တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ NLD ကိုယ်စားလှယ် ၃ဦးကိုတာဝန်ပေး ၊ပုဒ်မ ၂၆၁ ကို မပြင်ဘူးလို့ဆို

ပုဒ်မ ၂၆၁ ကို ပြင်မှာမဟုတ်ဘူးလို အန်အယ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြော

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီက ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုယ်စားလှယ် ၃ ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က တာဝန်ပေးလိုက်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးခံရသူတွေကတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နဲ့ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆန် တို့ကို ရွေးချယ် တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ဆိုပြီး ကော်မတီတစ်ခု ဖွဲ့ခဲ့ပြီးတော့ အဲဒီ၃ ဦးကော်မတီမှာ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနေရာမှာ ဒေါက်တာ အောင်မိုးညိုကို ပြောင်းလဲပြီး ရွေးကောက်ပွဲအပြီး တိုင်းရင်းသားအရေးကို တာဝန်ပေးတာ ဖြစ်ပါတယ်။

အခုလို တာဝန်ပေးအပ်ရတာဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဘုံ သဘောတူညီချက် ရဖို့ ဖြစ်တယ်လို့ ပြောပေမဲ့ ၂၀၀၈ အခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်မှာမဟုတ်ဘူးလို ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဖို့အခြေခံဥပဒေမူကြမ်း ၂၀၁၉ခုနှစ်ထဲမှာ တပ်က လွှတ်တော်တင်

ပုဒ်မ ၂၆၁နဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေချိန်မှာ ပြင်ဆင်ပေးမှာ မဟုတ်ကြောင်းနဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပုံစံ ဖြစ်အောင် ပြင်ဆင်နိုင်ပြီဆိုပါက ပုဒ်မ ၂၆၁ ဟာ အရေးမကြီးတော့ကြောင်း ဒေါက်တာ မျိုးညွန့်က ဒီဇင်ဘာလ ၁၂ ရက်နေ့ နေပြည်တော်က ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"အနာဂတ် ပြည်ထောင်စုပုံစံက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုပေမဲ့ ဖက်ဒရယ်မှာ ပုံစံခွဲတွေ အများကြီးရှိတော့ ဖက်ဒရယ်ကို ဘယ်လို ပုံစံမျိုးဖော်မလဲ၊ အာဏာကို ဘယ်လို ခွဲဝေကြမလဲ၊သယံဇာတကို ဘယ်လို ခွဲကြမလဲ၊စတာတွေ အများကြီးရှိတော့ သူတို့ သဘောထားတွေကို သိရအောင်လုပ်မယ်၊ အဲဒါ လုပ်ပြီးရင်တော့ အဲဒါကို တစ်ခါတည်း ဆွေးနွေးညှိနိုင်းလို့ ရရင်လည်း ဘုံသဘောထား ရအောင်ညှိမယ်၊ ဒါမှမဟုတ် ထပ်ခါ ထပ်ခါ ဆွေးနွေးဖို့ လိုရင်လည်း ထပ် ဆွေးနွေးမယ်ဆိုတဲ့ သဘောပါလို့" ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက သူကြိုက်တဲ့လူကို တိုက်ရိုက် ရွေးချယ် ခန့်အပ်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်မှာ ၂၀၁၉ ခုနှစ်အတွင်းက ကြိုးပမ်းခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ တိုင်းရင်သား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်မှာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တိုင်းရင်သားပါတီတွေနဲ့ အတူ ပူးပေါင်း တည်ဆောက်ချင်တယ် ဆိုပြီး ရွေးကောက်ပွဲအပြီး မှာ တိုင်းရင်းသားပါတီ ၄၈ ခုကို စာပို့ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အင်အားကောင်းတဲ့ SNLD ပါတီရွေးကောက်ပွဲ အကြိုမဲဆွယ်နေစဥ်

ဒီလို စာပို့တာနဲ့ ပတ်သတ်လို့ တိုင်းရင်သားပါတီတွေဘက်က စောင့်ကြည့်ရမယ် ဆိုတဲ့ သဘောထား မှတ်ချက်တွေ ပြုခဲ့ကြသလို တချို့ပါတီတွေဘက်ကလည်း အပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်ဆိုပြီး လက်ခံကြိုဆိုခဲ့ပါတယ်။

ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို တိုင်းရင်းသားတွေဘက်က ရွေးကောက်ပွဲ မတိုင်မီ ကာလတွေတုန်းက ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးနဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုဆိုတာဟာ တစ်ပါတီတည်းက ကြီးစိုးတဲ့ပုံစံနဲ့ တစ်လျှောက်လုံးသွားမလား၊ အာလုံး ပါဝင်ရေးဆိုတဲ့ တန်းတူမှုကို အလေးထားမလား ဆိုတဲ့ အဆင့်တွေကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်သားပါတီတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပါတီတစ်ခုချင်း သို့မဟုတ် ပါတီ အများစုနဲ့ ဘယ်လို ပုံစံတွေ့ဆုံမယ် ဆိုတာကိုတော့ အခုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်သုံးဦးက တိုင်ပင်စီစဉ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောခဲ့ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် (ဘယ်အစွန်)နဲ့ဒေါ်စုစုလွင်

ဒီမိုကရေစီ ဖက်ဒရယ်ကို သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်က အတူ ရှိပေမယ့် တိုင်းရင်းသားတွေနဲ့ သဘောကွဲလွဲမှုတွေ ရှိရတာဟာ ထိတွေ့မှု ဝေးကွာသွားလို့ ဖြစ်ပါတယ်လို့ ဒေါက်တာမျိုးညွန့်က၂၀၁၉ တိုင်းရင်းသားရေးရာကော်မတီဖွဲ့စဥ်ကပြောခဲ့ပါတယ်။

အဲ့ဒီတုန်းကလည်း ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်မှာ ဖြစ်သလို အားလုံး အကျိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်မှုတွေ ရအောင် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်တာလို့လည်း ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြီးခဲ့တဲ့ အစိုးရသက်တမ်း လွှတ်တော် အတွင်း အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ဆန်ကျင့်ခဲ့သလို၊ အခုရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ဖို့ ပြင်နေချိန်မှာ တိုင်းရင်းသားပါတီ ၄၈ ခုနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ချင်တယ်လို့ ပြောပြီး ကမ်းလှမ်းခဲ့ပေမဲ့ အခြေခံဥပဒေပုဒ်မ ၂၆၁ မပြင်ရေးကို ဆက်လက် ကိုင်စွဲထားမယ်လို့ ထုတ်ပြောခဲ့တာ လည်းဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပုဒ်မ၂၆၁ ကို မပြင်ဘဲ တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေရေး သယံဇာတခွဲဝေးရေး လုပ်မယ်ဆိုတာက အာဏာရပါတီနဲ့ သမ္မတအနေနဲ့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးတာမျိုးလည်း လုပ်နိုင်တာတော့ရှိတယ်လို့ သုံးသပ်ကြပါတယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၂၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားတွေနဲ့ ပူးပေါင်းရေး ဆွေးနွေးတဲ့အခါမှာ ဘယ်လို ဆွေးနွေးမယ်ဆိုတာ မသိရပေမဲ့ အစိုးရအဖွဲ့သစ်မှာ ပါဝင်တဲ့သူတွေကို ရွေးချယ်ရာမှာတော့ အဖွဲ့ချုပ်ရဲ့ မူဝါဒများကို လိုက်နာနိုင်သူ၊ ပြည်သူက လက်ခံနိုင်သူ ကိုယ်တိုင် အရည်အသွေး ထက်မြက်သူ ဖြစ်ရမယ် ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာလ ၁၂ ရက်နေ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55296583

တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ NLD ကိုယ်စားလှယ် ၃ဦးကိုတာဝန်ပေး ၊ပုဒ်မ ၂၆၁ ကို မပြင်ဘူးလို့ဆို  တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ NLD ကိုယ်စားလှယ် ၃ဦးကိုတာဝန်ပေး ၊ပုဒ်မ ၂၆၁ ကို မပြင်ဘူးလို့ဆို Reviewed by THITHTOOLWIN on 03:37 Rating: 5

No comments:

Powered by Blogger.