သီပေါမှာ ၆နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ၊ တရားခံလို့ယူဆရသူကို SSPP ကဖမ်းဆီးထား

သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စု၊ မန်နွတ်ရွာမှာနေထိုင်တဲ့၆နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က မန်နောင်ကျေးရွာအုပ်စု၊ မန်နွတ်ရွာမှာ နေထိုင်တဲ့ အသက် ၆နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒီဇင်ဘာ ၉ ရက်နေ့က ပျောက်ဆုံးသွားပြီး နောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ ရေမရှိတဲ့ မြောင်းတစ်ခုအတွင်း အဓမ္မပြုကျင့်ခံရထားရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သီပေါဒေသခံအချို့ထံကသိရပါတယ်။

ကလေးငယ်ကို ပြန်လည်တွေ့ခဲ့ရစဉ်က လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာ၊ နောက်စေ့ကို အရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ မိန်းမကိုယ်စုတ်ပြဲဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ကလေးငယ်ရဲ့မိခင် ဖြစ်သူက သီပေါအခြေစိုက် ဒေသခံမီဒီယာတစ်ခုကို ဖြေဆိုထားပါတယ်။

အဆိုပါ ကလေးငယ်ကို သတ်ဖြတ်မုဒိမ်းပြုကျင့်ခဲ့တဲ့ တရားခံလို့ ယူဆရတဲ့ အိုက်စော်ဆိုသူကို ရှမ်းပြည် တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်တော် (SSP/SSA)အဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားပြီး သေဒဏ်ပြစ်ဒဏ် ချမှတ်သွားဖွယ်ရှိနေတယ်လို့ SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုက ဘီဘီစီကိုပြောပါတယ်။

' ' ဒီဇင်ဘာ ၁၁ ရက်နေ့မှာဖမ်းမိခဲ့တာပါ။ အဲဒီအနီးနားမှာ သွားစုံစမ်းတော့ သူ့ကို မသင်္ကာလို့ မေးမလို့ သွားတာ။ ကျွန်တော်တို့မြင်တာနဲ့ သူက ထွက်ပြေးတာ။ ဖမ်းမိတာနဲ့ မေးတော့ သူက ဝန်ခံထားတယ်။ သူဘယ်လို ကလေးကိုခေါ်သွားတယ်။ ဘယ်လိုလုပ်တယ်ဆိုတာ လက်နက်တွေပါ ခေါ်ပြီးပြတယ်။ ဒါက အရွယ်မရောက်တဲ့ ကလေးတွေကို မုဒိမ်းကျင့်တာ ဒါကတော့ သေဒဏ်ပဲ။ ကျွန်တော်တို့ရဲ့ ဒေသန္တရ အုပ်ချုပ်ရေးရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ အရေးယူသွားမှာပါ''လို့ သူကပြောပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်တော် (SSP/SSA) အနေနဲ့ ယခင်ကလည်း အခုလို ဖြစ်စဉ်မျိုး ကျုးလွန်ခဲ့သူအချို့ကို သေဒဏ် ပြစ်ဒဏ် ချမှတ်ခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အဆိုပါ ကလေးငယ်နေထိုင်တဲ့ မန်နွတ်ကျေးရွာဟာ သီပေါမြို့နယ်အတွင်းမှာ တည်ရှိပေမဲ့ မြို့နဲ့အလှမ်း ဝေးတဲ့ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့လည်း သီပေါဒေသခံအချို့ကပြောပါတယ်။

မိန်းကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့လည်း အဆိုပါဒေသတွေဟာ အမှုတစ်ခုဖြစ်ပါက သွားရောက်စုံစမ်းဖို့ လုံခြုံရေးအရ လက်လှမ်း မမီတာတွေကြောင့် အမှုကို ဖော်ထုတ်နိုင်တာမျိုးတော့ နည်းလှတယ်လို့လည်း သီပေါမြို့ခံတစ်ဦးက ဘီဘီစီကိုမှတ်ချက်ပြု ပြောဆိုပါတယ်။

' ' ဖမ်းမိထားတဲ့သူနဲ့ ပတ်သက်ပြီးတော့ လွှဲပေးဖို့ ဘာဖို့တော့မ ရှိပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ထုံး လုပ်နည်းအတိုင်းပဲအရေးယူသွားမှာပါ။ တရားခံကို ဖမ်းမိထားတယ်ဆိုတာ ကလေးငယ်မိဘတွေလည်း သိထားပြီးပြီ။ ဒေသက SSPPထိန်းချုပ်ထားတဲ့နေရာပါ။ တချို့နေရာတွေဆို လမ်းတောင်မပေါက်ဘူး''လို့ ဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

မိန်းကလေးငယ် သတ်ဖြတ်ခံရမှုမှာ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အိုက်စော်ဆိုသူမှာ အသက် ၃၀ ဝန်းကျင် ရှိပြီး မန်နွတ်ကျေးရွာအနီးရှိ ဝမ်ရှိုရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55298845

သီပေါမှာ ၆နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ၊ တရားခံလို့ယူဆရသူကို SSPP ကဖမ်းဆီးထား သီပေါမှာ ၆နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရ၊ တရားခံလို့ယူဆရသူကို SSPP ကဖမ်းဆီးထား Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.