ကိုဗစ်ကာကွယ်ဆေးထိုးထားသူကနေ တခြားသူကို ဆက်ကူးနိုင်ခြေရှိတယ်လို့ဆို

ယူကေနိုင်ငံမှာ ကာကွယ်ဆေးအထိုးခံပြီးသူ များများရှိဖို့အတွက် နှစ်လုံးထိုးရမယ့် ကာကွယ်ဆေးကို ၁၂ ပတ်အထိ ခြားပြီး တစ်ကြိမ်တည်းမှာ များများထိုးပေးထားဖို့ ဆုံးဖြတ်ထား

ယူကေနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး အထိုးခံပြီးတဲ့သူတွေ အနေနဲ့ သူတို့မှာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိနေတယ်ဆိုရင် သူတစ်ပါးကို ကူးနိုင်သေးတဲ့အတွက် ဒီလိုအထိုးခံပြီးသူတွေက ကိုဗစ်ကာကွယ်ရေး အသွားအလာ အကန့်အသတ် လော့ဒေါင်းဆိုင်ရာ ညွှန်ကြားချက်တွေကို ဆက်လက် လိုက်နာနေဖို့ လိုအပ်တယ်လို့ ယူကေနိုင်ငံ အင်္ဂလန်နယ်ရဲ့ ဆေးဘက်ဆိုင်ရာ ဒုအရာရှိချုပ် ဂျော်နသန် ဗန်တမ်က ပြောကြားလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ သိပ္ပံပညာရှင်တွေ အနေနဲ့ ကိုဗစ်ရောဂါ ပျံ့နှံ့မှုအပေါ် ကာကွယ်ဆေးရဲ့ သက်ရောက်ပုံကို သေသေချာချာ မသိရှိသေးတဲ့အတွက် ကိုဗစ်ပျံ့နှံ့မှုနှုန်းက ဆက်ပြီး မြန်မြန်ဆန်ဆန် ကျဆင်းနေဖို့လည်း လိုအပ်တယ်လို့လည်း သူက တနင်္ဂနွေ တယ်လီဂရတ်ဖ် သတင်းစာမှာ ရေးသားလိုက်တဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

ပါမောက္ခ ဗမ်တမ်ရဲ့ အဆိုအရ ကိုဗစ်ကာကွယ်ဆေး ပထမအလုံး ထိုးအပြီး သုံးပတ်လောက်အထိ ကာကွယ်နိုင်စွမ်း တက်လာအောင် စောင့်ရမှာဖြစ်တဲ့အတွက် အဲဒီ သုံးပတ်လောက်အထိ ကာလအတွင်းမှာ ကိုဗစ်ကူးနိုင်သေးပြီး အဲဒီလို ကူးတာကနေ တခြားသူတွေဆီကိုလည်း ဆက်ပျံ့နှံ့နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံမှာ ကာကွယ်ဆေးအထိုးခံပြီးသူ များများရှိဖို့အတွက် နှစ်လုံးထိုးရမယ့် ကာကွယ်ဆေးကို ၁၂ ပတ်အထိ ခြားပြီး တစ်ကြိမ်တည်းမှာ များများထိုးပေးထားဖို့ ယူကေ ကျန်းမာရေး အာဏာပိုင်တွေက ဆုံးဖြတ်ထားပါတယ်။

ယူကေနိုင်ငံမှာ ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး သုံးမျိုးထဲက ပထမဆုံး ထိုးဖြစ်တဲ့ ကာကွယ်ဆေးကို ထုတ်လုပ်သူ ဖိုင်ဇာ ကုမ္ပဏီကတော့ ကိုဗစ်ကာကွယ်ဆေးထိုးရာမှာ ပထမတစ်လုံးအပြီး သုံးပတ်မြောက်မှာ နောက်တစ်လုံးထပ်ထိုးဖို့ လမ်းညွှန်ထားပြီး ပထမအလုံး စထိုးအပြီး ၂၈ ရက်မြောက် (ကြားထဲမှာလည်း ဒုတိယအလုံးထိုးပြီး) တဲ့အချိန်ရောက်မှာ ကာကွယ်ဆေးရဲ့ ကိုဗစ်ကာကွယ်နိုင်စွမ်းကို အပြည့်အဝရမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ယူကေနိုင်ငံက ဝါရင့် ဆရာဝန်တွေက ပြည်တွင်းက ဖိုင်ဇာထုတ် ကာကွယ်ဆေး အထိုးခံသူတွေဟာ ပထမတစ်လုံးနဲ့ ဒုတိယတစ်လုံးကြား ၁၂ ပတ်လောက်အထိ ခြားနေတဲ့ ကာလကို ပြန်ချုံ့ပေးဖို့ တောင်းဆိုထားကြပါတယ်။

ဗြိတိသျှဆေးပညာအစည်းအရုံးကလည်း ဆေးအာနိသင့် လျော့သွားနိုင်တဲ့အတွက် အခုလို ကာကွယ်ဆေး တစ်လုံးနဲ့တစ်လုံး ၁၂ ပတ်အထိ မခြားသင့်ဘဲ ခြောက်ပတ်လောက်အထိပဲ ခြားသင့်တယ်လို့ ပြောဆိုထားပါတယ်။

