မြန်မာ့ဆန်တန်ချိန် ၁ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

ရန်ကုန်မြို့က ဆန်ဆိုင်တခုမှာ ဆန်အရည်အသွေး စစ်ဆေးကြည့်ရှုနေတသူတဦး။ (မတ် ၄၊ ၂၀၁၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်း ဝယ်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ဆန် ၁ တန်ကို အမေရိကန်ဒေါ်လာ ၄၈၅ ဒေါ်လာနှုန်းနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရ သဘောတူစာချုပ် ချုပ်ပြီး တင်သွင်းသွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စားနပ်ရိက္ခာဝန်ကြီးဌာန အတွင်းဝန်က ပြောပါတယ်။

သဘောတူညီမှုကို သိပ်မကြာခင်မှာ လက်မှတ်ထိုးသွားမှာဖြစ်ပြီး ဆန်တွေလည်း လာမယ့် ဧပြီလမတိုင်ခင် အသုတ်လိုက် ရောက်လာမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အဓိကဦးစားပေးက ဆန်စျေးတွေကျအောင်လုပ်ဖို့ ဖြစ်တယ်လို့ သူမက ရိုက်တာသတင်းဌာနကို ဒီနေ့ပြောပါတယ်။ ဒါ့အပြင် လာမယ့် ဇွန်လအထိ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ နောက်ထပ်ဆန်တန်ချိန် ၁၀ သန်းလောက်အထိ ဝယ်ယူဖို့ရှိသလို ပုဂ္ဂလိက ကုန်သည်တွေကိုလည်း နောက်ထပ် ဆန်တန်ချိန် ၁၀ သန်းလောက်အထိ ဝယ်ယူဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အစိုးရပိုင် NAFED ကုမ္ပဏီကနေလည်း ဆန်တန်ချိန် ၁ သိန်းခွဲ ဝယ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပေမယ့်လည်း တိုင်းပြည်တွင်းက လူဦးရေ သန်း ၁၆၀ အတွက် အခြေခံစားကုန် ဆန်ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ဒုက္ခသည်ပြဿနာကို ဘေးချိတ်ပြီး အခုလို မြန်မာနိုင်ငံကနေ ဆန်ဝယ်ဖို့ လုပ်ဆောင်နေရတာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီး ၂ နိုင်ငံကြား အဲဒီဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-rice-bangladesh/5749639.html

မြန်မာ့ဆန်တန်ချိန် ၁ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည် မြန်မာ့ဆန်တန်ချိန် ၁ သိန်း ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည် Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.