ကိုဗစ်ကာကွယ်ဆေး အိန္ဒိယမှာ ဇန်နဝါရီလအတွင်း စထိုးဖို့ ပြင်ဆင်

အိန္ဒိယမှာ ကာကွယ်ဆေးကုမ္ပဏီ ၆ ခု လက်တွေ့ စမ်းသပ်နေ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို လာမယ့် ဇန်နဝါရီလမှာ ပြည်သူတွေကို စတင်ထိုးနှံပေးဖွယ် ရှိတယ်လို့ ဗဟိုအစိုးရ ကျန်းမာရေး တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ကာကွယ်ဆေး ကုမ္ပဏီ အနည်းငယ်ကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ ဆေးဝါး စီမံကွပ်ကဲရေး တာဝန်ရှိသူတွေက အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုပေးဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဆိုပါတယ်။

သူတို့ ကာကွယ်ဆေးတွေကို ခွင့်ပြုပေးဖို့ တောင်းဆိုထားတဲ့ ကုမ္ပဏီ နှစ်ခု ရှိပြီး နောက်ထပ် ကုမ္ပဏီ ၆ ခုကလည်း လက်တွေ့စမ်းသပ်စစ်ဆေးမှုတွေ အဆင့်ဆင့် လုပ်ဆောင်နေကြပါတယ်။

ကာကွယ်ဆေးထိုးမှု အစီအစဉ်ဟာ ဩဂုတ်လ အစောပိုင်းမှာ လူပေါင်း သန်း ၃၀၀ အထိ ထိုးနှံပေးဖို့ ရည်ရွယ်ထားတာပါ။

အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၀ သန်းနီးပါး ရှိသွားပြီဖြစ်ပြီး သေဆုံးသူဦးရေကလည်း ၁၄၄,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရမှုတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့အချိန်ကျမှ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဘယ်ကာကွယ်ဆေးတွေကို ခွင့်ပြုသွားဖို့ ရှိသလဲ

အက်စတြာဇန်နကာဆေးကို အိန္ဒိယမှာ စမ်းသပ်

အိန္ဒိယကုမ္ပဏီ ဆီယမ် အင်စတီကျု့ (Serum Institute) နဲ့ ဗြိတိသျှဆေးဝါးကုမ္ပဏီ အက်စတြာ ဇန်နကာတို့ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ရှီး (Covishield) ကာကွယ်ဆေးနဲ့ ဘာရက် ဘိုင်အိုတက်ခ် (Bharat Biotech) ဆေးကုမ္ပဏီနဲ့ အိန္ဒိယ ဆေးသုတေသန ကောင်စီတို့ ပူးတွဲထုတ်လုပ်တဲ့ ကိုဗက်ဆင်း (Covaxin) ကာကွယ်ဆေးတွေကတော့ တာဝန်ရှိသူတွေထံ ခွင့်ပြုမိန့် တောင်းခံထားပြီး ဖြစ်ပါတယ်။

မတူညီတဲ့ စမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်မှာ ရောက်ရှိနေကြပြီ ဖြစ်တဲ့ တခြား ကာကွယ်ဆေးတွေကတော့

• အာမက်ထဘတ်မြို့ အခြေစိုက် ဇိုက်ဒက်စ်-ကတ်ဒယ်လာ(Zydus-Cadila) ကုမ္ပဏီထုတ် ဇိုက်ကော့ဒီ(ZyCov-Di) ကာကွယ်ဆေး၊

• MIT မာဆာချုးဆက် နည်းပညာကုမ္ပဏီကြီးနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကကာကွယ်ဆေး ကုမ္ပဏီ ဘိုင်အိုလောဂျီကယ်-အီး (Biological-E) ကုမ္ပဏီထုတ် ကာကွယ်ဆေး ၊

