အင်ဒိုနီးရှားတနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးက အင်္ဂါနေ့မှာပြောပါတယ်။ ကမ္ဘာမှာ စတုတ္ထမြောက်လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာတော့ ကပ်ရောဂါနဲ့ အဆိုးဆုံးရင်ဆိုင်နေရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဂျကာတာမြို့မှ စတင်မယ့် ကာကွယ်ဆေးထိုးအစီအစဉ်ကို သမ္မတ ဂျိုကို ဝီဒိုဒိုကိုယ်တိုင် ပထမဆုံးဆေးထိုးခံပြီးမှာဖြစ်သလို နောက်၂ ရက်မှာတော့ အခြားဒေသတွေမှာ စတင်မယ်လို့ ဝန်ကြီးBudi Gunadi Sadikin ရဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။
တရုတ်နိုင်ငံထုတ် Sinovac Biotech ကုမ္ပဏီထုတ် ကာကွယ်ဆေးအလုံးရေ ၁.၃ သန်းကို ဦးစားပေးထိုးပေးမယ့်သူတွေထဲမှာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ အစိုးရက အစောပိုင်းမှာပြောထားပါတယ်။ CoronaVac လို့ခေါ်တဲ့ Sinovac ကုမ္ပဏီရဲ့ ကာကွယ်ဆေး ၃,၀၀၀,၀၀၀ ကို အင်ဒိုနီးရှားက လက်ခံရရှိထားပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေပြီးရင်တော့ ကာကွယ်ဆေးအပေါ် လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရလာအောင် ဒေသအုပ်ချုပ်ရေးမှူးတွေ ဆေးထိုးခံသင့်တယ်လို့ ဝန်ကြီး Budi ကပြောပါတယ်။ အရေးပေါ် ကာကွယ်ဆေးထိုးအစီအစဉ် စတင်ဖို့ အင်ဒိုနီးရှားအစားအစာနဲ့ ဆေးဝါးထိန်းချုပ်ရေးအစီအစဉ် BPOM က အတည်ပြုချက်ထွက်မလာခင်မှာ ဝန်ကြီး Budi ရဲ့ကြေငြာချက်ထွက်လာတာပါ။
အင်ဒိုနီးရှား၊ ဘရာဇီးလ်နဲ့ တူရကီနိုင်ငံမှာ လူတွေနဲ့စမ်းသပ်နေတဲ့ ကာကွယ်ဆေးရဲ့ကြားဖြတ်ရလဒ်တွေ ထွက်လာတာနဲ့ အရေးပေါ်ကာကွယ်ဆေး အသုံးပြုဖို့ အတည်ပြုမယ်ဆိုပြီး BPOM ကပြောဆိုထားပါတယ်။ West Java ပြည်နယ်မှာ နောက်ဆုံးအဆင့် စမ်းသပ်နေတဲ့ကာကွယ်ဆေးရလဒ်တွေကို Sinovac နဲ့အတူ အင်ဒိုနီးရှားအစိုးရပိုင် Bio Farma ဆေးကုမ္ပဏီတို့ကြီးကြပ် စောင့်ကြည့်နေတာဖြစ်ပါတယ်။
CoronaVac ကာကွယ်ဆေးရဲ့ စမ်းသပ်မှု အစောပိုင်းရလဒ်တွေမှာ ဆေးအာနိသင်ထိရောက်မှု ၉၁.၂၅ ရာခိုင်နှုန်းရှိတယ်ဆိုပေမဲ့ ဘရာဇီးလ်နိုင်ငံမှာတော့ ၅၀ ရာခိုင်နှုန်းကျော်တွေ့ရကြောင့် သုတေသီတွေကပြောပါတယ်။ ရလဒ်အပြည့်အစုံကိုတော့ ကုမ္ပဏီက မထုတ်ပြန်သေးပါဘူး။ Bio Farma က Sinovac ကုမ္ပဏီရဲ့ ကာကွယ်ဆေးလုံး ၇၆၀,၀၀၀ ကို ပြည်နယ် ၃၄ ခုမှာပေးပို့ထားပြီးပါပြီ။ အင်ဒိုနီးရှားက ကာကွယ်ဆေးလုံး ၃၂၉ သန်းမှာယူထားတဲ့အထဲမှာ Pfizerနဲ့ မိတ်ဖက် BioNTech ထုတ်ဆေးတွေအပြင် AztraZeneca ရဲ့ ကာကွယ်ဆေးတွေကိုလည်း ပါဝင်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/indonesia-covid-vaccine/5725068.html
![အင်ဒိုနီးရှားမှာ ကိုဗစ်ကာကွယ်ဆေး ဇန်နဝါရီ ၁၃ စတင်ထိုးနှံမည်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRAKpRnLm8Fz3gvhiMbP_r83QI1pxCHtfr_mKYL4nd08yIUm93Kj3lKxiho0fYGZ2QUsjKuFlvyKm2WaFpjmeLSk_g8M3zKaO5ZZI868TClirydgW1UqYu-pk6gvsYz0x3bTNkd6Z0EY/s72-w588-c-h331/17.jpg)
No comments:
Post a Comment