၂၀၂၀ မှာ မွေးဖွားလာတဲ့ ကလေးအရေအတွက်က သိသိသာသာကျဆင်းသွားခဲ့ပါတယ်။
ကမ္ဘာမှာ ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကတော့ ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူအရေအတွက်က မွေးဖွားသူထက် ပိုများခဲ့တဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ထပ်ပြီး တိုးလာပါတယ်။ မနှစ်က ကလေး ၂၇၅၈၀၀ ယောက်ပဲ မွေးခဲ့လို့ ဒါဟာ ၂၀၁၉ ကနဲ့ စာရင် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားတာ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၃၀၇၇၆၄ ဦးရှိခဲ့ပါတယ်။
ဒီစာရင်းဇယားတွေ ထွက်လာချိန်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ရဲ့ မူဝါဒတွေကို အခြေခံကျကျပြောင်းလဲဖို့ လိုပြီဆိုပြီး ထုတ်ပြောလာပါတယ်။
လူဦးရေလျော့နည်းလာတယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်အတွက် ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။
အသက်အရွယ်ကြီးသူတွေတိုးလာလို့ သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်ပေးဖို့၊ ပင်စင်ငွေတွေပေးဖို့ နိုင်ငံတော်ဘဏ္ဍာကို တိုးမြှင့် သုံးစွဲရသလို တစ်ဘက်မှာလည်း အလုပ်လုပ်နိုင်တဲ့ လူငယ်လူဦးရေလျော့နည်းလာတဲ့အတွက် အလုပ်သမားရှားပါးတဲ့ ပြဿနာကြီးရှိလာပြီး တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် တိုက်ရိုက် သက်ရောက်မှုတွေ ရှိလာပါတယ်။
တောင်ကိုရီးယားက သက်ကြီးအမျိုးသမီးကြီးတစ်ဦးအသက်ကြီးသူတွေများနေရင် နိုင်ငံရဲ့ ဘဏ္ဍာငွေအပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။
ပြီးခဲ့တဲ့လကပဲ သမ္မတ မွန်းဂျေအင်းကလည်း တိုင်းပြည်တွင်းမှာ ကလေးမွေးဖွားနှုန်းကျဆင်းနေတာကို ဖြေရှင်းဖို့ မူဝါဒတွေကို ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ မိသားစုတွေကို ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ်မျိုးလည်း ပါပါတယ်။
အဲဒီ မက်လုံးပေးအစီအစဉ်အရ ၂၀၂၂ ကစလို့ ကလေးတစ်ယောက်မွေးလာတိုင်း မိဘတွေဟာ ကလေးမွေးဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်အတွက် ထောက်ပံ့ကြေး တစ်စိတ်တစ်ပိုင်း အဖြစ် ဝမ်၂ သန်း (ဒေါ်လာ ၁၈၅၀) ရမှာဖြစ်ပြီး ကလေးအသက် တစ်နှစ်ပြည့်တဲ့အထိလည်း လစဉ်တစ်လကို ဝမ် ၃ သိန်း ရရှိမှာ ဖြစ်ပါတယ်။ ၂၀၂၅ ကစလို့ အဲဒီ လစဉ်ထောက်ပံ့ငွေကို ၅ သိန်းအထိ တိုးပေးမယ့် အစီအစဉ်လည်း လုပ်ထားပါတယ်။
အလုပ်ခန့်ထားရေး မူဝါဒတွေကလည်း ကလေးယူချင်တဲ့ အမျိုးသမီးတွေအတွက် အထောက်အကူမဖြစ်ခဲ့အဓိကကတော့ တောင်ကိုရီးယားမှာ အမျိုးသမီးတွေက ကိုယ့်သက်မွေးဝမ်းကျောင်းအလုပ်နဲ့ အိမ်ထောင်ရှင်ဘဝမှာ သူတို့အပေါ် မျှော်လင့်ထားတဲ့ တခြားအလုပ်တွေအကြား မျှတတဲ့ အနေအထားတစ်ခုရအောင်လုပ်ဖို့ ခက်ခဲနေသေးတာကြောင့် ဖြစ်ပါတယ်။
ဥပမာ ဟျွန်ယုကင်မ်ကို ကြည့်ပါ။ မွေးချင်းလေးယောက်မှာ အကြီးဆုံးဖြစ်တဲ့သူက သူ့အိမ်ထောင်နဲ့ကျရင်လည်း မိသားစုတွေအများကြီးနဲ့ နေဖို့ စိတ်ကူးထားပါတယ်။ ကလေးတွေ အများကြီးမွေးလိုက်မယ်ပေါ့။ ဒါပေမဲ့ လက်တွေ့မှာကျ တောင်ကိုရီးယားမှာ အမျိုးသမီးတွေအတွက် မိသားစုဘဝ တည်ဆောက်ဖို့ မလွယ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကလေးယူဖို့ သူ့အစီအစဉ်ကို ပြန်စဉ်းစားလာရပါတယ်။
သူက မကြာသေးခင်ကမှ အလုပ်သစ်တစ်ခု စဝင်ထားတော့ မီးဖွားခွင့်ယူဖို့ကိုလည်း တွန့်ဆုတ်နေမိတယ်လို့ ဆိုပါတယ်။ "အလုပ်တစ်ခုကို နေရာအခိုင်အမာအရင်ရအောင်ယူထားတာက ကိုယ့်အတွက် ပိုကောင်းလိမ့်မယ်လို့ ကျွန်မကို လူတွေကတော့ ပြောကြပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။
အိမ်ခြံမြေစျေးတွေ ထိုးတက်နေတာကလည်း ပြဿနာကြီးတစ်ခုဖြစ်ပါတယ်။ လူငယ်တွေအတွက် မိသားစုဘဝ ထူထောင်ဖို့ဆို အဲဒီ အိမ်စျေးတွေက အတားအဆီးကြီးပါလို့ မစ္စကင်မ်က ဆိုပါတယ်။
"ကလေးယူဖို့ဆိုရင် ကိုယ်ပိုင် အိမ်၊ အိမ်ခန်းရှိဖို့လိုတယ်။ ဒါပေမဲ့ အိမ်ခန်းတစ်ခုပိုင်ဖို့ဆိုတာက တောင်ကိုရီးယားမှာ မဖြစ်နိုင်တဲ့ အိပ်မက်ကြီးတစ်ခုပါပဲ။"
အစိုးရကပေးမယ်ဆိုတဲ့ ငွေကြေးမက်လုံးကလည်း သူ့ကိုတော့ မဆွဲဆောင်နိုင်ပါဘူးလို့ မစ္စကင်မ်က ပြောပါတယ်။
"ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ ငွေအများကြီးလိုပါတယ်။ အစိုးရက ဝမ်ငွေသိန်းဂဏန်းလောက်ထောက်ပံ့တယ်ဆိုတာက ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှင်းမပေးနိုင်ပါဘူး။"
BBC Burmese
![တောင်ကိုရီးယားမှာ ကလေးမွေးနှုန်းကျဆင်းနေလို့ စိုးရိမ်မှုတွေ တိုး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH0pJDQ4cK0N3hrINul1HF5lfPWMHUrrc3VK8UQQfqOEH5iiN2HzXdpF-UhP-qqTOvcIMSyQnjiWlUENrEgJkdbpFOJQHnKcrFTEw4msK_DWVowoHCZ-QsjsbuGNrAYmm29MnUNCOpuNw/s72-w596-c-h335/11.jpg)
No comments:
Post a Comment