အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင်

Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး။ (ဒီဇင်ဘာ ၂၊ ၂၀၂၀)

အမေရိကန်နိုင်ငံသားတွေကို ဒီဇင်ဘာ ၁၄ ရက် တနင်္လာနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတာ့မှာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

မီရှီဂန်ပြည်နယ် ကာလမာဇူးမြို့ Pfizer စက်ရုံကနေ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးတွေကို တနင်္ဂနွေနေ့မှာပဲ စတင်သယ်ယူ ပို့ဆောင်နေပြီး တနင်္လာနေ့ကစလို့ ကာကွယ်ဆေးတွေ ရကြတော့မှာပါ။

ဒီကာကွယ်ဆေးထိုးရမယ့် အစီအစဉ် ပထမအသုတ်ထဲမှာ ပါဝင်တဲ့ မေရီလန်းပြည်နယ် Frederick Memorial ဆေးရုံမှာ တာဝန်ကျနေတဲ့ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ခိုင်ဇင်စန်းက ခုလိုရှင်းပြပါတယ်။

“ကျမတို့က ပထမအသုတ်ထဲမှာပါတယ်။ ဘာလို့ဆို ကျမက ကူးစက်ရောဂါ အထူးကု ဖြစ်တဲ့အခါကျတော့ ကိုဗစ်လူနာတွေကို နေ့တိုင်းလိုလို ကြည့်နေရတော့ ပထမအသုတ်ထဲမှာ ပါတယ်ပေါ့။ အခု ဒီ Pfizer ကထွက်တဲ့ COVID-19 ကာကွယ်ဆေးကတော့ ၂ ခါထိုးရမှာပေါ့လေ၊ 2 doses။ ပထမတခါ ထိုးရမယ်၊ ပြီးရင် နောက်ထပ် ၃ ပတ်အကြာမှာ တခါထိုးရမယ်ပေါ့။ ဒီဟာက ကာကွယ်ဆေးအသစ် ဖြစ်တာကလည်း တကြောင်းဆိုတော့ စိတ်ထဲမှာ ဘာတွေကို မျှော်လင့်ထားရမလဲဆိုပြီး ကြိုတွေးမိတာတော့ ရှိပါတယ်။

“အဓိကတော့ သူတို့ရဲ့ သုတေသနလုပ်ထားတဲ့ ရလဒ်တွေပေါ့လေ၊ အဲဒီဟာတွေကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူက တော်တော်လေးကို အန္တရာယ်ကင်းပါတယ်။ အရမ်း ဆိုးဆိုးဝါးဝါး ဘေးထွက်ဆိုးကျိုးတွေလည်း မရှိဘူးဆိုတော့ စိတ်က အရမ်းမပူပါဘူး။ အဓိက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်တာကတော့ များသောအားဖြင့် ကိုယ်ပူလာတာတို့၊ ခေါင်းမူးတာတို့၊ နုံးချိတာပေါ့နော်၊ အဲလိုမျိုး အအေးမိသလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်တယ်။ ဆေးထိုးထားတဲ့နေရာမှာ နာကျင်တာတို့ အနီရောင်အကွက်တွေ ထတာတို့ အဲလိုမျိုးတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း တခြား ဆိုးဆိုးရွားရွားကြီးတော့လည်း သူတို့ သုတေသန စာတမ်းမှာ တင်ပြထားတာ မတွေ့ရပါဘူး။”

ကာကွယ်ဆေး ဖြန့်ဝေပေးတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သမ္မတ Donald Trump ရဲ့ ကာကွယ်ဆေး တီထွင်ထုတ်လုပ် ဖြန့်ဖြူးမှု Operation Warp Speed အစီအစဉ် ဦးဆောင်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး Gustave Perna က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အမေရိကန်နိုင်ငံတလွှားက နေရာ ၁၄၅ ခုကို တနင်္လာနေ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိလာမှာပါ။ အင်္ဂါနေ့ကျရင်လည်း နောက်ထပ် ၄၂၅ နေရာကို ရောက်ပါမယ်။ နောက်ဆုံး ၆၆ နေရာကိုတော့ ဗုဒ္ဓဟူးနေ့ ရောက်ပြီးရင် Pfizer-BioNTech ကာကွယ်ထိုးဆေး ကနဦးဖြန့်ဖြူးမှု ရပ်နားပါမယ်။”

