အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာအရေအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်နေတာနဲ့အတူ ဆောင်းရာသီလတွေမှာ ပိုပြီး အခြေအနေဆိုးလိမ့်မယ်လို့ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအဖွဲ့ CDC အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအတွင်း အမေရိကန်ပြည်သူ့ကျန်းမာရေးသမိုင်းမှာ အခက်ခဲဆုံး အခြေအနေတွေဖြစ်လိမ့်မယ်လို့ သူယုံကြည်ထားကြောင်း CDC အကြီးအကဲ Robert Redfield က ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ Online ဆွေးနွေးပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိ အတည်ပြုလူနာမြင့်တက်နေမှုဟာ အရင်ကထက် အဆိုးဆုံးဖြစ်နေတယ်လို့ သူကပြောပါတယ်။ နိုင်ငံတဝန်းက ဆေးရုံတွေမှာ လူနာသစ်အတွက် ကုတင်တွေ သိပ်မကျန်တော့သလို ကျန်းမာရေးဝန်ထမ်းတွေလည်း ခြေကုန်လက်ပန်းကျနေကြပြီလို့ CDC ဌာန အကြီးအကဲက ပြောကြားခဲ့ပါတယ်။ အမေရိကန်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနေသူကလည်း နေ့စဉ် ၂,၀၀၀ လောက်ရှိနေပါတယ်။ တောင်၊ မြောက် အမေရိကန်ကျန်းမာရေးဆိုင်ရာ အဖွဲ့ညွှန်ကြားရေးမှူး Carissa Etienne ကလည်း ဆေးရုံတက်ကုသမှုခံရသူ တိုးလာနေတယ်လို့ပြောပါတယ်။
"အမေရိကန်မှာ ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံနေရသူ ဆက်လက်တိုးနေတာ ၉၆၀,၀၀၀ ကျော်ရှိနေပါပြီ။ ကပ်ရောဂါဖြစ်ထဲကဆိုရင် အများဆုံးဖြစ်တယ်။" လို့ ပြောပါတယ်။ COVID Tracking project ရဲ့ စာရင်းအရဆိုရင် ဆေးရုံတက်နေရသူအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့က ၁၀၀,၀၀၀ ကျော်သွားပါပြီ။ အတည်ပြုလူနာကလည်း ကပ်ရောဂါ စာရင်းပြုစုနေတဲ့ Johns Hopkins တက္ကသိုလ်စာရင်းအရ အမေရိကန်မှာ ၁၃.၉ သန်း ကျော်သွားပြီဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
No comments:
Post a Comment