အမေရိကန်သမ္မတနဲ့ ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘာတွေ ဖြစ်လာနိုင်မလဲ

ရွေးကောက်ခံ သမ္မတ ဘိုင်ဒန်နဲ့ ရွေးကောက်ခံ ဒုတိယ သမ္မတ ဟဲရစ်

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ဒီမိုကရက်ပါတီဝင် ဒုသမ္မတ ကမလာ ဟဲရစ်နဲ့အတူ ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ မတိုင်ခင်အထိ အိမ်ဖြူတော်ကို တရားဝင် ရွှေ့ပြောင်း နေထိုင်မှာ မဟုတ်ပါဘူး။

ကိုဗစ် ၁၉ စည်းမျဉ်းကန့်သတ်ချက်တွေ၊ လုံခြုံရေး စိုးရိမ်မှုတွေ လွှမ်းခြုံနေတာကအစ လေဒီဂါဂါ လာရောက် ဖျော်ဖြေဖို့ ရှိတာက အဆုံး ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ကြီးအကြောင်း သိထားသင့်သမျှ အချက်တွေကို တင်ပြပေးမှာပါ။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ ဆိုတာ ဘာလဲ

ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ သမ္မတသစ်တစ်ဦးရဲ့ ရာထူးစတင် လွှဲပြောင်းယူတဲ့ အထိမ်းအမှတ် တရားဝင် အခမ်းအနား ဖြစ်ပြီး ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပလေ့ ရှိပါတယ်။

အဲဒီအခမ်းအနားမှာ အဓိက လုပ်ဖို့ လိုတာက ရွေးကောက်ခံ သမ္မတက "အမေရိကန်သမ္မတရာထူးတာဝန်ကို ကျွန်ုပ် သစ္စာ စောင့်သိစွာ အမှုထမ်းရွက်သွားပါ့မယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်ုပ်ရဲ့ စွမ်းရည်သတ္တိနဲ့ အကောင်းဆုံး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားမယ် ဆိုတာကို ကျွန်ုပ် အလေးအနက် သစ္စာပြုပါတယ်" လို့ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ဒီလို ကျမ်းသစ္စာ ကျိန်ဆိုပြီးပြီ ဆိုတာနဲ့ မစ္စတာ ဘိုင်ဒန်ဟာ ၄၆ ကြိမ်မြောက် သမ္မတ ရာထူးကို ဆက်ခံလိုက်နိုင်ပြီ ဖြစ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုမှု ပြီးဆုံးပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဆင်နွှဲစရာ အခမ်းအနားတွေတော့ ရှိပါသေးတယ်။

ကမလာ ဟဲရစ်ဟာလည်း ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ဒုတိယ သမ္မတ ဖြစ်လာမှာပါ။ ပုံမှန်အားဖြင့် သမ္မတ ကျမ်းသစ္စာ မကျိန်ဆိုခင်ကလေးမှာ ဒုတိယ သမ္မတက အရင် ကျမ်းသစ္စာ ကျိန်ဆိုရလေ့ ရှိပါတယ်။

ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲက ဘယ်တော့လဲ

ဥပဒေ သတ်မှတ်ထားချက်အတိုင်း ဆိုရင် အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲလောက်မှာ ကျင်းပလေ့ ရှိပြီး သမ္မတနဲ့ ဒုသမ္မတတို့ မွန်းလွဲ ၁၂ နာရီမှာ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။

မစ္စတာ ဘိုင်ဒန်ဟာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့ နှောင်းပိုင်းလောက်မှာ သမ္မတအိမ်တော်မှာ ပြောင်းရွှေ့ နေထိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတ သက်တမ်း ၄ နှစ်အတွင်း အဲဒီမှာ သူနေထိုင်ပါလိမ့်မယ်။

လုံခြုံရေးအခြေအနေ ဘယ်လိုရှိမလဲ

ထုံးစံအရ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ လုံခြုံရေးကို အထူး အသေးစိတ် ချမှတ် ဆောင်ရွက်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ ၆ ရက်က Capitol လွှတ်တော် အဆောက်အအုံကို ထရမ့် ထောက်ခံသူ လူအုပ်ကြီး စီးနင်း ဝင်ရောက်ခဲ့အပြီးမှာတော့ လုံခြုံရေးအစောင့်အကြပ်တွေ ဒါ့ထက် ပိုတင်းကျပ် ချထားဖို့ ရှိနေပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ၊ ဘိုင်ဒန်၊ ဟဲရစ်၊ ထရမ့်၊ ကျမ်းသစ္စာကျိန်ဆိုပွဲ

