တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးမှု ကော်မတီဖွဲ့ စစ်ဆေး

ပျောက်နေသူတွေရဲ့ မိသားစုတွေနဲ့ မျက်မြင်သက်သေ သုံးဦးကို ခေါ်ယူစစ်ဆေးမေးမြန်းထား

တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားတယ်ဆိုတဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာသား ၁၈ ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ ရပ်မိရပ်ဖတစ်ဦးတို့ပါဝင်တဲ့ ကော်မတီတစ်ရပ်ကို အခုလ ၆ ရက်ကဖွဲ့စည်းပြီး စိစစ်နေတယ်လို့ ကော်မတီအဖွဲ့ဝင် ဦးထွန်းသိန်းက ပြောပါတယ်။

ဒီကနေ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကာယကံရှင်မိသားစုတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ကျန်မိသားစုတွေကို မနက်ဖြန်မှာ ထပ်မံစစ်ဆေးဖို့ရှိသလို စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတဆီကို အစီရင်ခံစာပေးပို့သွားမယ်လို့ သိရပါတယ်။

၂၀၂၀ မတ်လ တင်းမကျေးရွာဖြစ်စဉ်နဲ့ပတ်သက်လို့ တရားဥပဒေအရ ဆောင်ရွက်ပေးဖို့ ၂၀၂၀ ဒီဇင်ဘာ ၁ ရက် မှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီကို မိသားစုတွေနဲ့ မျက်မြင်သက်သေ ၅၀ တို့က လက်မှတ်ရေးထိုးပြီး တိုင်ကြားခဲ့ကြပါတယ်။

အဲ့ဒီတိုင်ကြားချက်နဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတဲ့အတွက် ၂၀၂၀ ဒီဇင်ဘာ ၂၉ ရက်မှာ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ကနေ ပျောက်နေသူတွေရဲ့မိသားစုတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေ သုံးဦးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ တင်းမကျေးရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က ဖမ်းဆီးသွားတယ်လို့ တစ်ဖက်သတ် စွပ်စွဲလို့မရကြောင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံရှိရင် လွတ်လပ်စွာ တိုင်ကြားနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

မျက်မြင်သက်သေတွေကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီးနောက် တင်းမဖြစ်စဉ် အခြေအနေမှန် သိရှိနိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဌာနဆိုင်ရာတွေနဲ့ ရပ်မိရပ်ဖတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ စစ်ဆေးဆောင်ရွက်မှုတွေကို ဆက်လက်လုပ် ဆောင်နေတယ်လို့ ကော်မတီကနေ သိရပါတယ်။

"ကော်မတီကို ခရိုင်ကဖွဲ့ခိုင်းလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ပြီးတော့ ကျွန်တော်ပါတယ်။ ဒါကို အဖြစ်မှန်ပေါ့။ တင်းမမှာ အဖမ်းခံခဲ့ရတာ သက်သေအထောက်အထား မှန်မမှန် ကျောက်တော်မှာ စစ်ဆေးတယ်။ အခုက မှန်ကန်ကြောင်းကိုစစ်ဆေးနေတယ်။ မနက်ဖြန်မှာ ဆက်စစ်ဖို့ရှိတယ်။ နိုင်ငံတော်သမ္မတရုံးရယ် ဌာနသုံးခုကိုပေးပို့ရမယ်လို့စာထဲမှာပါတယ်။" လို့ ဦးသိန်းထွန်းက ဆိုပါတယ်။

တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးမှု ကော်မတီဖွဲ့ စစ်ဆေး

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာလည်း ပျောက်ဆုံးနေသူ ၁၈ ဦးရဲ့မိသားစုဝင်တွေကို ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

အဲ့ဒီပျောက်ဆုံးနေသူ ၁၈ ဦးတို့ဟာ တင်းမကြီးကျေးရွာက ၁၀ ဦးနဲ့ တင်းမသစ်ကျေးရွာက ၈ ဦးတို့ဖြစ်ကြပြီး တင်းမကြီးကျေးရွာအနီးက တောင်ရှည်တောင်မှာ စခန်းချနေတဲ့ တပ်မ ၅၅ လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။

တင်းမကြီးကျေးရွာက ပျောက်ဆုံးသူ ၁၀ ဦးမှာ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဉီးနဲ့ အသက် ၂၉ နှစ်အရွယ် ဆွံ့အနားမကြားသူတစ်ဦးတို့ပါဝင်ပြီး တင်းမသစ်ကျေးရွာက ဖမ်းဆီးခံလိုက်ရသူ ၈ ဦးထဲမှာ အသက် ၇၀ ကျော်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်တယ်လို့ မိသားစုတွေဆီက သိရပါတယ်။

"အဘွားနဲ့ထိုင်နေချိန်မှာ စစ်သားသုံးယောက်ဝင်လာပြီး ဖမ်းခေါ်သွားတယ်။ ကျွန်မပြေးထွက်လာတော့ မြေကြီးပေါ်ကို သေနတ်အချက်ပေါင်းများစွာ ပစ်ခဲ့တယ်။ ကျွန်မသားလေးကို ခေါ်သွားတာကို ခြံတံခါးဝတိုင်မှာ ပုန်းပြီးတော့ ကြည့်နေခဲ့ရပါတယ်"လို့ ပျောက်ဆုံးနေတဲ့ ရှစ်တန်းကျောင်းသားရဲ့ မိခင် ဒေါ်အေးရီက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူ ၁၈ ဦးတို့အနက် အသက် ၄၈ နှစ်အရွယ် တင်းမကြီးကျေးရွာသား ဦးမောင်ဝင်းဆိုသူဟာ မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးခြင်းခံလိုက်ရပြီး သုံးရက်အကြာ ၁၉ ရက်နေ့မှာ သူ့ရဲ့အလောင်းကို ကုလားတန်မြစ်ထဲမှာ လက်ပြန်ကြိုး တုတ်ပြီး ညိုမဲနေတဲ့ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဇနီးဖြစ်သူ ဒေါ်ဘူဘူက ပြောပါတယ်။

ကျန်တဲ့ကျေးရွာသား ၁၇ ဦးကတော့ အသက်ရှင်နေသေးလား၊ သေဆုံးသွားခဲ့ကြပြီလားဆိုတာကို မိသားစုတွေအနေနဲ့ မပြောနိုင်ကြသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်ကြားခဲ့ကြပေမယ့် အကူအညီတွေ မရရှိခဲ့ဘူးလို့ မိသားစုတွေဆီက သိရပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေ ပြန်မလွတ်လာတဲ့အတွက် ကြောက်ရွံ့ပြီး မတ်လ ၂၀ ရက်နေ့ဝန်းကျင်မှာ ရွာလုံးကျွတ်ထွက်ပြေး လာခဲ့ကြပါတယ်။ ရွာသားတွေမရှိတော့တဲ့အချိန်မှာ ကျေးရွာကနေအိမ်တွေလည်း မီးရှို့ခံရပြီး တစ်ရွာလုံးလောင်ကျွမ်း သွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောဆိုကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55780016

တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးမှု ကော်မတီဖွဲ့ စစ်ဆေး  တင်းမရွာသား ၁၈ ဦး ပျောက်ဆုံးမှု ကော်မတီဖွဲ့ စစ်ဆေး Reviewed by THITHTOOLWIN on 00:50 Rating: 5

No comments:

Powered by Blogger.