RDT နဲ့နှစ်ကြိမ်စစ်ရာမှာ ပိုးမတွေ့ဘဲ အမျိုးသားဓာတ်ခွဲခန်းမှာ စစ်ဆေးရာမှာ ပိုးတွေ့


မအူပင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ RDT test kit နဲ့ နှစ်ကြိမ်စစ်ဆေးရာမှာ ပိုးမတွေ့ခဲ့ပေမယ့် ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲခန်းကို နှာခေါင်း၊ အာခေါင်တို့ဖတ် ပေးပို့စစ်ဆေးရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဓာတ်ခွဲခန်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ပိုးတွေ့ခဲ့တာလို့ မအူပင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင် က RFA ကို ပြောပါတယ်။

"RDT test နဲ့ စစ်တာက ကျိုက်လတ်က တစ်ခါစစ်တယ်၊ ဒီမှာ တစ်ခါစစ်တယ်။ Negative ထွက်တယ်။ ထွက်ပြီးတော့ ကျိုက်လတ်ကနေပြီးတော့ အဲဒီ test ကိုပဲ ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းကို ပို့လိုက်တာ။ အမျိုးသားဓာတ်ခွဲအဖြေက မနေ့ ကမှ ရောက်လာတယ်။"

ပိုးတွေ့ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မအူပင်ပြည်သူ့ဆေးရုံကြီးကို ကျိုက်လတ်ပြည်သူ့ဆေးရုံကနေ လွှဲပြောင်းကုသနေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းက ပိုးတွေ့ လူနာဖြစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို RDT test နဲ့ စစ်ဆေးခဲ့တာလို့ သိရပါတယ်။

RDT test kit တွေရဲ့ ရလဒ် ရာနှုန်းပြည့်မသေချာတဲ့ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်လို့ မအူပင်မြို့ က ကရုဏာလူမှုကူညီရေးအဖွဲ့ က ကိုမျိုး က ပြောပါတယ်။

"ကျနော်တို့က နဂိုကတည်းကသိတာက ၈၀ ရာခိုင်နှုန်းလောက်၊ ၈၀ ရာခိုင်နှုန်းကျော်ကျော်ပေါ့နော်။ အခုနောက်ပိုင်းဆိုရင် ဟိုတစ်လောက စစ်တဲ့ တစ်ယောက်ဆိုရင် ၆၀ ရာခိုင်နှုန်းလောက်ပဲ မှန်မယ့်ပုံစံမျိုး ဖြစ်တဲ့အတွက်ကြောင့် ယုံစားလို့တော့ မရဘူးပေါ့နော်။ ဒါကြီးပဲ ယုံစားလို့မရတော့ စိုးရိမ်မှုက ရှိတာပေါ့။ ဒါကြီးကို ယုံပြီးတော့ Negative ဆိုပြီး လျှောက်သွားရင် အကုန်လုံးက Contact တွေ များကုန်မှာလေ။ နဂိုကတည်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်က ပြည်သူ့ကျန်းမာရေးက လိုက်စစ်နေတဲ့အဖွဲ့တွေ ပြောစကားအရဆိုရင် Positive လူနာကို ဖော်ထုတ်ဖို့ပေါ့။ Contact နည်းအောင်ပေါ့၊ အားလုံးတော့ မသေချာဘူးဆိုတာ သူတို့ပြောနေတာပဲလေ။"

လူမှုကူညီရေးအဖွဲ့ဝင်တွေ အနေနဲ့ ပိုးတွေ့လူနာကို ကူညီပို့ဆောင်ရာမှာ မတော်တဆ ထိတွေ့မှုမရှိအောင် PPE ဝတ်စုံတွေဝတ်ပြီး ဂရုစိုက်နေရတယ်လို့လည်း ကိုမျိုး က ပြောပါတယ်။

မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး ကလည်း Test kit တွေက အလွယ်စစ်လို့ရပေမယ့် အဖြေမသေချာတဲ့အတွက် ပိုးဆက်ပြန့်ပွားမယ့်အန္တရာယ်များနိုင်တယ်လို့ ပြောပါတယ်။

