နှစ်ကြိမ်မြောက် စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ သမ္မတထရမ့် ဘာတွေ ကြုံရမလဲ

သမ္မတထရမ့်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လူတွေ သေဆုံးရတဲ့အထိ ဖြစ်ခဲ့တဲ့ ကွန်ဂရက်လွှတ်တော်ကို လူအုပ်နဲ့ ဝင်စီးခဲ့မှုနဲ့ ပတ်သက်ပြီး "ဆူပူဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့တယ်" လို့ စွပ်စွဲခံရတဲ့နောက် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်ဖို့ နှစ်ကြိမ်မြောက် အတင်ခံရတဲ့ ပထမဦးဆုံး သမ္မတ ဖြစ်လာပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ မမှန်တာတွေ ပြောပြီး အကြမ်းဖက်ဖို့ မစ္စတာ ထရမ့်က အားပေးခဲ့တယ်လို့ အောက်လွှတ်တော်က အမတ်တွေက စွပ်စွဲထားပါတယ်။

အခုသူဟာ ဆီးနိတ် အထက်လွှတ်တော်မှာ စီရင် အဆုံးအဖြတ်ပေးတာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ စီရင်မှုက လာမယ့် ဗုဒ္ဓဟူးနေ့ သူ ရာထူးကနေ မဆင်းပေးခင်အချိန် မတိုင်ခင်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

သူနောက်ထပ် လူထုကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အရွေးမခံဖို့ အထက်လွှတ်တော် အမတ်တွေက မဲဆန္ဒပေးပြီး တားမြစ်တာမျိုးအထိတော့ ဖြစ်သွားနိုင်ပါတယ်။

ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ ဇန်နဝါရီ ၁၃ ရက် ဗုဒ္ဓဟူးနေ့က သူ့ကို စွပ်စွဲ ပြစ်တင်သင့် မသင့် ဆန္ဒပေးကြရာမှာ ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲနဲ့ စွပ်စွဲပြစ်တင်ဖို့ တင်တဲ့သူတွေဘက်က အနိုင်ရသွားခဲ့ပါတယ်။

သမ္မတထရမ့်ကြောင့် ခြိမ်းခြောက်မှု အန္တရာယ် ကျရောက်လာနိုင်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ကပြော

မစ္စတာ ထရမ့်ရဲ့ ရီဘတ်ပလီကန် ပါတီက အောက်လွှတ်တော်အမတ် ၁၀ ယောက်ကလည်း ဒီမိုကရက်တွေဘက်က မဲထည့်ခဲ့ပါတယ်။

အောက်လွှတ်တော် မဲရလဒ် ထွက်လာအပြီး ဗီဒီယိုကတဆင့် ထုတ်ပြန်တဲ့ မစ္စတာ ထရမ့်ရဲ့ မိန့်ခွန်းထဲမှာတော့ ဒီ စွပ်စွဲပြစ်တင်တဲ့ ကိစ္စကို ထည့်မပြောဘဲ သူ့ကို ထောက်ခံသူတွေကို အေးဆေး ငြိမ်သက်စွာနေကြဖို့ ပန်ကြား ခဲ့ပါတယ်။

"အကြမ်းဖက်တာတွေ ဖျက်ဆီးတာတွေ လုပ်မယ့်သူတွေအတွက် ကျွန်တော်တို့နိုင်ငံက ဘယ်နေရာကိုမှ ပေးမထားပါဘူး" "ကျွန်တော့်ကို ထောက်ခံသူ အစစ်အမှန်တွေက နိုင်ငံရေး အကြမ်းဖက်တာတွေကို မလုပ်ကြဘူး" လို့ အေးဆေးပြီး ပြန်လည်ရင်ကြားစေ့စေတဲ့ လေသံနဲ့ သူက ပြောသွားပါတယ်။

သမ္မတထရမ့်ကို ရာထူးက ဖြုတ်ချရေး ဒုတိယအကြိမ် ကြိုးပမ်းချက်

ဒီမိုကရက်တစ် ဂျိုးဘိုင်ဒန် အမေရိကန် သမ္မတရာထူး စတင်ယူမယ့် အခမ်းအနားမတိုင်မီ ရက်ပိုင်း အလိုလောက် မှာပဲ ဝါရှင်တန် ဒီစီနဲ့ ပြည်နယ်အကုန်လုံးရဲ့ မြို့တော်တွေမှာ လက်နက်ကိုင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်လို့ FBI က သတိပေးထားပါတယ်။