ဇန်နဝါရီလ ၆ ရက်နေ့က Capitol Hill လွှတ်တော် အဆောက်အအုံထဲ စီးနင်း ဝင်ရောက်လာတဲ့ ထရမ့်ထောက်ခံသူတွေကု ရဲက တားဆီးဖို့ ကြိုးစား

ဝါရှင်တန်ဒီစီမြို့မှာ လုံခြုံရေး တိုးမြှင့်ချထားလိုက်ပြီး နေရာ အတော်များများကို အာဏာပိုင်တွေက ပိတ်ဆို့ တားဆီးထားလိုက်ပါတယ်။ လုံခြုံရေး အစီအစဉ်တွေကို ထောက်လှမ်းရေးအဖွဲ့က ကြီးကြပ် တာဝန်ယူထားပြီး လုံခြုံရေး အစောင့် တပ်ဖွဲ့ဝင် ၁၅၀၀၀ နဲ့အတူ ရဲအရာရှိ ထောင်ပေါင်းများစွာကို အကူ ခေါ်ယူထားပါတယ်။

ဝါရှင်တန် ဒီစီမြို့မှာ အရေးပေါ်အမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ တစ်လျှောက်လုံးမှာ ဆက်ချထားမှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ပြင်ဆင် ဆောင်ရွက်မှုတွေကို တစ်နှစ်လုံးလုံး လုပ်နေခဲ့တာလို့ ထောက်လှမ်းရေးအဖွဲ့ ကိုယ်စား လုံခြုံရေးကို ဦးဆောင် တာဝန်ယူထားတဲ့ မက် မေလာ က သောကြာနေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ခါတိုင်းကျင်းပနေကျ ပုံစံအတိုင်း အဆောက်အအုံ ပြင်ပမှာပဲ ကျင်းပသွားမယ်လို့ မစ္စတာ ဘိုင်ဒန်က အခိုင်အမာ ပြောထားတာပါ။ တက်ရောက်သူ ဦးရေကိုတော့ လျှော့ချမှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ထရမ့် တက်မှာလား

သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ရာထူးသက်တမ်း ကုန်ဆုံးမယ့် သမ္မတက တက်ရောက် ချီးမြှင့်တာဟာ ထုံးစံ ဖြစ်လာခဲ့ပါတယ်။ တခါတလေတော့ အနေခက်စရာ အဖြစ်တွေ ရှိတတ်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာတော့ ဒီပွဲကို ဒေါ်နယ်ထရမ့် တက်မှာ မဟုတ်တဲ့ အတွက် တစ်မျိုး ကသိကအောက် ဖြစ်လာပါလိမ့်မယ်။

"လူတွေမေးထားကြတာကို ပြန်ဖြေရရင် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကျွန်တော် တက်မှာ မဟုတ်ဘူး ဆိုတာ ပြောပါရစေ" လို့ မစ္စတာ ထရမ့်က ဇန်နဝါရီလ ၆ ရက်နေ့က တွစ်တာပေါ်ကနေ ထုတ်ဖော် ပြောခဲ့ပါတယ်။ အဲဒီနေ့မှာ ဖလော်ရီဒါမြို့မှာ ရှိတဲ့ သူ့ရဲ့ Mar-a-Lago စံအိမ်ကြီးမှာ သူသွားနေမယ်လို့ အများက ယူဆနေကြပါတယ်။

မစ္စတာ ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ တစ်နေ့တည်း၊ တစ်ချိန်တည်းမှာပဲ မစ္စတာထရမ့်အတွက် ဒုတိယ သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကို အွန်လိုင်းပေါ်ကနေ ကျင်းပပေးဖို့ စီစဉ်ထားတယ်လို့ ထရမ့် ထောက်ခံသူတစ်ချို့က ပြောနေပါတယ်။

လူ ၆ သိန်း ၈ သောင်းကျော်က မစ္စတာ ထရမ့်ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အဲဒီ အွန်လိုင်း အခမ်းအနားကို တက်မယ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးနေကြပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ၊ ဘိုင်ဒန်၊ ဟဲရစ်၊ ထရမ့်၊ ကျမ်းသစ္စာကျိန်ဆိုပွဲ

ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ့ကို ဘားရက် အိုဘားမား တက်ရောက်ခဲ့

