လူမြင်ကွင်းမှာ အတန်ကြာ ပျောက်နေတဲ့ ဂျက်မာ ပြန်ပေါ်လာ

အလီဘာဘာ စီးပွားရေး လုပ်ငန်းစုကို တည်ထောင်သူ ဂျက်မာ

အလီဘာဘာ လုပ်ငန်းစုကို တည်ထောင်သူ ဂျက်မာရဲ့ စီးပွားရေး လုပ်ငန်းတွေကို တရုတ် အစိုးရ အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် သူ့ကို လူမြင်ကွင်းမှာ ပြန်တွေ့ရပါပြီ။

သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို အစိုးရက စစ်ဆေးမှုတွေ လုပ်နေချိန်မှာ ဂျက်မာ ပျောက်ဆုံးနေတဲ့ အတွက် သူဘယ်ရောက်နေသလဲ ဆိုတဲ့ ကောလာဟလ တွေလည်း ပျံ့လွင့်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ ဂျက်မာကို ကျေးလက် ဒေသက ကျောင်းဆရာ ၁၀၀ နဲ့ လုပ်တဲ့ ဗီဒီယို အစည်းအဝေးမှာ ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။

ဒီသတင်းကြောင့် ဟောင်ကောင်က ရှယ်ယာ စျေးကွက်မှာ အလီဘာဘာ ရှယ်ယာစျေးနှုန်းဟာ ၅ ရာခိုင်နှုန်းတက်မှုလည်း ရှိခဲ့ပါတယ်။

မစ္စတာ မာ ဟာ သူ့ရဲ့ လူမှုကူညီရေး ဖောင်ဒေးရှင်း လုပ်ငန်း အတွက် ကျောင်းဆရာတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့လည်း ဇီကျန်း ပြည်နယ် အစိုးရ တည်ထောင်ထားတဲ့ တီယန်မူ သတင်းဌာနက ဖော်ပြပါတယ်။

ဒီနှစ်စဉ်အစည်းအဝေးကို ဆန်ညာမြို့မှာရှိတဲ့ အပန်းဖြေစခန်းမှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်၁၉ ကြောင့် အွန်လိုင်းကနေပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ဆန်ညာမှာ တွေ့ဆုံဖို့မဖြစ်နိုင်ဘူးလို့လည်း အစည်းအဝေးမှာ ဂျက်မာ က ပြောခဲ့ပါသေးတယ်။

ကပ်ရောဂါကြီး ပြီးရင်တော့ အားလုံးနဲ့တွေ့ဖို့ ဆန်ညာကို နောက်တစ်ခေါက်သွားပြီး တွေ့ကြတာပေါ့လို့လည်း သူက ဆိုပါတယ်။

ခေါင်းစွပ်ဆွယ်တာ အင်္ကျီ အပြာရောင်ဝတ်ထားပြီး မီးခိုးရောင် မာဘယ် နံရံနဲ့ ကော်ဇော အစင်းကျားနောက်ခံထားတဲ့ ဗီဒီယိုထဲမှာ ဂျက်မာကို တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ ဘယ်နေရာက စကားပြောနေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

တရုတ်နည်းပညာ ကုမ္ပဏီကြီး အလီဘာဘာ

ပြီးခဲ့တဲ့လမှာ Ant စီးပွားရေးလုပ်ငန်းစုရဲ့ လုပ်ငန်း လည်ပတ်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီ အမှုဆောင်အရာရှိတွေကို စစ်ဆေးဖို့ တရုတ် ဗဟိုဘဏ်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဒီ Ant စီးပွားရေးလုပ်ငန်းစုကို ဂျက်မာက တည်ထောင်ခဲ့တာ ဖြစ်ပြီး အစုရှယ်ယာ အများစုကို လည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ Ant စီးပွားရေး လုပ်ငန်းစုဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဒီဂျစ်တယ် ငွေပေးချေရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

ဗဟိုဘဏ်က စစ်ဆေးရေးလုပ်ဖို့ ညွှန်ကြားချက် မပေးခင်ကတည်းက ဟောင်ကောင်နဲ့ ရှန်ဟိုင်းမှာ ရှိတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ ရောင်းချမှုနဲ့ ပတ်သက်ပြီး တရုတ် အစိုးရ တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ Ant ကုမ္ပဏီက ရှယ်ယာ ၃၇ ဘီလျံ ဒေါ်လာဖိုး ရောင်းချဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး ရှယ်ယာ ရောင်းချမှုဖြစ်နိုင်ပါတယ်။

သီးခြားစီအနေနဲ့ တရုတ်စျေးကွက်မှာ အလီဘာဘာ လုပ်ငန်းစုကြီးဟာ စျေးကွက်ကို လက်ဝါးကြီးအုပ်တဲ့ အပြုအမူတွေ လုပ်ခဲ့သလား ဆိုတာနဲ့ပတ်သက်လို့ လည်း အာဏာပိုင်တွေက စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီလ အစောပိုင်းမှာ အာဖရိက စီးပွားရေး သူရဲကောင်းများ ဆိုတဲ့ တီဗီ အစီအစဥ်မှာ ဒိုင်လူကြီး အဖြစ်ပါဝင်နေတဲ့ ဂျက်မာ ကို မတွေ့ရတော့တဲ့ အတွက် သူဘယ်ရောက်နေသလဲ ဆိုတာကို လူတွေက သံသယ စတင် ဖြစ်ပေါ်ခဲ့တာပါ။

ဒီကိစ္စဟာ အောက်တိုဘာလတုန်းက ရှန်ဟိုင်းက စကားပြောပွဲ တစ်ခုမှာ တရုတ်အစိုးရရဲ့ ဘဏ်လုပ်ငန်း မူဝါဒ နဲ့ ပတ်သက်လို့ ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့ပြီးနောက်မှာ ဂျက်မာကို လူမြင်ကွင်း စကားဝိုင်းတွေမှာ ဝင်မပါဖို့ ကုမ္ပဏီက စီစဉ်ခဲ့ပုံရတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55735257

လူမြင်ကွင်းမှာ အတန်ကြာ ပျောက်နေတဲ့ ဂျက်မာ ပြန်ပေါ်လာ  လူမြင်ကွင်းမှာ အတန်ကြာ ပျောက်နေတဲ့ ဂျက်မာ ပြန်ပေါ်လာ Reviewed by THITHTOOLWIN on 00:57 Rating: 5

No comments:

Powered by Blogger.