ကက်ပီတယ်ဟေး လွှတ်တော်အဆောက်အအုံအတွင်းနဲ့ အပြင်မှာလည်း အမျိုးသား လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ကြည့်နေပါတယ်။

ထရမ့်ကို စွပ်စွဲတာတွေက ဘာတွေလဲ

လွှတ်တော်အခန်းထဲ ရောက်နေတဲ့ ဆန္သပြသူ တစ်ယောက်

Confederate အလံကို ကိုင်ထားတဲ့ ဆန္ဒပြသူတစ်ယောက် လွှတ်တော်အခန်းထဲ ဝင်ရောက်လာတာတွေ့ရစဉ်

စွပ်စွဲပြစ်တင် အရေးယူဖို့ တင်တာဟာ နိုင်ငံရေးအရ အရေးယူဖို့ လုပ်တာပါ၊ ရာဇဝတ်ကြောင်းအရ မဟုတ်ပါဘူး။

ဇန်နဝါရီလ ၆ ရက်နေ့မှာ အိမ်ဖြူတော် အပြင်ဘက်ကို ရောက်နေကြတဲ့ သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်းပြောပြီး ကက်ပီတယ်ဟေး လွှတ်တော်ကို ဝင်စီးကြဖို့ သမ္မတက လှုံ့ဆော်ခဲ့တယ်လို့ အောက်လွှတ်တော်က သမ္မတကို စွပ်စွဲတာပါ။

သူက "ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မျိုးချစ်စိတ်ရှိရှိ" ဆန္ဒထုတ်ဖော်ကြဖို့၊ အခိုးခံလိုက်ရတဲ ရွေးကောက်ပွဲအတွက် "ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကြ"စတဲ့ စကားတွေ သုံးပြီး သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

သမ္မတက အဲဒီလိုစကားတွေ ပြောပြီးတဲ့နောက်မှာ သူ့ကို ထောက်ခံသူတွေက ကက်ပီတယ်ဟေးလ်ကို ဝင်စီးခဲ့တဲ့ အတွက် ရွေးကောက်ပွဲရလဒ်ကို အတည်ပြုမယ့် လွှတ်တော်အမတ်တွေ ဘေးလွတ်ရာကို ပြေးခိုလှုံခဲ့ရပါတယ်။

လွှတ်တော် အဆောက်အအုံကိုလည်း ပိတ်ချခဲ့ရတဲ့အထိ ဖြစ်ခဲ့သလို၊ အဓိကရုဏ်းအတွင်း လူ ၅ ယောက်လည်း အသက်ဆုံးပါးခဲ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး

လက်နက်အပြည့်အစုံတပ်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး

အောက်လွှတ်တော်က စွပ်စွဲပြစ်တင်တဲ့အချက်တွေထဲမှာ မစ္စတာ ထရမ့်အနေနဲ့ "သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး မသမာမှုတွေလို့ဆိုကာ အမှားတွေကို ထပ်ခါထပ်ခါပြောနေခဲ့တယ်၊ ဒါတွေဟာ ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာမရှိဘူး" ဆိုတာလည်း ပါဝင်ပါတယ်။

ဒီလို ထပ်ခါထပ်ခါ ပြောဆိုမှုတွေက လူအုပ်ကို ကက်ပီတယ်ဟေးလ် ကို ဝင်စီးကြ တဲ့အထိ ဥပဒေကို ချိုးဖောက်အောင် ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

"သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အစိုးရဆိုင်ရာ ဌာနအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား အန္တရာယ်ပေးခဲ့တယ်၊ ဒီမိုကရေစီ စနစ်ရဲ့ ဂုဏ်တန်ဖိုးကို ခြိမ်းခြောက်ခဲ့တယ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးကို စွက်ဖက်ခဲ့တယ်"လို့ လည်း စွပ်စွဲချက်တွေထဲမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရွေးကောက်ပွဲရလဒ် အတည်ပြုဖို့ အောက်လွှတ်တော်မှာ မဲပေးရာမှာ ရီဘတ်ပလီကန် အမတ် ၁၃၉ ယောက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့သလို မစ္စတာ ထရမ့် ရှုံးတယ်ဆိုတာကို လက်မခံပါဘူး။