မစ္စတာ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ အချိန်တုန်းက ရွေးကောက်ပွဲမှာ အကြိတ်အနယ် မဲဆွယ်စည်းရုံးခဲ့ပြီး မစ္စတာ ထရမ့်ကို ရှုံးနိမ့်သွားခဲ့ရတဲ့ ဟီလာရီ ကလင်တန်က သူ့ခင်ပွန်း သမ္မတဟောင်း ဘေလ် ကလင်တန်နဲ့အတူ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

ရာထူးလွှဲပြောင်းယူမယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ရောက်တဲ့ အမေရိကန် သမ္မတ ၃ ဦးသာ ရှိခဲ့ဖူးပါတယ်။ သူတို့တွေက ဂျွန် အဒမ်စ်၊ ဂျွန် ကွင်ဆီ အဒမ်စ်နဲ့ အင်ဒရူး ဂျွန်ဆင် တို့ ဖြစ်ပြီး သူတို့အားလုံးဟာ ၁၉ ရာစု မတိုင်ခင်က သမ္မတတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယ သမ္မတ မိုက်ပန့်စ် ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သူတက်မယ်လို့ ပြောထားပါတယ်။

ကိုဗစ်က ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘယ်လောက် ပြောင်းသွားစေမလဲ

ပုံမှန် အခြေအနေမျိုးမှာဆိုရင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကြည့်ရှုအားပေးဖို့ ဝါရှင်တန် ဒီစီမြို့ကို လူ သိန်းနဲ့ချီ ရောက်လာကြလေ့ ရှိပါတယ်။ အဲဒီနေ့မှာ National Mall ပန်းခြံကြီးမှာ လူတွေ ပြည့်နှက် နေတတ်ပြီး ဟိုတယ်၊ တည်းခိုခန်းတွေလည်း အခန်းလွတ် မရှိသလောက် ဖြစ်သွားတတ်ပါတယ်။ ၂၀၀၉ ခုနှစ် သမ္မတ အိုဘာမား သမ္မတသက်တမ်း ပထမအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ချိန်မှာ လူ နှစ်သန်းလောက် လာရောက် အားပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား အရွယ်အစားကို အကြီးအကျယ် လျှော့ချမယ်လို့ မစ္စတာ ဘိုင်ဒန်ရဲ့ အဖွဲ့က ပြောထားပါတယ်။ ဝါရှင်တန် ဒီစီမြို့ကို မလာကြဖို့ကိုလည်း အမေရိကန်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ကွန်ဂရက်စ် လွှတ်တော် အဆောက်အအုံ စီးနင်း ဝင်ရောက်ခံခဲ့ရအပြီး မှာ ဝါရှင်တန် ဒီစီမြို့ အာဏာပိုင်တွေကလည်း အလားတူ ပြောထားပါတယ်။

National Mall ပန်းခြံကြီးကို မျက်နှာမူပြီး ကွန်ဂရက်စ် လွှတ်တော် အဆောက်အအုံ အရှေ့မှာ သမ္မတနဲ့ ဒုသမ္မတ ကျမ်းသစ္စာ ကျိန်ဆိုလေ့ ရှိတဲ့ ထုံးစံအစဉ်အလာ အတိုင်း မစ္စတာ ဘိုင်ဒန်နဲ့ မစ်စ်ဟဲရစ် တို့ ကျမ်းသစ္စာကျိန်ဆို ကြမှာပါ။ ဒီထုံးစံကို သမ္မတ ရော်နယ် ရီဂင်က ၁၉၈၁ ခုနှစ်မှာ စတင် လုပ်ခဲ့တာပါ။ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စင်မြင့်ပေါ်မှာ သူတို့နှစ်ဦးနဲ့အတူ လူ ၂၀၀ လောက် လူချင်း ခပ်ခွာခွာ ထိုင်ကြမယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

စင်မြင့်ပေါ်က လူတွေ အားလုံး နှာခေါင်းစည်း ဝတ်ကြမှာ ဖြစ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် နှစ်ရက်လောက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ ဆေးစစ် ထားကြရမယ်လို့ ဖော်ပြထားပါတယ်။ မစ္စတာ ဘိုင်ဒန် ကိုယ်တိုင်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုနေချိန်မှာ နှာခေါင်းစည်း ဝတ်ထားမှာ မဟုတ်ဘူးလို့ ဇွန်လတုန်းက ပြောခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေ

