အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်အတည်ပြုလူနာ သန်း ၂၅ သန်းကျော်ပြီ

California ပြည်နယ် Los Angeles မြို့က ကိုဗစ်ရောဂါစစ်ဆေးပေးတဲ့နေရာတခု။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ တနင်္ဂနွေနေ့က ၂၅ သန်းကျော်သွားပါပြီ။ ဒီအခြေအနေမှာပဲ ပြည်သူသန်းနဲ့ချီအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေ နှောင့်နှေးနေသေးတယ်လို့ သမ္မတသစ် Joe Biden အစိုးရက တနင်္ဂနွေနေ့က ပြောကြားပါတယ်။ ဒါပေမဲ့ ကိုဗစ်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကြောင့် ရှေ့ ၃ လအတွင်း တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ လူသားရင်းမြစ်ဝန်ကြီးအဖြစ် သမ္မတ Biden ရွေးချယ်ထားတဲ့ Xavier Becerra က CNN ရုပ်သံကို ပြောကြားခဲ့ပါတယ်။ ဖြစ်နေတဲ့ ကပ်ရောဂါပြဿနာကို ချက်ချင်း ဖြေရှင်းလို့ မရပေမဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် အစိုးရသစ်အနေနဲ့ ပိုကြိုးစားလုပ်နိုင်ပါတယ်လို့ သူကပြောပါတယ်။

Biden အစိုးရက သူ့သမ္မတ တာဝန်ယူပြီး ရက် ၁၀၀ အတွင်း ပြည်သူ သန်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်မြန်မြန်ဆန်ဆန် လုပ်ရမှာဖြစ်ပေမဲ့ ကာကွယ်ဆေး လောလောဆယ် အလုံအလောက်မရှိဘူးလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန CDC ညွှန်ကြားရေးမှူးသစ် Dr. Rochelle Walensky ကလည်း Fox News Sunday အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ အစိုးရဆီမှာ ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်ရှိနေသလဲဆိုတာ မပြောနိုင်တာက အဓိကပြဿနာကြီးတခုဖြစ်တယ်လို့ သူကပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နိုင်ဖို့အတွက် ကာကွယ်ဆေး ဘယ်လောက်ရမလဲဆိုတာ သူတို့ကို လက်ရှိမှာ မပြောနိုင်ဘူးလို့ သူကပြောပါတယ်။

မတ်လ မကုန်ခင် အခြေအနေတွေ တိုးတက်လာမယ်လို့တော့ သူကမေ ျှာ်လင့်ထားပါတယ်။ အမေရိကန်အစိုးရ အတည်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ် မျိုးနဲ့ ကိုဗစ်ရောဂါ ကုသရေးအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တိုးမြှင့်ထုတ်လုပ်ဖို့ သမ္မတအမိန့် ၂ ခုကို သမ္မတသစ် Biden ပြီးခဲ့တဲ့သီတင်းပတ်ကတော့ လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-us-main/5750558.html

အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်အတည်ပြုလူနာ သန်း ၂၅ သန်းကျော်ပြီ အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်အတည်ပြုလူနာ သန်း ၂၅ သန်းကျော်ပြီ Reviewed by THITHTOOLWIN on 18:32 Rating: 5

No comments:

Powered by Blogger.