ရှုခင်းကြည့် လေယာဉ်အပျော်စီးခရီးစဥ်တွေ ရန်ကုန် လေဆိပ်က စတင် ပြေးဆွဲ

ရန်ကုန်ကနေ ကျိုက်ထီးရိုး-ဘားအံဘက်ကို ပျံသန်းပြေးဆွဲ ခဲ့တာဖြစ်

ဝေဟင်ကနေ ရှုခင်းကြည့် လေယာဉ်အပျော်စီးခရီးစဉ်ကို ပထမဆုံး အကြိမ်အနေနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ စတင် ပြေးဆွဲခဲ့ပါတယ်။

ပထမဆုံး ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ ကျိုက်ထီးရိုး-ဘားအံဘက်ကို ပျံသန်း ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ လုံးဝနီးပါး ရပ်ဆိုင်းထားရတဲ့ ခရီးသွားကဏ္ဍကို ပြန်လည်မြှင့်တင်ဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ခရီးသွားကဏ္ဍ က အသင်းအဖွဲ့တွေ ပူးပေါင်းပြီး လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းလမ်း ခရီးစဉ်တွေ ပြေးဆွဲသွားဖို့ စီစဉ်ထားတဲ့ ခရီးစဥ်တစ်ခုလည်း ဖြစ်တယ်လို့ စီစဥ်သူတွေက ပြောပါတယ်။

ခရီးစဥ် စဆွဲတဲ့နေ့မှာ လိုက်ပါစီးနင်းတဲ့ခရီးသည် ၃၅ ဦး ရရှိခဲ့ပြီး ဖိတ်ကြားထားတဲ့ သံတမန် နှစ်ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကိုပြောပါတယ်။

ပထမဆုံး ခရီးစဥ်မှာ ခရီးသည် ၃၅ ဦးလိုက်ပါခဲ့

ပျံသန်းချိန် တစ်နာရီကျော် ကြာမြင့်တဲ့ ဒီခရီးစဥ်အတွက် လေယာဉ်လက်မှတ်ခတွေကတော့ ကျပ် ၉၀၀၀၀ နဲ့ ကျပ် ၆၀၀၀၀ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီခရီးစဥ်လိုက်ပါသူ အများစုဟာ ပြည်တွင်းက ဖြစ်ပြီးတော့ စတင်ပြေးဆွဲခဲ့တဲ့ အပျော်စီးလေယာဥ် ခရီးစဥ်ဟာ အောင်မြင်မှုရှိတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ခရီးသည်တွေကလည်း ကြိုက်နှစ်သက်မှုရှိပါတယ်၊ ကျိုတ်ထီးရိုးဘုရားနဲ့ ဘားအံ့မြို့ကို အနိမ့်က ပျံသန်းပေးခဲ့တဲ့ အတွက် အရင် မမြင်ဖူးတာတွေ တွေမြင်ခဲ့ရပါတယ်"လို့ ဒီခရီးစဥ်နဲ့ ကိုယ်တိုင်လိုက်ပါခဲ့သူက‌ ပြောပါတယ်။

လေယာဥ် အပျော်စီးခရီးစဉ်ကို လိုက်ပါမယ့် သူတွေအနေနဲ့ ခရီးစဉ်မတိုင်ခင် ၃၆ နာရီအတွင်းမှာ ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးထားရမှာဖြစ်ပြီး ကိုဗစ် ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ ခရီးစဉ်မှာ လိုက်ပါခွင့်ရတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ ခဏခဏ ပြေးဆွဲလို့တော့ မရပါဘူး၊ ခရီးသွားတွေ ကြိုက်နှစ်သက်မှုနဲ့ စျေးကွက်က လက်ခံနိုင်မှုပေါ် မူတည်ပြီး ပြေးဆွဲပါမယ်၊ ဒါမှမဟုတ် အခြားခရီးစဥ်တစ်ခုကို ပြောင်းလဲပြေးဆွဲပါမယ်၊လေယာဥ်အသေးနဲ့ ပဲဆွဲပါမယ် "လို့လည်းသူကရှင်းပြပါတယ်။


ကိုဗစ် ကပ်ရောဂါကြောင့် ရပ်တန့်နေတဲ့ ခရီးသွားကဏ္ဍကို ပြန်လည်စတင်နိုင်ဖို့ အတွက် လေယာဉ် အပျော်စီးခရီးစဉ်အပြင် ရန်ကုန် မြစ်တွင်းသွား အပျော်စီး သင်္ဘောခရီးစဥ်တွေ ကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က စပြီး ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန် မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်တွေမှာ စီးနင်းမယ့်သူတွေကတော့ ကိုဗစ် ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးစရာ မလိုဘူးလို့ ခရီးသွားလုပ်ငန်းရှင်အသင်းက ပြောပါတယ်။

မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဥ်အတွက်ကိုတော့ လူတစ်ဦးကို ကျပ်တစ်သောင်းခွဲနှုန်းနဲ့ လူ ၁၂၀ဆန့် သင်္ဘောမှာ တစ်ကြိမ်ကို လူ၃၀ နှုန်း နဲ့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေနဲ့အညီ ပြေးဆွဲသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ကိုဗစ် ကာလမှာ ကျဆင်းသွားတဲ့ ခရီးသွားကဏ္ဍ ပြန်လာကောင်းမွန်လာစေရန် ရည်ရွယ်ပြီး အပျော်စီး လေယာဉ်ခရီးစဉ်ကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက နိုင်ငံပိုင် Myanmar National Airlines က ATR 72 လေယာဥ်နဲ့ ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55387901

ရှုခင်းကြည့် လေယာဉ်အပျော်စီးခရီးစဥ်တွေ ရန်ကုန် လေဆိပ်က စတင် ပြေးဆွဲ  ရှုခင်းကြည့် လေယာဉ်အပျော်စီးခရီးစဥ်တွေ ရန်ကုန် လေဆိပ်က စတင် ပြေးဆွဲ Reviewed by THITHTOOLWIN on 01:38 Rating: 5

No comments:

Powered by Blogger.