ကိုဗစ် - မက်ဒါးနားကို ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးအဖြစ် အမေရိကန် အတည်ပြု

ကာကွယ်ဆေး ခြောက်သန်း ဖြန့်ဖို့ အဆင်သင့်ဖြစ်

အမေရိကန် အစိုးရက မက်ဒါးနား ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံရဲ့ ဒုတိယမြောက် ဆေးအဖြစ် ခွင့်ပြုလိုက်လို့ ဆေးတွေ သန်းချီပြီး ထုတ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

အခုအခါမှာ ဖြန့်ဖြူးနေပြီဖြစ်တဲ့ ဖိုင်ဇာနဲ့ ဘိုင်အွန်တက် ကာကွယ်ဆေးကို အတည်ပြုပြီး တစ်ပတ်လောက်အကြာမှာ အမေရိကန်ထုတ် ဒီမက်ဒါးနားဆေးကို အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေး အာဏာပိုင် အဖွဲ့ FDA က အရေးပေါ် အသုံးပြုခွင့် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မက်ဒါနားဆေးပုလင်း သန်း ၂၀၀ ကို ဝယ်ယူဖို့ အမေရိကန်က သဘောတူထားပြီး အခုအခါမှာ ဆေး ခြောက်သန်းကို ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အမေရိကန်ဟာ ကမ္ဘာမှာ ကိုဗစ်ကူးစက်သူနဲ့ သေဆုံးသူ အများဆုံး ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။

အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁၃,၅၀၀ ကျော် နဲ့ ကူးစက်သူ ၁၇.၅ သန်း ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီဆေးဟာ ၉၄ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ အာဏာပိုင်တွေက ပြောပါတယ်။

မက်ဒါးနားနဲ့ ဖိုင်ဇာဆေး ဘာကွာလဲ

မက်ဒါးနားဆေးက အပူချိန် အနုတ် ၂၀ ဒီဂရီ လောက် လိုပါတယ်။ အဲဒါက ပုံမှန် ရေခဲ သေတ္တာထဲက အအေးခန်း မှာ ထားလို့ရတဲ့ အခြေအနေပါ။

အမေရိကန်က ဖိုင်ဇာနဲ့ ဂျာမနီက ဘိုင်အွန်တက် ကုမ္ပဏီတို့ ပူးပေါင်းထုတ်တဲ့ ဖိုင်ဇာဆေးကတော့ အနုတ် ၇၅ ဒီဂရီလောက် အပူချိန်နဲ့ ထားရမှာပါ။ ဒါကြောင့် ဆေးတွေ ပို့ဆောင်ရေးမှာ အများကြီး ပိုခက်ခဲပါတယ်။

vaccine

ဖိုင်ဇာဆေးလိုပဲ မက်ဒါနားဆေးလည်း နှစ်ကြိမ်ထိုးဖို့ လိုပါမယ်။

ဆေးတန်ဖိုးအနေနဲ့ မက်ဒါးနားဆေးက တစ်ကြိမ်ကို ၃၃ ဒေါ်လာနဲ့ ဖိုင်ဇာက တစ်ကြိမ်ကို ဒေါ်လာ ၂၀ ကျမယ်လို့ အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

မက်ဒါးနားဆေးကတော့ ပထမတစ်ကြိမ် ထိုးပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ထိုးရမှာ ဖြစ်ပြီး ဖိုင်ဇာက ၂၁ ရက် အကြာမှာ ထိုးရမှာ ဖြစ်ပါတယ်။

မက်ဒါးနားဆေးက မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်မှာ အခြေစိုက်ပြီး ဆေးအများစုကို အဲဒီမှာ ထုတ်မှာမယ်လို့ အစောပိုင်းက ပြောထားပါတယ်။

ဖိုင်ဇာဆေးကတော့ ဂျာမနီနဲ့ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအတော်များများမှာပါ ထုတ်မှာပါ။

မက်ဒါးနားကို တခြားနိုင်ငံတွေလည်း မှာထားကြပါတယ်။

အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံ

    ဥရောပသမဂ္ဂကတော့ ဆေး သန်း ၈၀ ဝယ်ဖို့ စာချုပ်ချုပ်ထားတယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။ ဆေးက စိတ်ချရပြီး အစွမ်းပြတယ်ဆိုရင် နောက်ထပ် သန်း ၈၀ ထပ်မှာချင်ရင် မှာဖို့ သဘောတူညီချက်လည်း အဲဒီ စာချုပ်မှာ ထည့်သွင်းထားပါတယ်။

    ဂျပန်က ဆေး သန်း ၅၀၊ တောင်ကိုရီးယားက သန်း ၂၀ ၊ ဆွစ်ဇာလန်က ၇.၅ သန်း မှာ ထားပါတယ်။

အမေရိကန် ကာကွယ်ဆေး အစီအစဥ်အရ ဧပြီဆိုရင် လူ သန်း ၁၀၀ ကို ထိုးပြီးဖို့ ရည်ရွယ်ထားပါတယ်။

လူထုကြား အစုလိုက် ခုခံအားရဖို့ဆိုရင် အမေရိကန် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်း အနည်ဆုံး ကာကွယ်ဆေးထိုးဖို့ လိုတယ်လို့ ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဥ်ရဲ့ သိပ္ပံပညာရှင် တစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55377253

ကိုဗစ် - မက်ဒါးနားကို ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးအဖြစ် အမေရိကန် အတည်ပြု ကိုဗစ် - မက်ဒါးနားကို ဒုတိယမြောက် ကိုဗစ်ကာကွယ်ဆေးအဖြစ် အမေရိကန် အတည်ပြု Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.