မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဟာ နိုင်ငံအဆင့် အကျင့်ပျက်ခြစားမှုကို လောင်စာဆီ ဖြည့်ပေးနေပြီး၊ တပ်မတော်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်နေတယ်လို့ မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice For Myanmar) အဖွဲ့က ဒီဇင်ဘာ ၂၀ ရက် မနေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်ရဲ့ငွေကြေးသုံးစွဲမှုကို အစိုးရကလည်း မသိနိုင်ဘဲ ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။
Mytel ကုမ္ပဏီ ရဲ့ အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းကိုပဲ မြန်မာပုဂ္ဂလိက ကုမ္ပဏီတွေက ပိုင်ဆိုင်ပြီး၊ ကျန်တဲ့ အစုရှယ်ယာ အများစုဖြစ်တဲ့ ၂၈ ရာခိုင်နှုန်းကို တပ်မတော်ရဲ့ လျှို့ဝှက်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ “မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)” ရဲ့ လက်အောက်ခံ Star High ကုမ္ပဏီလီမီတက်က တစ်ဆင့် စီမံခန့်ခွဲနေတယ်လို့ Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
Mytel ဟာ မြန်မာစစ်တပ်အတွက် ပြင်ပဝင်ငွေ အဓိကရရှိစေတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး လွှတ်တော်နဲ့ စာရင်းစစ်ချုပ်ရဲ့ ထိန်းကြောင်းမှု ပြင်ပမှာ လျှို့ဝှက်ဝင်ငွေ အနေနဲ့ စစ်တပ်ဆီကို စီးဆင်းနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အဲဒီဝင်ငွေတွေက မြန်မာစစ်တပ်ကို စစ်ဆင်ရေးတွေ နိုင်ငံတကာ လူ့အခွင့်အရေးတွေနဲ့ ရာဇဝတ်မှုတွေ အတားအဆီးမရှိ ကျူးလွန်နေနိုင်စေတာ ဖြစ်တယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အီးမေးလ်ကတဆင့် RFA ကို ပြောပါတယ်။
Justice For Myanmar ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို RFA က မေးမြန်းဖို့ ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
Mytel ရဲ့ အစုရှယ်ယာအများဆုံးဖြစ်တဲ့ ၄၉ ရာခိုင်နှုန်းကို “ဗီယက်နမ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန” ပိုင် Viettel ကုမ္ပဏီကပိုင်တာပါ။ ဒီကုမ္ပဏီက တဆင့် ကမ္ဘာအရပ်ရပ်ကို ချိတ်ဆက်ပြီး နည်းပညာနဲ့ အခြားအထောက်အပံ့ အမျိုးမျိုးကိုပါ လက်လှမ်းမီခွင့်ရနေတာက မြန်မာအရပ်သားအစိုးရနဲ့ လွှတ်တော်ကို ဂရုစိုက်စရာမလိုဘဲ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ အားဖြည့်ကူညီပေးနေတယ်လို့လည်း Justice For Myanmar က ပြောပါတယ်။
Viettel Construction Myanmar အဖွဲ့က၊ အဖွဲ့တွင်းသိမ်းထားရမဲ့ ဖိုင်တွဲတွေကို ရုတ်တရက် အွန်လိုင်းပေါ် တင်လိုက်ချိန်ကစပြီး အရေးကြီး အချက်အလက်တွေ ပေါက်ကြားခဲ့တာကြောင့် အခုလို အစီရင်ခံစာ ထုတ်ပြန်နိုင်တာလို့ Justice For Myanmar အဖွဲ့က ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တွေ့ရသည့် ဗီယက်နမ်စစ်တပ်ပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီ ဆိုင်းဘုတ်တစ်ခု (Photo: AFP)မြန်မာစစ်တပ်က ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် လူသတ်မှု၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ အပြင် လက်ရှိကာလ ရခိုင် ပြည်သူလူထုအပေါ်မှာလည်း ဆက်လက်ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ မရတနာမောင်က ပြောပါတယ်။
