လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော

လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော ဆည်တည်းကျေးရွာဟောင်းအနီးမှာ မြေယာလျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူတွေ ၂၀၂၁ ဇန်နဝါရီ ၂၅ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် / Photo: Khaymani Win / RFA

တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲမှာ ပါနေတဲ့ မြေယာတွေအတွက် အစိုးရ၊ ကုမ္ပဏီနဲ့ ဒေသခံတွေအကြား လျော်ကြေးကိစ္စ အခုချိန်ထိ ပြေလည်မှု မရသေးပါဘူး။ ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အစီရင်ခံစာပါအချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ ဒေသခံတွေက စွပ်စွဲလိုက်ပါတယ်

ဆားလင်းကြီးမြို့နယ်မှာ အစိုးရက ကြေးနီတူးဖော်ဖို့ ခွင့်ပြုထားတဲ့ မြေနေရာအတွက် ဒေသခံတွေကို ကုမ္ပဏီက နစ်နာကြေးပေးတာမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင် ချိန်က ထုတ်ထားတဲ့ အစီရင်ခံစာပါ အချက်တွေအတိုင်း တာဝန်ရှိသူတွေက မလိုက်နာဘူးလို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ဆည်တည်းကျေးရွာဟောင်းအနီးမှာ မြေယာလျော်ကြေးယူမထားသေးတဲ့ ဒေသခံတောင်သူတွေ ဒီနေ့ စုပေါင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

လက်ပံတောင်းတောင်အရေးအခင်းမှာ ပြဿနာဖြေရှင်းဖို့ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

ဒီအစီရင်ခံစာပါ တိုက်တွန်းချက်တွေကို လိုက်နာမှုမရှိတာလို့ တုံတောကျောင်းရွာက ဦးဝင်းနိုင်က ပြောပါတယ်။

“ တောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာဆောင်ရွက်ပေးစေချင်တာ။ အခုနေအတိုင်းအတာရ သူတို့ပေးနေတဲ့ တောင်သူတွေ ကျေနပ်နိုင်တာမျိုးဖြစ်မလာဘူး၊ အစီရင်ခံစာ အတိုင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိကြတာပေါ့ ”

မြေယာလျော်ကြေးကိစ္စ ဒေသခံတောင်သူတွေနဲ့ ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းမီဒီယာတစ်ခုမှာ တိုင်းဒေသကြီးအစိုးရက ပြောကြားထားတာ မှားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၁၂ ခုနှစ်က ထုတ်တဲ့ အစီရင်ခံစာမှာတော့ မြေလျော်ကြေးဟာ ကာလတန်ဖိုးထက်များစွာ လျော့နည်းနေလို့ ထပ်မံတိုးပေးဖို့နဲ့ လိုအပ်တဲ့ မြေပမာဏကိုသာ သိမ်းဆည်းပြီး မလိုရင် တောင်သူတွေကို ပြန်လည်ခွဲဝေပေးဖို့ အကြံပြုထားပါတယ်။

အစီရင်ခံစာ မထွက်ခင် ၂၀၁၀ ခုနှစ်မှာတော့ သီးနှံလျော်ကြေးဆိုပြီး တစ်ဧကကို ငါးသိန်းနှစ်သောင်းနှုန်းနဲ့ သတ်မှတ်ထားတာပါ။ အစီရင်ခံစာထွက်ပြီးနောက် ၂၀၁၃ ခုနှစ်မှာတော့ တစ်ဧကကို ၁၈ သိန်းနှုန်းနဲ့ မြေယာလျော်ကြေးပေးဖို့ဆိုပြီး အစိုးရက သတ်မှတ်ထုတ်ပြန်ခဲ့တာပါ။ အဲဒီနှုန်းထားကို လက်မခံတဲ့သူတွေ ရှိနေပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ တောင်သူတွေက ၂၀၁၃ ခုနှစ်က နှုန်းထားအတိုင်း အခု ၂၀၂၁ မှာ လျော်ကြေးပေးမှာကို လက်မခံကြပါဘူး။