အရင်တုန်းက ဒီအခမ်းအနားကို တက်ဖို့ လက်မှတ် ၂ သိန်းလောက် ထုတ်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုတွေ ပိုတိုးလာနေဆဲ ဖြစ်တာမို့ လက်မှတ် တစ်ထောင်လောက်ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးတဲ့ အထိမ်းအမှတ်အဖြစ် ခါတိုင်းနှစ်တွေမှာ လုပ်နေကျ ထုံးစံအတိုင်း ကာကွယ်ရေး ဦးစီးချုပ်သစ်က စစ်ရေးပြ ကြည့်ရှု စစ်ဆေးတာကို အခုနှစ်မှာလည်း လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ပန်ဆေလ်ဗေးနီးယား အဲဗင်းန်ယူးကနေ အိမ်ဖြူတော်ကို ချီတက်တဲ့ စစ်ရေးပြ အခမ်းအနားအစား အွန်လိုင်း စစ်ရေးပြ အခမ်းအနားတစ်ခုကို အွန်လိုင်းကနေပဲ ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

မစ္စတာ ဘိုင်ဒန်ရဲ့ ဇနီးနဲ့ မစ်စ် ဟဲရစ်ရဲ့ ခင်ပွန်းတို့ကိုလည်း ဘင်ခရာ တီးဝိုင်းအဖွဲ့တစ်ဖွဲ့ အပါအဝင် စစ်သည်တော်တွေ စောင့်ကြပ်လိုက်ပါပြီး အိမ်ဖြူတော်ကို ပို့ပေးမှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား လက်မှတ်ကို ဘယ်လို ရနိုင်မလဲ

စင်မြင့်နားမှာ ထိုင်ကြည့်ဖို့ နေရာ၊ မတ်တပ်ရပ် ကြည့်ဖို့ နေရာတွေနဲ့ စစ်ရေးပြ ချီတက်တဲ့ လမ်းတလျှောက်မှာ ထိုင်ကြည့်ဖို့ နေရာတွေအတွက် လက်မှတ်တွေ ယူဖို့ လိုပါတယ်။ ထုံးစံအရဆိုရင် National Mall ပန်းခြံက ကျန်တဲ့ နေရာတွေကိုတော့ လူထုအတွက် ဖွင့်ထားပေးပါတယ်။

ဒီတော့ ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပဖို့ အချိန် နီးကပ်လာတာနဲ့အမျှ အခမ်းအနား လက်မှတ် ရနိုင်ဖို့ ကိုယ့်မြို့နယ်က ဒေသန္တရ ကိုယ်စားလှယ်တွေကို အရင် မေးကြည့်ဖို့ လိုပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ဝါရှင်တန် ဒီစီမြို့နားတဝိုက်မှာ ကျင်းပမယ့် ကပွဲတွေနဲ့ တခြား သက်ဆိုင်တဲ့ ပွဲတွေအတွက်လည်း သီးခြား လက်မှတ်တွေ လိုပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ဘာရက်ခ် အိုဘားမားရဲ့ သမ္မတ ပထမသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ လူ ၂ သန်းလောက် လာရောက် အားပေးခဲ့ကြ

အခမ်းအနားပွဲ လက်မှတ်တွေ တောင်းယူနိုင်တဲ့ အဓိကလူတွေက ဆီးနိတ် အထက်လွှတ်တော်အမတ်တွေနဲ့ ကွန်ဂရက်လွှတ်တော် အမတ်တွေပါ။ အခမဲ့လက်မှတ်တွေ ဝေပေးဖို့ သူတို့ကို အချိုးကျ အရေအတွက်နဲ့ ခွဲထားပေးပါတယ်။

ဒီနှစ်မှာတော့ ကပ်ရောဂါဘေးကြောင့် လွှတ်တော်အမတ်တစ်ဦးကို ဧည့်သည်တစ်ဦးပဲ ခေါ်လာခွင့် ကန့်သတ် ထားပါတယ်။

ဒါပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲပြီးရင် မဲဆန္ဒနယ်မြေတွေအတွက် ဒီအခမ်းအနား အမှတ်တရ အဖြစ် အထိမ်းအမှတ်လက်မှတ်တွေ ရနိုင်မှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုပွဲ အထိမ်းအမှတ် ဖျော်ဖြေပွဲမှာ ဘယ်သူတွေ ဖျော်ဖြေကြမလဲ

လတ်တလောနှစ်ပိုင်းတွေမှာ အသစ်တက်တဲ့ သမ္မတတွေက ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ဖျော်ဖြေပွဲတွေမှာ အမေရိကန်ပြည်သူတွေ အကြိုက်ဆုံး အနုပညာရှင်တချို့ကို ထည့်သွင်း ဖျော်ဖြေစေခဲ့ပါတယ်။ အခုနှစ်မှာ ကပ်ရောဂါဆိုးကြီး ဖြစ်နေပေမဲ့လည်း ခါတိုင်းနှစ်တွေနဲ့ မခြား ဖျော်ဖြေ ကျင်းပမှာပါ။