ဥပမာ- သံသယမှုနဲ့ ဖမ်းဆီးထိန်းသိမ်း နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ၊ ရွာတွေမီးရှို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပိုင်ဆိုင်မှုတွေကို လုယူဖျက်ဆီးမှုတွေ၊ ပြည်သူတွေ အစုလိုက်အပြုံလိုက် စစ်ဘေး တိမ်းရှောင်ရတာတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ပါဝင်တယ်လို့ မရတနာမောင်က ထောက်ပြပါတယ်။
Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Mytel ကုမ္ပဏီကို RFA က တယ်လီဖုန်းနဲ့ အီးမေးလ်တွေကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့အထိ ပြန်လည် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။ မြန်မာစစ်တပ်ရဲ့ တုံ့ပြန်ချက်ကိုသိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို ဆက်သွယ်ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။
စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုအပေါ်မှာ စစ်တပ်ကို တာဝန်ခံစေဖို့နဲ့ လျှို့ဝှက်ဝင်ငွေ ပိုင်ဆိုင်မှုတွေအပေါ် ပြန်ဖော်ထုတ်ပြီး ပြည်သူဆီ ပြန်လည်အပ်နှံဖို့ အစိုးရနဲ့ လွှတ်တော်မှာ တာဝန်ရှိသလို၊ ပြည်သူတွေ အနေနဲ့လည်း Mytel ကို သပိတ်မှောက်ကြဖို့ Justice For Myanmar အဖွဲ့ ပြောခွင့်ရသူက တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။
NLD အစိုးရရဲ့ လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း တပ်မတော်ရဲ့ ငွေကြေးသုံးစွဲမှုကို မစစ်နိုင်ခဲ့သလို မတရားယူထား၊ သိမ်းထားတာတွေ ပြန်ယူဖို့ တိကျတဲ့ဥပဒေ ပြဌာန်းတာတွေ လုပ်ဆောင်တာ မတွေ့ရဘူးလို့ NLD ပါတီက မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ထောက်ပြပါတယ်။
လွှတ်တော်မှာ အဓိကကျတဲ့ တပ်မတော်ရဲ့ ငွေကြေးသုံးစွဲမှုကို စိစစ်ဖို့ ကြိုစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ တပ်မတော်ကို ထိန်းချုပ်ဖို့အတွက် ဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာတော့ မတွေ့ရဘူးလို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
“လွှတ်တော်မှာ အဓိကကျတဲ့ တပ်ရဲ့ငွေကြေးသုံးစွဲမှုကို စိစစ်ဖို့ ကြိုးစားရမယ်။ ပထမတစ်နှစ်မှာတော့ ကျွန်တော်တို့ လွှတ်တော်အတွေ့အကြုံအရ တပ်မတော်ရဲ့ အသုံးစရိတ်တွေကို တော်တော်လေး ပြည့်ပြည့်စုံစုံရလိုက်တယ်။ နောက်ထပ် လေးနှစ်ကာလမှာတော့ ကျွန်တော်တို့ လုံးဝမရတော့ဘူး။ ဒါမျိုးတွေကို တောင်းယူပြီးတော့ စိစစ်တာမျိုးတွေ လုပ်ရမှာ။ အခု အဲဒီလိုမလုပ်ဘဲနဲ့ တစ်ကြောင်းနှစ်ကြောင်း လောက်ပဲပါတဲ့ ဘက်ဂျက်မျိုးတွေ တပ်မတော်က တင်လာတယ်။ ဥပမာ… လစာပေးချေရန် ကျပ်ဘီလီယံ ဘယ်လောက်ပေါ့၊ ဒါမျိုးတွေပဲ တင်တော့တယ်။ တပ်မတော်သားဦးရေ အသေးစိတ် အချက်အလက်တွေကတော့ လုံးဝ မထုတ်ပြန်တော့ဘူး။ ပစ္စည်းဝယ်ယူရန် ကျပ်ဘီလီယံ ဘယ်လောက်ဆိုပြီး အဲဒီလောက်ပဲ ပြောတော့တယ်။ ဒီလို အရေးကြီးတာမျိုးတွေ ပြောင်းလဲဖို့ ဆိုတာကတော့ အနိုင်ရပါတီအပေါ်မှာ အများကြီး မူတည်တယ်”
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တပ်မတော်ကို ဖိအားပေးဖို့လုပ်တဲ့ လုပ်ဆောင်ချက်ဖြစ်သလို Mytel လုပ်ငန်းဟာ ဆက်သွယ်ရေး ဥပဒေအရ တရားဝင်ဆောင်ရွက်နေတဲ့ ဆက်စပ်လုပ်ငန်းဖြစ်တာကြောင့် ဒါဟာရာဇဝတ်မှုတွေ ဖုံးကွယ်တာတွေနဲ့ မဆိုင်ကြောင်း၊ ပြည်သူတွေ သတင်းအချက်အလက်ပိုရဖို့ ဥပဒေနဲ့အညီလုပ်တဲ့ လုပ်ငန်းဖြစ်တယ်လို့ ရှု့မြင်ပါတယ်။