လျော်ကြေးအနေနဲ့ တစ်ဧက ၁၈ သိန်းဆိုတာ လက်ရှိ ခေတ်ကာလအရ ထိုက်တန်တဲ့ဈေးနှုန်း မဟုတ်လို့ လျော်ကြေးမထုတ်ဘူးလို့ တုံရွာမကျေးရွာက မြေသိမ်းခံတောင်သူ ဒေါ်သိန်းမြိုင်က ပြောပါတယ်။

“ မြေယာလျော်ကြေး ၉၅ ရာခိုင်နှုန်းပြည့်မှ ဘဏ်ကွာဟချက်ဆိုတာကလည်း ကိုးသိန်းလည်း ပြောတယ်။ ရှစ်သိန်းလည်းပြောတယ်။ မသေချာသေးဘူး။ ဆည်တည်းရွာကြီး အကုန်ပြောင်းမှဆက်ပေးမှာ။ အခုက ၁၈ သိန်းပဲ၊ အခုခေတ်ကြီးထဲမှာ ၁၈ သိန်းဆိုတာက ဘာလုပ်လို့ရမှာလဲ၊ ရွာထဲဖျားရင်တောင် ဟိုသွား ဒီလာနဲ့ ကုန်သွားမှာ၊ မြေ ငါးဧကပါသွားတယ်။ သူတို့ပေးတဲ့ ပုံစံအတိုင်းဆို ၂၀၀တောင် မပြည့်တော့ဘူး။ ဘယ်လိုဆက်သွားရမှာလဲ၊ လုပ်ငန်းကိုင်ငန်းကလည်းမဖြစ်ဘူး”

သိမ်းဆည်းခံတောင်သူတွေနဲ့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က မြေယာအရေးဆွေးနွေးတာ အောင်မြင်တယ်ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဆွေးနွေးတဲ့ တာဝန်ရှိသူတွေရဲ့ နာမည်တွေကိုသာ ဖော်ပြထားပြီး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတာ မရှိခဲ့ပါဘူး။

တိုင်းအစိုးရကတော့ တောင်သူတွေနဲ့ ညှိနှိုင်းပြီးဖြစ်လို့ အခုလိုတောင်းဆိုနေတဲ့သူတွေက အမှန်တကယ် တောင်သူတွေ ဟုတ်ရဲ့လားဆိုတာ စဉ်းစားရမယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

“ လူဆိုတာက အမျိုးမျိုးပဲ၊ သွေးထုံးလှုံ့ဆော်တာတို့လည်း ရှိရင်ရှိမယ်၊ မရှိချင်မရှိဘူးပေါ့၊ ပေးတယ် ဆိုတာကလည်း စည်းနဲ့ကမ်းနဲ့ ဥပဒေဘောင်နဲ့ ပေးသင့်ပေးထိုက်တာမှ ပေးလို့ရမှာ၊ ဒီတစ်ယောက် ဒီဈေးပေး၊ ဟိုတစ်ယောက် ဟိုဈေးပေး လုပ်လို့မရဘူး”

မြေယာလျော်ကြေးယူထားတဲ့ စာရင်းအရေအတွက်ကတော့ အခုအချိန်မှာ အတိအကျမသိနိုင်သေးဘူးလို့ ဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

ဒေသခံတွေ ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးကို RFA က အီးမေးလ်ကတဆင့် မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

မြန်မာဝမ်ပေါင်ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ (ရန်ကုန်ရုံးခွဲတာဝန်ခံ) မစ္စတာ ဒေါင်းယန်ဖီး (Mr. Dong Yunfei)က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာပါအချက်တွေကို အတိအကျ လိုက်နာ ဆောင်ရွက်နေပြီး အကြံပြုချက် ၄၂ ချက်ထဲက ၃၈ ချက်ကို ဆောင်ရွက်ပြီးဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ ရေရှည်ဆောင်ရွက်မယ့် အချက် လေးချက်ကို ဆက်လက် အကောင်အထည်ဖော်နေတယ်လို့ RFAကို ဒီကနေ့ပဲ အင်တာနက်က တဆင့်ပြန်လည်ဖြေကြားပါတယ်။

ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက အချက် ငါးချက်ကို လက်မခံနိုင်ကြောင်းလည်း မစ္စတာ ဒေါင်းယန်ဖီးက ပြောပါတယ်။ အဲဒီအချက်တွေက

