ရန်ကုန်တိုင်းတွင်း COVID 19 ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်

PPE ဝတ်စုံပြည့်ဝတ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့ရှိ လမ်းတခုမှာ တွေ့ရ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ အများပြည်သူနဲ့ သက်ဆိုင်ရာ နေရာတွေမှာ လူစုလူဝေး လုပ်တာတွေကို ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကူးစက်သူ အတည်ပြူလူနာ နေ့စဉ် ၈၀၀ ကျော်လောက်နဲ့ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လူအများအပြားနဲ့ စည်ကားနေတာကြောင့် ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ မကြာသေးခင်ရက်တွေက လူအများအပြား အပမ်းဖြေလာရောက်ခဲ့ကြတဲ့ ရန်ကုန်မြို့လယ်ကမဟာဗန္ဓုလပန်းခြံကိုလည်း ဒီကနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။

အခုလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တဲ့အတွက် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရန်ကုန်တိုင်း ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

"ကိုဗစ်ကအဓိက လူစုလူဝေးလုပ်ရင်တော့ ကူးစက်မှုမြန်မယ်၊ များမယ်။ ဒီလူစုလူဝေးမရှိတော့ဘူး၊ တဦးတယောက်အနေနဲ့ Mask တပ်မယ်၊ အကာအကွယ်ပစ္စည်းတွေနဲ့ သေချာအပြင်ထွက်မယ်ဆိုရင် ကူးစက်မှုကိုလျှော့ချနိုင်တယ်။ အခု ဒီလုပ်ဆောင်မှုတွေက အမှန်တကယ်ဆို နောက်တောင်ကျနေပြီ၊ အစောကြီးကတည်းက လုပ်သင့်တယ်ပေါ့နော်။ အခုတော့ အချိန်တော့ မနှောင်းသေးပါဘူး။ ဒါပေမဲ့ ဒီဟာက ထိရောက်မယ်လို့တော့ မြင်ပါတယ်။ နောက်ပိုင်း အခုလိုလူစုလူဝေးဖြစ်စေမဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ အဲဒါတွေကိုတော့ ဖြစ်နိုင်ရင် အခုကနေစပြီးတော့ မလုပ်ဘူးဆိုရင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်ဆိုရင်ပေါ့နော်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မယ်ဆိုရင် ၁,၀၀၀ အောက်ကို ချက်ချင်းဆိုသလို ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။"

အများပြည်သူနဲ့ဆိုင်တဲ့ အပန်းဖြေနေရာတွေမှာ အသွားအလာတွေ ကန့်သတ်လိုက်တဲ့အတွက် ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ မျှော်လင့်နေကြပေမဲ့ မြို့ခံတွေရဲ့ နေ့စဉ်ဘဝတွေမှာ မထိခိုက်အောင်လုပ်ဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ကပ်ရောဂါကူးစက်မှုတွေ မြန်မာနိုင်ငံမှာ အဆိုးဆုံး အခြေအနေနဲ့ ကြုံနေရတဲ့အတွက် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ကပ်ရောဂါကာလ အချိန်ကြာလာတာနဲ့အမျှ မြို့ခံတွေအတွက် အခက်အခဲကြံုနေရတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုနေပြီလို့ ရန်ကုန်မြို့ခံ ကိုထက်ညီသော်က ပြောပါတယ်။

"ပိတ်သင့်တယ်လို့တော့ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေရောဂါကူးဖို့အတွက် လူစုဝေးဖို့အတွက် ခွင့်ပြုပေးထားတဲ့ နေရာကြီးလိုမျိုးဖြစ်နေတာ။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် စားတယ်သောက်တယ်ဆိုတာကတော့ Mask တပ်ထားလည်း ဖွင့်ပြီးစားရမှာပဲ။ နဂိုကတည်းကလည်း ရောဂါကူးတဲ့ပုံစံက တယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်ပုံစံမျိုးကူးနေတာဖြစ်တဲ့အတွက် ပိတ်သွားရတယ်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကူးနိုင်လောက်တဲ့နေရာတခုလည််းနည်းသွားတယ်။ Risk လည်းနည်းသွားတာ ဖြစ်မယ်လို့တော့ ထင်တယ်။ အဲဒီတော့ ကူးတာကတော့ လျှော့ချနိုင်တယ်။ ဒါပေမဲ့ ကျန်တော့ကျန်နေဦးမှာပေါ့။ လူတွေက အခန်းကျဉ်းလေးထဲ နေရတာများတော့ မွန်းကျပ်တယ်။ အပြင်ထွက်ချင်တယ်ဆိုရင်လည်း အဲဒီကိစ္စတွေအတွက် အစိုးရက ဘယ်လိုစီစဉ်ပေးမလဲ မပြောတတ်ဘူး၊ Long Term Plan ရှိမလားပေါ့နော်။ စဉ်းစားကြည့်တာတော့ ဒီနေရာတွေကို အသုံးပြုခွင့်ပေးတော့ပေးမယ်။ ဒါပေမဲ့ ဘယ်လိုအသုံးပြုခွင့်ပေးမှာလဲ။ ဘတ်စ်ကားတွေပေါ်မှာလည်း ပုံမှန်သွားလာနေသူတွေ အနည်းနဲ့အများတော့ရှိတာပဲ။ အဲလိုလူတွေအတွက်ရော အစိုးရက ဘယ်လိုပုံစံနဲ့စီစဉ်မလဲဆိုတာပေါ့။"

မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ အတည်ပြုလူနာ ဒုတိယအများဆုံးရှိနေတဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာလည်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားပြီး မလိုက်နာသူတွေကို ဒဏ်ငွေရိုက် အရေးယူတာတွေလည်း ရှိနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀၀,၀၀၀ လောက်အထိ ရှိနေပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/yangon-covid/5690016.html

ရန်ကုန်တိုင်းတွင်း COVID 19 ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက် ရန်ကုန်တိုင်းတွင်း COVID 19 ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက် Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.