ရှေ့ဆက်ဘာဖြစ်လာမှာလဲ

ပြီးခဲ့တဲ့ သီတင်းပတ်က လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး အမေရိကန် လွှတ်တော်အဆောက်အအုံမှာ လုံခြုံရေးတွေ တိုးမြှင့်ချထား

စွပ်စွဲပြစ်တင်တဲ့ စွဲချက်တင်ချက်က ဆီးနိတ် အထက်လွှတ်တော်ကို ရောက်သွားပါပြီ။ အဲဒီမှာ သမ္မတ အပြစ်ရှိ၊ မရှိ စီရင်ပါလိမ့်မယ်။

အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ အထက်လွှတ်တော် အမတ် စုစုပေါင်းရဲ့ သုံးပုံ နှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်၊ သဘောကတော့ ဆီးနိတ်အထက်လွှတ်တော် အမတ် စုစုပေါင်း ၁၀၀ ရှိပြီး ဒီမိုကရက်နဲ့ ရီဘတ်ပလီကန်တို့က တစ်ဝက်စီရှိနေတာမို့ ရီပတ်ပလီကန် အမတ် အနည်းဆုံး ၁၇ ယောက်က ထောက်ခံဖို့ လိုအပ်ပါလိမ့်မယ်။

နယူးယော့ခ်တိုင်းမ် သတင်းစာ အင်္ဂါနေ့ကရေးတဲ့အထဲမှာတော့ ရီဘတ်ပလီကန် ဆီးနိတ်အမတ် အယောက် ၂၀ လောက်က သမ္မတကို အရေးယူဖို့ ပြောနေကြတယ် ဆိုတာ ပါပါတယ်။

တကယ်လို့သာ မစ္စတာ ထရမ့်ဟာ အပြစ်ရှိကြောင်း ဆီးနိတ်လွှတ်တော်မှာ အမတ်တွေက ဆုံးဖြတ်လိုက်မယ် ဆိုရင် သူ့အနေနဲ့ နောက်ထပ် ရွေးကောက်ပွဲတွေ ဝင်လို့ရမှာ မဟုတ်ပါဘူး။ အဲသလိုသာဆိုရင် သူရည်ရွယ်ထားတဲ့ ၂၀၂၄ ရွေးကောက်ပွဲကို သူဝင်ပြိုင်လို့ မရနိုင်တော့ပါဘူး။

ဒါပေမဲ့ ဒီဆီးနိတ်လွှတ်တော် စီရင်မှုက မစ္စတာ ထရမ့် သူ့ရာထူးမှာ ရှိနေဦးမယ့် လက်ကျန်ရက်လေးတွေ အတွင်း ဖြစ်လာဦးမှာ မဟုတ်ပါဘူး။

အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင် စီရင်မှုကနေ ဘယ်သမ္မတမှ ရာထူးကနေ ပြုတ်ကျမသွားဖူးပါဘူး။ မစ္စတာ ထရမ့်ဟာ ယူကရိန်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွင်းက စွပ်စွဲပြစ်တင် ခံရပါသေးတယ်။ ဒါပေမဲ့ ဆီးနိတ်မှာ သူတရားသေ လွတ်သွားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဘေလ် ကလင်တန်၊ ၁၈၆၈ ခုနှစ်မှာ အင်ဒရူး ဂျွန်ဆင်တို့လည်း စွပ်စွဲပြစ်တင် ခံခဲ့ရပေမယ့် သမ္မတ ရာထူးက ဆင်းပေးခဲ့ရတာမျိုးအထိ မရှိခဲ့ပါဘူး။ 


BBC Burmese

https://www.bbc.com/burmese/world-55663864

နှစ်ကြိမ်မြောက် စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ သမ္မတထရမ့် ဘာတွေ ကြုံရမလဲ  နှစ်ကြိမ်မြောက် စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ သမ္မတထရမ့် ဘာတွေ ကြုံရမလဲ Reviewed by THITHTOOLWIN on 00:43 Rating: 5

No comments:

Powered by Blogger.