သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါ

သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါ

အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သတင်းတုသတင်းမှားတွေကို လုံလောက်အောင်မဖယ်ရှားခဲ့ဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ YouTube ကုမ္ပဏီက သတင်းမှားတွေဆိုပြီး စွပ်စွဲခံထားရတဲ့ ဗွီဒီယိုတွေကို ဖြုတ်ချမယ်လို့ ပြီးခဲ့တဲ့တပတ်မှာကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ၅ ရက်သာခြားပြီးရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့တော့ အခု လုပ်ဆောင်ချက် က အကျုံးမဝင်ပါဘူး။ မြန်မာ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဖေ့စ်ဘုတ်ကုမ္ပဏီဘက်ကတော့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတုကိစ္စကို နိုင်ငံအလိုက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတာဖြစ်ပြီး YouTube ရဲ့စံနှုန်းတွေကတော့ တန်းတူညီမ ျှမဖြစ်ဘူးလို့ မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူမှုကွန်ယက်မီဒီယာကိစ္စ သုတေသနပြုသူတွေကပြောပါတယ်။ စည်းကမ်းတခုထဲ ချမှတ်ထားရုံနဲ့ နိုင်ငံပေါင်းစုံမှာ အလုပ်ဖြစ်မယ်လို ဖေ့စ်ဘုတ်က ၂၀၁၆ ခုနှစ်ကမေ ျှာ်လင့်ခဲ့သလိုမျိုး YouTube က ၂၀၂၀မှာ ယူဆနေပုံရတယ်လို့ ဟားဗတ် ဥပဒေရေးရာဌာနက Evelyn Douek ကသုံးသပ်ပါတယ်။

အမေရိကန်နဲ့မြန်မာ့ရွေးကောက်ပွဲွနဲ့ပတ်သက်တဲ့ ဝေဖန်ပြောဆိုမှုတွေကို ဖေ့စ်ဘုတ်က နားထောင်ပြီး မတူကွဲပြားတဲ့စည်းကမ်းတွေ ချမှတ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။ YouTube ကတော့ဒီဝေဖန်မှုအပေါ် တုန့်ပြန်တာမျိုးမရှိသလို သူ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမှုှရှိအောင် ဆက်လက်လုပ်ကိုင်နေပြီး ၂၀၂၀ တတိယလေးလပတ်မှာ အမုန်းစကားဖြန့်မှုပေါင်း ၅သောင်း ၄ ထောက်ကျော်အပါအဝင် သူ့ရဲ့မူဝါဒချိုးဖောက်မှုပေါင်း ၁.၈ သန်းကျော်ကို ဖယ်ရှားခဲ့တယ်လို့ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ Genocide လူမျိုးတုံးသတ်ဖြတ်မှု ပေါ်ပေါက်လာစေတဲ့ လှုံ့ဆော်ချက်တွေကို အားပေးထောက်ခံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ဖေ့စ်ဘုတ်က မြန်မာရွေးကောက်ပွဲမတိုင်ခင်မှာ သတင်းတုသတင်းမှားနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ထူးထူးခြားခြားထုတ်ပြန်ခဲ့တာပါ။ အဲဒီမူဝါဒအရ ရွေးကောက်ပွဲလုပ်ငန်းတွေ ပျက်လိုပျက်စီးဖြစ်လာစေနိုင်တဲ့ မမှန်မကန်ဖော်ပြချက်တွေကို ဖယ်ရှားဖို့ ဖြစ်လာခဲ့ပါတယ်။ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ ဖေ့စ်ဘုတ်ကုမ္ပဏီက ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲလုပ်ငန်းတွေ တိုးတက်လာတယ်လို့ လည်းပြောပါတယ်။ သတင်းတုသတင်းမှားတွေ၊ အမုန်းစကားပြန့်ပွါးအောင်လုပ်တဲ့နေရာမှာ မြန်မာနိုင်ငံက YouTube ကုမ္ပဏီအတွက် စာမျက်နှာသစ်ဖြစ်နေပါတယ်လို့ လူမှုကွန်ယက်အန္တရာယ်တွေအကြောင်း စုံစမ်းနေတဲ့ MTAN အရပ်ဖက်အဖွဲ့ အကြံပေးပုဂ္ဂိုလ် Victoire Rio ကပြောပါတယ်။

လူမှုကွန်ယက်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်နစ်နာနေရတဲ့ကိစ္စနဲ့ပတ်သက်လို့ YouTube ဖက်က ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်တာမျိုးမရှိခဲ့သလို သူ့ရဲ့လူမှု စာမျက်နှာကြောင့် လူ့အခွင့်အရေးပေါ် ဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတာ ဆန်းစစ်ဖို့လည်း Rio ကတိုက်တွန်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထဲမှာ သတင်းတုသတင်းမှားဖြန့်သူတွေ YouTube ကိုအသုံးများလာသလို အင်တာနက်အွန်လိုင်း အသုံးပြုခစျေးသက်သာတဲ့အတွက် မြန်မာ့လူဦးရေထက်ဝက်လောက်ရဲ့အက်တာနက်အသုံးပြုမှုက တရှိန်ထိုးတက်လာတယ်လို့လည်း Rio ကပြောပါတယ်။ မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ သတင်းမှားတွေ ဒါမှမဟုတ် နိုင်ငံရေးအစီအစဉ်တွေဖြန့်ဖို့ YouTube မှာ အကောင့်ဖွင့်လာသူ တဒါဇင်ကျော်ရှိတယ်လို့လည်း ရိုက်တာသတင်းဌာကနတွေ့ရှိခဲ့တာပါ။ အဲဒီလိုလုပ်ကိုင်တဲ့အကောင့်ပေါင်း ရာနဲ့ချီ ၂၀၂၀ ခုနှစ်ထဲမှာပေါ်လာတယ်လို့ မြန်မာနိုင်ငံထဲက အချက်အလက်တွေကို စစ်ဆေးတဲ့အဖွဲ့တွေကပြောပါတယ်။ အဲဒီလို YouTube စာမျက်နှာတွေကို လူဘယ်လောက်ထိ ကြည့်ကြသလဲဆိုတာမသိရပေမယ့် နာမည်ကြီးတဲ့လိုင်းတွေကိုတော့ ကြည့်ရှုသူ သန်းချီရှိလာပါတယ်။

အာဏာရပါတီက သမ္မတသစ်ကိုရွေးထားပြီဆိုတဲ့ မမှန်သတင်းဗွွီဒီယိုတခုကို ကြည့်ရှုသူပေါင်း ၃ သိန်းခွဲထိရှိခဲ့ပါတယ်။ အဲဒီ YouTube စာမျက်နှာသုံးသူ ထက်ဝက်လောက်ရဲ့ဖေ့စ်ဘုတ် အကောင့်တွေကို မူဝါဒချိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ ၂ လကပဲ ဖေ့စ်ဘုတ်ကုမ္ပဏီ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့်လည်းဖေ့စ်ဘုတ်ကဖယ်ရှားပစ်ခဲ့ပြီး YouTube မှာပါတင်ထားတဲ့ ဗွီဒီယိုတွေကိုတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြတာလည်းဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/youtube-faces-complaints-on-election-misinformation-/5704610.html

သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါ သတင်းတု သတင်းမှား ဖယ်ရှားရေး YouTube လုပ်ဆောင်ချက်သစ်ထဲ မြန်မာမပါ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.