ကိုဗစ်ကာကွယ်ဆေးတွေကို ဆေးရုံကြီးတွေမှာ ထိုးပေးမည် အိန္ဒိယက ပို့လိုက်တဲ့ COVISHIELD ကိုဗစ်ကာကွယ်ဆေးတွေကို ရန်ကုန်လေဆိပ်မှာ ၂၀၂၁ ဇန်နဝါရီ ၂၂ ရက်နေ့က သယ်ဆောင်နေစဉ်
Photo: Aung Thein Kha/ RFA
ကိုဗစ် ၁၉ ကာကွယ်ဆေးကို ဆေးရုံကြီးတွေမှာသာ ထိုးပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနက ပြောပါတယ်။
ကာကွယ်ဆေးထိုးဖို့ သမားတော်ဆရာဝန်ကြီးတွေကိုယ်တိုင် ကြီးကြပ်ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းမြင့်က ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြောပါတယ်။
"ဆေးရုံကြီးအခြေပြုရင် တစ်ခုခုဖြစ်ရင် ဆေးရုံကြီးမှာ တန်းတက်ရုံပါပဲ၊ ချက်ခြင်းလက်ငင်း ကုသမှု ပေးနိုင်ဖို့ပါ။ တိုက်နယ်ဆေးရုံတွေမပေးပါဘူး၊ မြို့နယ်ဆေးရုံတွေမှာ သက်ဆိုင်ရာ သမားတော်တွေနဲ့ လုပ်မှာပါ။ ဆေးထိုးတဲ့အပိုင်းမှာလည်း သင်တန်းတွေပေးပါမယ်။ တနင်္လာနဲ့ အင်္ဂါမှာ သင်တန်းပေးပါမယ်"
မန္တလေးတိုင်းအတွင်း ကိုဗစ် ၁၉ ရောဂါပိုး မကူးစက်စေဖို့ မိသားစုအချင်းချင်း တစ်ဦးကိုတစ်ဦး အသိပေးတဲ့ အနေနဲ့ မိသားစုသတိပေး စီမံချက်ကို အမျိုးသားရေးအသွင်နဲ့ လာမယ့်ရက်ပိုင်းမှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ကို ကာကွယ်ဆေးထိုးပေးဖို့ ဆောင်ရွက်ထားပြီး ထိုးပေးရမယ့်အရေအတွက် အတိအကျ မသိရသေးသလို ဘယ်နေ့ စတင်မယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့အထိ မန္တလေးတိုင်းအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ၁၆၂၃၁ယောက်၊ ဆေးရုံတက်ရောက် ကုသနေသူ ၁၄၆၅ ယောက်၊ သေဆုံးသူ ၄၁၈ယောက် ရှိပြီဖြစ်ပါတယ်။ မန္တလေး ခုနစ်မြို့နယ်ဟာ ဒီရက်တွေ အတွင်း ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာနေပြီး ကျေးရွာတွေမှာ အတွေ့ရများနေတယ်လို့လည်း သိရပါတယ်။
တစ်ပြည်လုံးအတိုင်းအတာအရ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ပိုးကူးစက်ခံထားရသူ စုစုပေါင်း ၁၃၆၅၉၁ ဦးရှိပြီး သေဆုံးသူ ၃၀၃၁ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/covid-19-vaccine-injection-mandalay-01232021061350.html

No comments:
Post a Comment