အမေရိကန်ပြည်သူတွေအားလုံး ကိုဗစ်ကာကွယ်ဆေး ရလိမ့်မယ်လို့ အပြည့်အဝ သူယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး Gus Perna က သတင်းထောက်တွေကို ပြောပါတယ်။ ဒီကာကွယ်ဆေး စဖြန့်တဲ့ လုပ်ငန်းစဉ်ကို ဒုတိယကမ္ဘာစစ်တုန်းက အောင်ပွဲရအောင် တိုက်ခဲ့တဲ့ D-Day ကမ်းခြေတက်တိုက်ပွဲနဲ့ ခိုင်းနှိုင်းပြီး ဗိုလ်ချုပ်ကြီး Gustave Perna က ပြောခဲ့ပါတယ်။

ပထမအသုတ်အနေနဲ့ အမေရိကန် ၃ သန်းနီးပါးကို ဆေး စထိုးပေးမှာပါ။ ကာကွယ်ဆေးထိုးရမယ့်သူတွေထဲမှာ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာက လူတွေကို ဦးစားပေးထိုးပေးဖို့ အစိုးရကျန်းမာရေးဌာနက အကြံပေးထားပါတယ်။ ဒါပေမယ့် ဘယ်သူတွေကို အရင်ထိုးပေးမလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပါတယ်။

အခုချိန်ထိတော့ Pfizer ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတာ တွေ့ရပေမယ့် ဆေးဝါးနဲ့ အလွယ်တကူ ဓာတ်မတည့်သူတွေကတော့ ဒီကာကွယ်ဆေး မထိုးသင့်သေးဘူးလို့ FDA ခေါ် အမေရိကန် အစားသောက်နဲ့ ဆေးဝါးအကဲဖြတ်ကြီးကြပ်မှုဌာနက အကြံပေးထားပါတယ်။

ဒါ့ကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အခါ ကြုံလာရနိုင်တဲ့ အခက်အခဲတွေကိုလည်း မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်ကြီး Gustave Perna က ပြောပါတယ်။

“ကျနော်တို့ အောင်ပွဲခံမယ်လို့တော့ မပြောလိုသေးပါဘူး။ ရှေ့မှာ အခက်အခဲတွေ ရင်ဆိုင်ရမယ်ဆိုတာ သိပါတယ်။ မမျှော်လင့်ထားတာတွေလည်း ကြုံလာနိုင်တယ်ဆိုပေမယ့် အားလုံး အတူတကွ အဖြေရှာပြီး ပြဿနာကို စုပေါင်းဖြေရှင်းတဲ့နည်းနဲ့ ချဉ်းကပ်သွားမှာပါ။”

Pfizer ကာကွယ်ဆေးကို အနုတ်ဒီဂရီ ၇၀ စင်တီဂရိတ်မှာ အေးခဲ သိုလှောင်ထားရတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် လူ ၃ သိန်းနီးပါး သေဆုံးခဲ့ရပြီး ကူးစက်သူ စုစုပေါင်း ၁၆ သန်းကျော် ရှိလာသလို ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ တရက်အတွင်း ကူးစက်မှုနှုန်းက လူ ၂,၀၀၀ ကနေ ၃,၀၀၀ ကြား မြင့်တက်လာတဲ့အတွက် အခုလို ကာကွယ်ဆေးထိုးမယ့် အစီအစဉ် ဖြစ်လာရတာပါ။

Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ အသုံးပြုဖို့ သောကြာနေ့တုန်းက ခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်ဟာ ကမ္ဘာမှာ Pfizer ကိုဗစ်ကာကွယ်ဆေးသုံးတဲ့ ၆ ခုမြောက်နိုင်ငံ ဖြစ်လာပါတယ်။


ကိုဉာဏ်ဝင်းအောင်/VOA (Burmese)

https://burmese.voanews.com/a/us-prepare-covid-viccine-injection/5698390.html

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင် အမေရိကန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး စတင် Reviewed by THITHTOOLWIN on 23:31 Rating: 5

No comments:

Powered by Blogger.