မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်ထိ ရှိလာ


ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စစ်ပိုး ကူးစက်ခံရသူ တစ်ထောင်နှစ်ရာကျော် ဒီဇင်ဘာလ ၇ ရက်နေ့က ထပ်ပြီး တွေ့ရှိတာကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ တစ်သိန်းကျော် ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က မြန်မာတစ်နိုင်ငံလုံး ကိုဗစ် ကူးစက်ခံရသူ ၉၉၁၅၅ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၇ ၇က်နေ့ မှာ ၁၂၇၆ ဦး ထပ်တွေ့တယ်လို့ ထုတ်ပြန်တာကြောင့် တစ်နိုင်ငံလုံး ကူးစက်ခံရသူ အရေအတွက် ၁၀၀၄၃၁ ဦးအထိ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ကိုးသောင်းကျော်လာခဲ့ပြီး တစ်ပတ်အတွင်း ဒီဇင်ဘာလ ၇ရက်နေ့မှာ ရောဂါကူးစက်ခံရသူ တစ်သိန်းကျော် လာခဲ့တာဖြစ်ပါတယ်။

ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီဇင်ဘာလ ၇ ရက်နေ့အထိ စုစုပေါင်း နှစ်ထောင့်တစ်ရာ ကျော်လာပြီလည်း ဖြစ်ပါတယ်။

ကူးစက်ခံရမှု အများဆုံးကတော့ ရန်ကုန်မြို့က ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်း တန်ဆောင်တိုင်ပွဲတော် ကာလမှာ လူစုလူဝေးတွေဖြစ်ခဲ့တဲ့ ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံကိုတော့ ဒီဇင်ဘာလ ၇ရက်နေ့က စပြီး လူအဝင်အထွက်တွေ ပိတ်ထားတာကိုလည်း တွေ့ရပါတယ်။

တန်ဆောင်တိုင်ပွဲတော် ကာလမှာ လူစုလူဝေးတွေ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံ

ဒီဇင်ဘာလ ၆ ရက်နေ့က ကူးစက်ခံရသူ တစ်ထောင်ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးက ၅၉၅ ဦးနဲ့ ၊မန္တလေးတိုင်းဒေသကြီးက ၁၈၃ ဦးနဲ့ ၊ ဧရာဝတီတိုင်းဒေသကြီးက ၉၆ ဦး နဲ့ ၊ပဲခူးတိုင်းဒေသကြီးက ၈၁ ဦးနဲ့၊ ကရင်ပြည်နယ်က ၃၁ ဦး ၊စစ်ကိုင်းတိုင်းက ၃၀ ၊မွန်ပြည်နယ်က ၁၇ ဦး၊နေပြည်တော်က ၁၅ ဦး၊ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်က စလို့ မဟာဗန္ဓုလပန်းခြံမှာ လာရောက် အပန်းဖြေသူတွေနဲ့ စည်ကားလာပြီး နောက်ပိုင်း အများပြည်သူတွေက ဝေဖန်မှုတွေ ရှိခဲ့တဲ့နောက် ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းကစပြီး သက်ဆိုင်ရာက ဝင်ခွင့် ပိတ်ထားလိုက်ပါတယ်။

ပန်းခြံထဲမှာ ထမင်းဝင်စားတာတွေ အပြင်၊ပန်းခြံအနီးက လမ်းထဲမှာ ဆိုင်ခင်း ရောင်းချတာတွေ ရှိလာတာကြောင့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလ မရောက်မီ ကြိုတင် ထိန်းလိုက်ရတာဖြစ်ကြောင်းနဲ့ ရန်ကုန်က အခြားပန်းခြံတွေမှာလည်း လူစုလူဝေးဖြစ်လာပါက လိုအပ်ရင် ပိတ်ဖို့ရှိတယ်လို့ ရန်ကုန်မြို့က ဒုတိယမြို့တော်ဝန် ဦးရဲလွင်က ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှု အဖြေတွေကို ထုတ်ပြန်တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ရန်ကုန်တိုင်းဒေသကြီးက မြောက်ဥက္ကလာပ မြို့နယ်ဟာ ကူးစက်ခံရသူ စုစုပေါင်း ၆၄ ဦးနဲ့ အများဆုံးမြို့နယ်အဖြစ် ရှိနေပါတယ်။


ဒီဇင်ဘာ ၇ ရက်နေ့မှာ ကိုဗစ် ၁၉ ကာကွယ်ဆေးရဖို့ မြန်မာနိုင်ငံက အဆိုပြုလွှာ တင်သွင်းဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရောက်လာဖို့ရှိတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစောဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်ရောဂါကူးစက်ခံရမှုရဲ့ လေးပုံ သုံးပုံဟာ၊ရန်ကုန်တိုင်းက ဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံက တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် အစိုးရက ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်နဲ့ ဆောင်ရွက်နေပြီးတော့ တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းနဲ့ တတ်နိုင်သမျှ မိမိနေအိမ်မှာသာနေထိုင်ခြင်း တို့ဟာ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်တယ်ဆိုတာကို ထုတ်ပြန်ထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၄၄ မြို့နယ်နဲ့၊ မန္တလေးတိုင်းဒေသကြီးက မြို့နယ်အချို့တို့မှာ လူတွေနေအိမ်မှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းဒေသကြီးကတော့ ရန်ကုန်တိုင်းဒေသကြီး နောက်မှာ ဒုတိယ ကူးစက်ခံရသူ အများဆုံး တိုင်းဒေသကြီး ဖြစ်ပြီးတော့ လူ ၇၀၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ အနက် ဆေးရုံတွေက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၇၉၂၄၀ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55216299

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်ထိ ရှိလာ  မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်ထိ ရှိလာ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.