မစ္စတာ ဘိုင်ဒန်နဲ့ မစ်စ် ဟဲရစ် တို့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားမှာ မစ္စတာ ဘိုင်ဒန်ကို တက်တက်ကြွကြွ ထောက်ခံအားပေးခဲ့သူ ပေါ့ပ် အဆိုတော် လေဒီ ဂါဂါ က နိုင်ငံတော် သီချင်းနဲ့ သီဆို ဖျော်ဖြေမှာ ဖြစ်သလို ဂျနီဖာ လိုပက်ဇ် လည်း ပါဝင် ဖျော်ဖြေဖို့ ရှိပါတယ်။

မစ္စတာ ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အခါ ရုပ်ရှင်မင်းသား တွမ် ဟန့်ခ်စ် က ရုပ်မြင်သံကြား ပေါ်ကနေ မိနစ် ၉၀ ကြာ ပြသမယ့် အစီအစဉ်ကို တင်ဆက်ပေးမှာပါ။ ခါတိုင်း လူကိုယ်တိုင် ပါဝင် တင်ဆက်ကြတဲ့ အစီအစဉ် နေရာမှာ ကိုဗစ်ကြောင့် အခုလို ရုပ်မြင်သံကြားပေါ်ကနေ အစားထိုး တင်ဆက်မှာပါ။ အဲဒီအစီအစဉ်မှာ ဂျွန်ဘွန် ဂျိုဗီ၊ ဒမီ လော့ဗာတို နဲ့ ဂျပ်စတင် တင်ဘာလိတ်ခ် တို့လည်း ပါမှာ ဖြစ်ပြီး သမ္မတထရမ့်ကို သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း ထောက်ခံအားပေးခဲ့တဲ့ Fox News အသံလွှင့်ဌာနကလွဲလို့ အမေရိကန်နိုင်ငံရဲ့ အဓိက ရုပ်သံကွန်ရက်တွေ အားလုံးကနေ လွှင့်ပေးမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဘားရက်ခ် အိုဘားမားရဲ့ သမ္မတ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘီယွန်ဆေးက နိုင်ငံတော်သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့

၂၀၀၉ခုနှစ်တုန်းက ဘာရက် အိုဘားမားရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ နာမည်ကျော် အဆိုတော်ကြီး အရီသာ ဖရန်ခ်လင် က My Country 'Tis of Thee ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေ ခဲ့သလို ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး သမ္မတအသစ်ချပ်ချွတ် ဇနီးမောင်နှံရဲ့ ကပွဲမှာ ဘီယွန်ဆေး ကလည်း At Last ဆိုတဲ့ သီချင်းကို သီဆို ဖျော်ဖြေသွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတ အိုဘားမားက အဆိုတော် ကယ်လီ ကလာ့ခ်ဆန်နဲ့ ဂျနီဖာ ဟဒ်ဆန် တို့ကို လာရောက် ဖျော်ဖြေပေးဖို့ ပန်ကြားခဲ့ပါတယ်။ ဘီယွန်းဆေးက ဒီတစ်ခေါက်ပွဲမှာတော့ နိုင်ငံတော်သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ သူ့ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အနုပညာရှင်တွေကို လာဖျော်ဖြေဖို့ ခေါ်တဲ့အခါ ပြဿနာ တွေ့ခဲ့ပါတယ်။ အယ်လ်တန် ဂျွန်က လာဖျော်ဖြေဖို့ ငြင်းခဲ့သလို ဆီလင်း ဒီယွန်၊ ကစ်စ် နဲ့ ဂါ့သ် ဘရွတ်ခ်စ် တို့လည်း ငြင်းခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ the Rockettes အဖွဲ့၊ ကျေးလက်ဂီတ အဆိုတော် လီး ဂရီးန်ဝတ်ဒ်နဲ့ 3 Doors Down အဖွဲ့တွေကပဲ မစ္စတာ ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားမှာ လာရောက် ဖျော်ဖြေသွားခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55708511

အမေရိကန်သမ္မတနဲ့ ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘာတွေ ဖြစ်လာနိုင်မလဲ  အမေရိကန်သမ္မတနဲ့ ဒုတိယ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘာတွေ ဖြစ်လာနိုင်မလဲ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.