ဥပဒေနဲ့အညီလုပ်နေတဲ့ ကာလပတ်လုံး အစိုးရကဖြစ်စေ၊ လွှတ်တော်က ဖြစ်စေ တစ်စုံတစ်ရာ ဥပဒေပြင်ကနေ အရေးယူဖိအားပေးလို့မရဘူးလို့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုတာက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ လုပ်နေတာလေ။ ဒီဥပဒေနဲ့အညီလုပ်နေတဲ့ ကာလပတ်လုံးတော့ ဘယ်အစိုးရကပဲဖြစ်ဖြစ် လွှတ်တော်ကပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ဥပဒေပြင်ပကနေပြီး အရေးယူ ဖိအားပေးလို့ မရဘူး။ အဲလိုလုပ်ရင်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ပြည်တွင်းကုမ္ပဏီရော နိုင်ငံတကာ ကုမ္ပဏီတွေရော သွားပြီးတော့ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်တယ်။ ပြည်သူတွေ သပိတ်မှောက်တယ် မမှောက်ဘူးဆိုတာကတော့ ပြည်သူတွေရဲ့သဘောပဲ။ ပြည်သူတွေ အများစုကတော့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဝန်ဆောင်မှုအပေါ်မှာပဲ ကြည့်ပြီးဆုံးဖြတ်မှာပဲ”
Mytel နဲ့ ဆက်စပ်လုပ်နေတဲ့ ဗီယက်နမ်ဆက်သွယ်ရေး ကုမ္ပဏီတွေက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းနဲ့ လုပ်နေတာ မဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး တယ်လီဖုန်း အော်ပရေတာ လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း ဆက်သွယ်ရေး ဥပဒေအရ သတင်းအချက်အလက် လုံခြုံမှု စတာတွေကို ကာကွယ်ထိန်းသိမ်းတဲ့အတွက် လုံခြုံရေးပြဿနာ မရှိဘူးလို့လည်း ဦးရဲထွဋ်က ဆိုပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်တဲ့ ကိုမင်းသူကတော့ တပ်မတော်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားမပေးချင်တာရယ်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ သူတို့လက်ထဲ ရောက်နိုင်တာရယ်ကြောင့် Mytel ဆင်းကဒ်ကို မသုံးဘဲနေတာလို့ ပြောပါတယ်။
“နှစ်ချက်ရှိတယ်။ တစ်ချက်ကတော့ စစ်အာဏာရှင်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားမပေးဘူးဆိုတဲ့ တစ်ချက်ပေါ့။ ကိုယ့်မှာတခြားလည်း ရွေးချယ်ခွင့်လည်း ရှိနေတဲ့အချိန်မှာ စစ်အာဏာရှင်တွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားမပေးဘူးဆိုတဲ့အချက်။ နောက်တစ်ချက်ကတော့ တယ်လီဖုန်းသုံးစွဲတယ်ဆိုတာ ကိုယ့်ရဲ့ ဒေတာအချက်အလက်တွေ အားလုံးက သူတို့လက်ထဲကို ရောက်သွားစေနိုင်တယ်။ ဒီဒေတာအချက်အလက်တွေက စီးပွားရေးတစ်ခုတည်းအတွက် မဟုတ်ဘဲ တခြားကဏ္ဍတွေမှာ အသုံးချဖို့အတွက် အကောင်းဆုံး အခွင့်အလမ်း ဖြစ်သွားစေနိုင်တာမျိုး ရှိတယ်။ ကိုယ့်ရဲ့ ဒေတာ အချက်အလက်ကိုတော့ မပေးနိုင်ဘူး။ သူတို့ဟာကို မသုံးဘဲနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ မသုံးဘဲနေတာပါ”
Mytel ကတဆင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ၊ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးနေတဲ့အထဲမှာ HSBC (UK)၊ Standard Chartered (UK)၊ MUFG (Japan)၊ Maybank (Malaysia) စတဲ့ နိုင်ငံတကာအဆင့် ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးကော်ပိုရေးရှင်းကြီးတွေ ပါဝင်တယ်လို့လည်း Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တပ်မတော်ဟာ အရပ်ဘက် ထိန်းချုပ်မှုအောက်ကို မရောက်မချင်း Mytel နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရှိနေတဲ့ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် အရေးယူဖို့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/mytel-of-supporting-the-military-12212020043733.html
No comments:
Post a Comment