• ပူနေးမြို့ အခြေစိုက် ဂျီနိုဗာ(Genova) ဆေးကုမ္ပဏီနဲ့ အမေရိကန် ဆီယက်တဲလ်မြို့ အခြေစိုက် HDT Biotech ကုမ္ပဏီတို့ ပူးတွဲပြီး ကိုယ်ခံအားစနစ်ကောင်းစေဖို့ မျိုးဗီဇ လက္ခဏာကို သုံးပြီး ထုတ်ထားတဲ့ အိန္ဒိယန်နိုင်ငံရဲ့ ပထမဆုံး mRNA မျိုးဗီဇ ကာကွယ်ဆေး HECO19၊

• ဘာရက် ဘိုင်အိုတက်ခ် (Bharat Biotech) ရဲ့ နှာခေါင်းထဲ ထည့်ဖြန်းရတဲ့ ကာကွယ်ဆေး

• ဒေါက်တာ ရက်ဒီ လက်ဖ် (Dr Reddy’s Lab) ဆေးကုမ္ပဏီနဲ့ ရုရှားတို့ ပူးပေါင်းထုတ်လုပ်တဲ့ စပွတ်နစ်ခ် ဗွီ(Sputnik V) ကာကွယ်ဆေး၊

• ကာကွယ်ဆေးထုတ်လုပ်တဲ့ အမေရိကန် ကုမ္ပဏီ နိုဗာဗက်စ် (Novavx) နဲ့ ပူးပေါင်းပြီး အိန္ဒိယက ဆီယမ်အင်စတီကျု့ ( Serum Institute) ရဲ့ ဒုတိယမြောက် ကာကွယ်ဆေး

ဒီကာကွယ်ဆေး ၈ မျိုးထဲက ၄ မျိုးဟာ အိန္ဒိယနိုင်ငံတွင်းမှာပဲ ထုတ်လုပ်တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာတဝန်း ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီကနေ ဆေးအလုံးပေါင်း သန်းနဲ့ချီ ကြိုတင်မှာယူထားတယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကိုတော့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သဘောမတူပါဘူး။

နိုင်ငံတွင်းမှာ ရှိတဲ့ ကာကွယ်ဆေးတွေကို သူတို့ အားရကျေနပ်ပါတယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ဆေးရှစ်မျိုး သုံးဖို့ လတ်တလော စဥ်းစားထား

"အိန္ဒိယအစိုးရဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်သူတချို့နဲ့ ဆက်သွယ်ခဲ့တယ်။ နိုင်ငံတွင်းလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ သူတို့ကို အသိပေးတာနဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်း အခြေအနေကို အဖြေရှာတာ ဖြစ်တယ်" လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆီယမ် အင်စတီကျု့ (Serum Institute) နဲ့ ဘာရက် ဘိုင်အိုတက်ခ် (Bharat Biotech) ကုမ္ပဏီတို့ နှစ်ခုတည်းကတင် တလအတွင်း ကာကွယ်ဆေးအလုံးပေါင်း ၆၅ သန်း ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ပြောထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း သိုလှောင်ထားတာ အများအပြား ရှိတယ်လို့လည်းဆိုပါတယ်။ ဆေးကုမ္ပဏီတွေဟာ ခွင့်ပြုမိန့်ရရင် အဲဒီပစ္စည်းတွေကို ဆေးအဖြစ် အမြန်ဆုံး ပြောင်းလဲ ထုတ်လုပ်နိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကာကွယ်ဆေးထိုးမှု အစီအစဉ် ဘယ်လို စတင်မှာလဲ

ဇန်နဝါရီလနဲ့ ဩဂုတ်လအစောပိုင်းအတွင်း အိန္ဒိယနိုင်ငံသား သန်း ၃၀၀ နီးပါးကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်း ၁၀ သန်းနီးပါးကို အရင်ဆုံး ထိုးပေးသွားမှာ ဖြစ်ပြီး အဲဒီနောက်မှာ ရဲဝန်ထမ်းတွေ၊ စစ်သားတွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ရှေ့တန်းက ဦးဆောင်လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေကို ထိုးပေးသွားမှာပါ။

ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ နောက်အုပ်စုတွေကတော့ အသက် ၅၀ ကျော် အရွယ်တွေ နဲ့ အသက် ၅၀အောက် ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို အရင်ကတည်းက စတင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီမှာ မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင် သန်း ၄၀ ကျော်ကို ရောဂါ ၁၂ မျိုး မကူးစက်အောင် နှစ်စဉ်ကာကွယ်ဆေး ထိုးပေးနေကြဖြစ်ပါတယ်။

လူ ၁ ဘီလီယံကို ကာကွယ်ဆေး ဘယ်လို ထိုးပေးမှာလဲ

လူ ၁ ဘီလျံကို ကာကွယ်ဆေးထိုးရဖို့ဆိုတာ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်

နိုင်ငံတွင်းမှာ ရှိတဲ့ သူနာပြုတွေနဲ့ သားဖွားသူနာပြု စုစုပေါင်း ၂၂၃,၀၀၀ ထဲက ဒီအစီအစဉ်မှာ ပါဝင်မယ့် ၁၅၄,၀၀၀ ဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးနှစ် သူနာပြု ကျောင်းသူတွေကိုလည်း စေတနာ့ဝန်ထမ်းလုပ်ပေးဖို့ အာဏာပိုင်တွေက ဆော်ဩနေပါတယ်။

ကာကွယ်ဆေးတွေကို သိုလှောင်ဖို့အတွက် ဆောက်လုပ်ပြီးသား အေးခဲတဲ့ သိုလှောင်ရုံ ၂၉,၀၀၀ ကိုလည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးတိုင်းဟာ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်နဲ့ ၈ ဒီဂရီစင်တီဂရိတ်ကြား ထားပြီး သယ်ယူပို့ဆောင် ဖြန့်ချိရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပေးဖို့အတွက် အသက် ၅၀ ကျော် အရွယ်တွေစာရင်းကို ကျန်းမာရေးဝန်ထမ်းတွေလိုက်ကောက်

အနုတ် ၈၀ ဒီဂရီ စင်တီဂရိတ်အထိ အင်မတန် အေးခဲတဲ့ အပူချိန်မှာ သိုလှောင်ထားနိုင်တဲ့ သိုလှောင်ရုံတွေလည်း ဟာရားနား၊ ကိုလ်က္ကတားနဲ့ အနောက်ဘန်ဂေါပြည်နယ်တွေက စိုက်ပျိုးမွေးမြူရေး သုတေသန ဌာနတချို့နဲ့ တခြားနေရာအများအပြားမှာ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ ဆီယမ် အင်စတီကျု့ (Serum Institute)ရဲ့ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုမှာ ပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတဦးဟာ ဖျားနာခဲ့တယ်လို့ဆိုပြီး ကုမ္ပဏီကို တရားစွဲဆိုထားတဲ့ အငြင်းပွားဖွယ် အမှုတခုနောက်ပိုင်း ကာကွယ်ဆေးထိုးနှံမှုတွေရဲ့ "ဘေးထွက်ဆိုးကျိုးတွေကို" အိန္ဒိယ အစိုးရ ဘယ်လို စောင့်ကြည့်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။

"ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးဖြစ်စဉ်တွေကို သေချာ ကိုင်တွယ်သွားမှာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားကြရမှာပါ။ အဲဒီအတွက် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတခုကိုလည်း ပြင်ဆင်ထားပါတယ်" လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55366077

ကိုဗစ်ကာကွယ်ဆေး အိန္ဒိယမှာ ဇန်နဝါရီလအတွင်း စထိုးဖို့ ပြင်ဆင်  ကိုဗစ်ကာကွယ်ဆေး အိန္ဒိယမှာ ဇန်နဝါရီလအတွင်း စထိုးဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.