မန်နေဂျာဖရန့်လမ်းပတ်ကို ချယ်လ်ဆီးကလပ်က ထုတ်

ဖရန့်လမ်းပတ်

လမ်းပတ်ဟာ ချယ်လ်ဆီးကို ကိုင်ခဲ့ချိန် ၅၇ ပွဲမှာ ၂၈ ပွဲပဲ အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးက ၁၈လတာ အသင်းကို ဦးဆောင်ခဲ့တဲ့ မန်နေဂျာ ဖရန့်လမ်းပတ်ကို ထုတ်ပယ်လိုက်ပါပြီ။ သူ့နေရာမှာ ပါရီစိန့်ဂျာမိန်းရဲ့ မန်နေဂျာဟောင်း သောမတ်စ်တူကယ်ကို ခန့်မယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့အပတ်က လက်စတာကို ရှုံးခဲ့ပြီးတဲ့နောက်မှာ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ဇယားမှာ နံပတ် ၉ နေရာမှာ ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲမှာလည်း တစ်ပွဲပဲနိုင်ထားပါတယ်။

မနေ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲမှာတော့ ချယ်လ်ဆီးက လူတန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

လမ်းပတ်ဟာ ၂၀၁၉ ဇူလိုင်မှာ ၃ နှစ်စာချုပ်နဲ့ချယ်လ်ဆီးကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးမှာပဲ အလယ်တန်းကစားသမားအဖြစ် နာမည်ကြီးခဲ့တဲ့ လမ်းပတ်ဟာ မန်နေဂျာဖြစ်လာတဲ့ ပထမနှစ်မှာ အသင်းကို ပရီမီးယားလိဂ်မှာ စတုတ္ထနေရာရောက်အောင် ကိုင်တွယ်ခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်း ဖိုင်နယ်အထိ တက်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာတောင် ဒီဇင်ဘာလဆန်းတုန်းက ချယ်လ်ဆီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာကို ခဏရောက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ရှစ်ပွဲမှာ ငါးပွဲအထိရှုံးခဲ့ပြီးအခြေအနေမကောင်းဖြစ်လာတော့ အသင်းပိုင်ရှင်နဲ့ အုပ်ချုပ်သူတွေက သူ့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ကြပုံရပါတယ်။

အသင်းကထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို လမ်းပတ်ကို ထုတ်ဖို့ဆုံးဖြတ်ချက်ကို အတော်ကြီး ခက်ခက်ခဲခဲလုပ်ခဲ့ရတာပါလို့ ဆိုပါတယ်။

လမ်းပတ်အသင်းအတွက်လုပ်ခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိရလဒ်တွေနဲ့ အသင်းရဲ့ ကစားပုံတွေဟာ ကလပ်ရဲ့ မျှော်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် အခုအချိန်မှာ အပြောင်းအလဲလုပ်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လမ်းပတ်ကို ထောက်ခံကြောင်း ပရိသတ်တွေက ပြခဲ့

လမ်းပတ်ဟာ ချယ်လ်ဆီးကို စကိုင်တဲ့ပထမနှစ်မှာ ဘောလုံးသမားတစ်ယောက်မှ မခေါ်ခဲ့ပါဘူး၊ အဲဒီတုန်းက ကလပ်က ဘောလုံးသမားအသစ် မခေါ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ရှိနေခဲ့လို့ပါ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် ကာလ အတွင်းမှာ သူ ပေါင် သန်း၂၀၀ ကျော်သုံးပြီး ဘောလုံးသမား ၇ ယောက်ခေါ်ခဲ့ပါတယ်။ အဲဒီထဲမှာ လက်စတာက Ben Chilwell ကို ၄၅သန်းနဲ့ ဘေယာလီဗာကူဆင်က အလယ်တန်းလူ Kai Havertz ကို ၇၁သန်းနဲ့ ခေါ်ခဲ့တာတွေ ပါပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းပေးခဲ့တဲ့ ဘောလုံးသမားအဖြစ် စံချိန်တင်ထားသူပါ။ ၂၀၀၁ က ၁၀၁၄အတွင်း ၂၁၁ ဂိုးသွင်းပေးခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ၆၄၈ ပွဲကစားပြီး ဖလား ၁၁ လုံးရခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ်နဲ့ ၂၀၁၂ မှာ ဥရောပချန်ပီယံလိဂ် ဖလားကို ရခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အဖြစ်နဲ့လည်း ၁၀၆ ပွဲကစားထားသူဖြစ်ပါတယ်။

သူကစားသမားအဖြစ်က အနားယူတော့ သူဟာ ချန်ပီယံရှစ်ကလပ် ဒါဘီမှာ မန်နေဂျာသွားလုပ်ပါတယ်။ အဲဒီမှာလည်း နောက်ဆုံး ပရီးမီးယားလိဂ် အတန်းတက်ရေး အဆုံးအဖြတ်ပွဲအထိရောက်ခဲ့ပြီး အက်စတန်ဗီလာကို ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

အသင်းကြီးတွေကို ကိုင်ခဲ့ဖူးသူ

ချယ်လ်ဆီးနေရာမှာ ခန့်မယ်လို့ တစ်ပြေးနေသူ သောမတ်စ်တူကယ်ဟာ ဂျာမန်ကလပ် ဘိုရူးရှားဒေါ့မွန်နဲ့ ပြင်သစ်ထိပ်တန်းအသင်း ပီအက်စ်ဂျီတို့ကို ကိုင်ခဲ့ဖူးသူပါ။ သူဟာ ၂၀၁၈ ဇွန်လမှာ ပီအက်စ်ဂျီကို စရောက်လာခဲ့ပြီး နှစ်နှစ်ဆက်တိုက် အမှတ်ပေးဖလားချန်ပီယံဖြစ်ခဲ့သလို ပြင်သစ်ဖလားနဲ့ ပြင်သစ်လိဂ်ကပ်တို့ကိုလည်း ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီကလည်း ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်လာခဲ့ပြီးမှ ဘိုင်ယန်ကို ရှုံးခဲ့ရတာပါ။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ တူကယ်ဟာ ပီအက်စ်ဂျီနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှ စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပေမယ့် ကလပ်က သူ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာက ထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ပီအက်စ်ဂျီက အမှတ်ပေးဇယားမှာ အဆင့်၃ နေရာမှာ ရှိနေချိန်ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/sport-55802690

မန်နေဂျာဖရန့်လမ်းပတ်ကို ချယ်လ်ဆီးကလပ်က ထုတ်  မန်နေဂျာဖရန့်လမ်းပတ်ကို ချယ်လ်ဆီးကလပ်က ထုတ် Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.