"စိုးရိမ်တာကတော့ ခုနကလိုပေါ့။ မသေချာဘူးဆိုရင် ခုနကလို Contact Person တွေများမယ်။ Positive တွေ များမယ့်သဘောကတော့ ရှိတာပေါ့။ သေချာတာကတော့ Swab ကို ယူပြီးတော့ ရန်ကုန်မှာ စစ်တာကတော့ သေချာတာပေါ့။ Test kit တွေကတော့ မသေချာဘူး ပြောတယ်။ နောက်တစ်ခုကတော့ သူကလည်း Test kit နဲ့ စစ်ပြီးရင်လည်း သုံးရက်လောက်ပဲ ဆိုတော့။ Test kit ကိုတော့ သိပ်မသေချာဘူးပေါ့။"

အဲဒီ ပိုးတွေ့လူနာကို ကျိုတ်လတ်မြို့ ပြည်သူ့ဆေးရုံကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပိတ်လိုက်ရလို့ မအူပင်မြို့ ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသရတာဖြစ်တယ်လို့လည်း ဒေါက်တာ ကျော်ဇင်က ပြောပါတယ်။

"ကျိုက်လတ်ဆေးရုံက လွန်ခဲ့တဲ့ ငါးရက်လောက်က သူ့မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကွာရန်တင်းဝင်ရလို့ ဆေးရုံပိတ်လိုက်တယ်။ ပြန်ဖွင့်တဲ့အခါမှာ သူတို့ရဲ့ ဝန်ထမ်းတွေ မလုံလောက်လို့ ဒီကို လွှဲတာ။"

အဲဒီ ပိုးတွေ့လူနာနဲ့ မအူပင်ပြည်သူ့ဆေးရုံကြီး က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထိတွေ့မိတဲ့အတွက် အသွားအလာကန့်သတ်ထားရှိတယ်လို့ ဆိုပါတယ်။

ထိတွေ့မှုရှိခဲ့တဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်တွေကို ရန်ကုန်မြို့ အမျိုးသားဓါတ်ခွဲခန်းကို နမူနာပို့စစ်ဆေးနေပြီး ကျန်းမာရေးဝန်ထမ်း ထိတွေ့မှုအရေအတွက်ကိုတော့ ပြောလို့ မရဘူးလို့ ဒေါက်တာ ကျော်ဇင်က ပြောပါတယ်။

မအူပင်ပြည်သူ့ဆေးရုံကြီးအနေနဲ့လည်း ကိုဗစ်နိုင်တီးရောဂါကို ရင်ဆိုင်ထိန်းချုပ်နိုင်ဖို့ လှုဒါန်းကူညီမှုတွေ လိုအပ်နေတယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင် က ပြောပါတယ်။

"Isolation Ward ထဲမှာ ကိုဗစ်ဖြစ်လို့ရှိရင် အောက်ဆီဂျင်ကျတဲ့လူနာ ၁၂ ယောက် ထည့်ထားတယ်။ အဲဒီ ၁၂ ယောက်ထည့်ထားပြီး အောက်ဆီဂျင်ပေးနိုင်တဲ့ ပစ္စည်းကိရိယာတွေ ဆင်ထားတော့ လူနာတစ်ယောက်ကို ပုံမှန်ထက် ငါးဆ ကုန်တယ်။ အောက်ဆီဂျင်အိုးတွေ လိုအပ်နေတယ်။"

မအူပင်ပြည်သူ့ဆေးရုံကြီးအနေနဲ့ တစ်နေ့ကို အောက်ဆီဂျင်အိုး အလုံး (၆၀) ကျော်လိုအပ်နေတယ်လို့လည်း မအူပင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင် က ပြောပါတယ်။

မအူပင်မြို့နယ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၄၃၃ ဦးရှိပြီး ကုသဆဲလူနာက ၄၆ ဦး ရှိပါတယ်။

ဧရာဝတီတိုင်း တစ်ခုလုံးမှာ ပိုးတွေ့လူနာ ၃၁၂၂ ဦး ရှိပြီး ကုသဆဲလူနာက ၇၄၇ ဦး ရှိကာ ၂၁ ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ရဲ့ အချက်အလက်တွေအရ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/maubin-corona-12062020232955.html

RDT နဲ့နှစ်ကြိမ်စစ်ရာမှာ ပိုးမတွေ့ဘဲ အမျိုးသားဓာတ်ခွဲခန်းမှာ စစ်ဆေးရာမှာ ပိုးတွေ့  RDT နဲ့နှစ်ကြိမ်စစ်ရာမှာ ပိုးမတွေ့ဘဲ အမျိုးသားဓာတ်ခွဲခန်းမှာ စစ်ဆေးရာမှာ ပိုးတွေ့ Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.