(၁) ၂၀၁၃ ခုနှစ်ကတည်းက မထုတ်ရသေးတဲ့ မြေယာလျော်ကြေးကို ဘဏ်တိုးနှုန်းနဲ့ တွက်ချက်ပေးဖို့

(၂) မြေယာအမျိုးအစား မခွဲခြားဘဲ မြေယာလျော်ကြေး မထုတ်ယူသေးတဲ့ တောင်သူတွေကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးထုတ်ပေးဖို့

(၃) စိုက်ပျိုးခွင့်မရတဲ့ နှစ်တွေအလိုက် တွက်ချက်ပြီး သီးနှံနစ်နာကြေးတွေ ထုတ်ပေးဖို့

(၄) ကုမ္ပဏီက အပေါ်ယံမြေသားဖယ်ရှားတဲ့ လုပ်ငန်းအတိုင်း မြေယာတွေကို (၁) ဧက ကျပ်သိန်း (၁၀၀) နှုန်းနဲ့ ထုတ်ပေးဖို့

(၅) အစားထိုးမြေဧက (၁၉၀၀) ကို မြေယာသိမ်းခံရတဲ့ ကျေးရွာအနီးအနားမှာ ရှာဖွေပေးဖို့ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲက မြေယာတွေအတွက် လျော်ကြေးကိစ္စနဲ့ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် မတ်လက အမျိုးသားလွှတ်တော်မှာ NLD ပါတီကိုယ်စားလှယ် ဦးရဲထွဋ်က မေးမြန်းခဲ့ဖူးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာလျော်ကြေး မထုတ်ရသေးသူတွေကို ကာလပေါက်ဈေး တစ်ဧက သိန်း ၁၉၀ နှုန်းနဲ့ ပေးဖို့ ရှိ၊ မရှိ မေးခဲ့ရာမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကာလပေါက်ဈေးနဲ့ ပေးဖို့ မဖြစ်နိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အစိုးရက မြေသိမ်းယူချိန်မှာကတည်းက လက်ပံတောင်းတောင် အနီးတစ်ဝိုက်က မြေယာဈေးနှုန်းဟာ တစ်ဧကကို အနည်းဆုံး ကျပ်သိန်း ၇၀ ဈေးနှုန်းရှိတယ်လို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။

ဒေသခံတွေဟာ အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲက မြေယာပြဿနာပြေလည်မယ်လို့ မျှော်လင့်နေကြတယ်လို့ ဆည်တည်း ရွာဟောင်းက မြေယာသိမ်းဆည်းခံခဲ့ရတဲ့ မမာမာဝင်းက အခုလိုပြောပါတယ်။

“ ဘယ်ပါတီတွေဝင်လာ၊ ဝင်လာ NLD ကိုမဲပေးမှဖြစ်မှာ၊ နိုင်ရင်တော့ ငါတို့ လက်ပံတောင်းတောင်ကိစ္စ ဖြေရှင်းပေးမှာပဲဆိုတဲ့ အားတင်းစိတ်ကလေးနဲ့ မဲပေးထားတယ်။ အစိုးရက လက်ပံတောင်း စီမံကိန်းကို လုပ်ပေးဖို့ မျှော်လင့်နေတယ်။ တိုက်တွန်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ သိစေချင်ပါတယ်”

ဒီစီမံကိန်းဟာ ဧက ၇၈၆၇ မှာ ဖော်ဆောင်နေတာဖြစ်ပြီး နှစ် ၆၀ စီမံကိန်းဖြစ်ပါတယ်။

စီမံကိန်းနားက ဝက်မှေး၊ ကံတော၊ ဆည်တည်းနဲ့ ဇီးတောကျေးရွာတွေက ရွာလုံးကျွတ် မြေယာသိမ်းဆည်း ခံထားရတာဖြစ်ပြီး ရွာပေါင်း ၂၆ ရွာက မြေယာတွေ သိမ်းဆည်းခံထားရတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/latpandaung-land-negotiation-01252021060426.html

လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော Reviewed by THITHTOOLWIN on 18:25 Rating: 5

No comments:

Powered by Blogger.