ဖိအားတွေများနေတဲ့ အထူးကြပ်မတ်ကုသဌာနက အခြေအနေ

လောလောဆယ်မှာ အသေအပျောက် အများဆုံးဖြစ်တတ်တဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာ အရေအတွက် လေးပုံ၊ သုံးပုံလောက်မှာအထိ သက်ကြီးရွယ်အိုတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပြီး ဖြစ်သလို၊ ယူကေတစ်နိုင်ငံလုံးရဲ့ အသက် ၈၀ အထက် သက်ကြီးရွယ်အို လေးပုံ သုံးပုံအထိကိုလည်း ကာကွယ်ဆေးထိုးပြီး ဖြစ်တယ်လို့ ယူကေ ကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က စကိုင်းသတင်းဌာနကကို ပြောဆိုခဲ့ပါတယ်။

ယူကေတစ်နိုင်ငံလုံး ကာကွယ်ဆေး ပထမအလုံး အထိုးခံပြီးသူ စုစုပေါင်း အရေအတွက်ကတော့ ၅.၈ သန်းရှိနေပါတယ်။

အခုလို ကာကွယ်ဆေး ထိုးပေးမှုတွေ လုပ်ဖို့အတွက် တစ်ကြိမ်တည်းမှာ လူအမြောက်အမြားကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်တဲ့ ဌာန ၄၉ ခုအထိ နေရာချသွားဖို့ရှိပြီး ဆေးအရောင်းဆိုင်အကြီးစား အခု ၇၀၊ အထွေထွေ ရောဂါကု ဆရာဝန်ဆေးခန်း တစ်ထောင်ကျော်နဲ့ ဆေးရုံစုစုပေါင်း ၂၅၀ တို့မှာလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ယူကေ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

စကော့တလန်မှာ ဆိုရင်တော့ စကော့တလန် နယ်အတွင်းက အသက် ၈၀ ကျော်အရွယ် လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံအထိ ကိုဗစ် ကာကွယ်ဆေး ပထမအလုံးတွေ ထိုးပေးထားနိုင်တယ်လို့ စကော့တလန် ဝန်ကြီးချုပ် နစ်ကလပ် စတာဂျင်က ပြောပါတယ်။

မြောက်အိုင်ယာလန်နယ်မှာ ဆိုရင်လည်း အသက် ၈၀ ကျော်အရွယ် လူဦးရေ စုစုပေါင်းရဲ့ တစ်ဝက်ကျော်အထိ ကိုဗစ်ကာကွယ်ဆေး ပထမအလုံးတွေ ထိုးထားပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့တဲ့ ဝူဟန်မြို့အခြေအနေ

ယူကေနိုင်ငံရဲ့ လတ်တလော နေ့စဥ် ကိုဗစ်ကူးသူ တွေ့ရှိမှုနဲ့ သေဆုံးမှုကို ကြည့်မယ်ဆိုရင်တော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အဲဒီနေ့ မတိုင်ခင် ၂၈ ရက်အတွင်းက ကိုဗစ်ကူးစက်ခံထားသူတွေထဲက ၁၃၄၈ ဦး သေဆုံးခဲ့ပြီး ကိုဗစ်ကူးနေကြောင်း တွေ့ရှိရသူအသစ် ၃၃၅၅၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံအတွင်း လက်ရှိ ကိုဗစ်ပိုးကြောင့်ဖြစ်တဲ့ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေထဲက ၄၀၇၆ ယောက်အထိ အောက်စီဂျင် အသက်ရှူစက် တပ်ပေးထားရတဲ့အထိ အခြေအနေဆိုးဝါးသူရှိပါတယ်။

ဒါဟာ ယူကေနိုင်ငံမှာ ကနဦး ကိုဗစ် ကပ်ရောဂါအခြေအနေ စဖြစ်ကာစ ကာလက စံချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၂ ရက်နေ့ စာရင်းဇယားအရ အောက်စီဂျင် အသက်ရှူစက် တပ်ပေးထားရသူ ကိုဗစ်လူနာ ၃၃၀၁ ထက် များနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကိုယ်တိုင်က လက်ရှိ ယူကေမှာ ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲဟာ ကူစက်နိုင်စွမ်း ပိုမြန်ရုံသာမက ကူးမိရင် အသက်အန္တရာယ် ပိုရှိတာမျိုး ဖြစ်နိုင်တယ်လို့ ပြောဆိုထားပြီး သိပ္ပံပညာရှင်တွေကတော့ ဒီလို ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့က စောသေးတယ်လို့ တုံ့ပြန်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55787617

ကိုဗစ်ကာကွယ်ဆေးထိုးထားသူကနေ တခြားသူကို ဆက်ကူးနိုင်ခြေရှိတယ်လို့ဆို  ကိုဗစ်ကာကွယ်ဆေးထိုးထားသူကနေ တခြားသူကို ဆက်ကူးနိုင်ခြေရှိတယ်လို့ဆို Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.