲတွေ ပိုရခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန်က အာဖရိကန် အမေရိကန်တွေကို မဲထွက်ပေးကြပါဆိုတဲ့ ထိရောက်တဲ့ လှုံ့ဆော်မှု လုပ်ခဲ့လို့ ကျဥ်းမြောင်းတဲ့ အသာရလဒ်နဲ့ အနိုင်ရခဲ့တာပါ။
စစ်တမ်းတွေအရ သိသိသာသာ သာတဲ့ဘက် မတွေ့ရပါဘူး။ ဒါပေမဲ့ မဲပေးမယ့်သူ များမယ့်ပုံရပါတယ်။ အထူးသဖြင့် ပြည်နယ်မှာ ပြန်ကျင်းပတဲ့ ရွေးကောက်ပွဲ တစ်ခုအတွက် မဲပေးသူ စံချိန်တင်နိုင်ဖွယ် ရှိပါတယ်။
BBC Burmese
![ဂျော်ဂျီယာ ရွေးကောက်ပွဲ- ဘာကြောင့် ဘိုင်ဒန်အစိုးရအတွက် အရေးကြီးတာလဲ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjLFUjP2aN25qU4c8kWSvmG5HgYu8EZ_d7w0cnBGxQQh5iIL_fPaPGhHpo9XsPfgyMeBbVeAoX0BValWJ9ZS-lNICa989RkrSrip_r0BSq67nuSBK2IXtHP95EM2QEa06AonFa5IzHaGY/s72-w593-c-h334/19.jpg)
No comments:
Post a Comment