ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅.၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

[ကွင်းဆက်အရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ]


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကံဌေးမောင်းနှင်ပြီးသိန်းဇော် လိုက်ပါလာသည့် CANTER အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘိန်းဖြူများသယ်ဆောင်လာကြောင်း သတင်းရရှိသည်။

အဆိုပါမော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ၎င်းမော်တော်ယာဉ်ရပ်တန့်ထားပြီး မူးယစ်ဆေးဝါးများလာရောက်လွှဲပြောင်း လက်ခံယူသည့် ခန့်ဇော်နှင့် ခွန်ဇော်ထက် တို့ ၂ ဦးရောက်ရှိ၍ မူးယစ်ဆေးဝါးများအား လွှဲပြောင်းလက်ခံပြုလုပ်နေစဉ် ၎င်းတို့အားထိန်းသိမ်းကာ မော်တော်ယာဉ်အား ရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်းခေါက်ဆွဲခြောက်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဘိန်းဖြူ ၈၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းမူးယစ်ဆေးဝါးများကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 ကွင်းဆက်အရ ၎င်းနေ့ ညနေ ၆ နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်၊ အမှတ်(၇/ခ)နေမူးယစ်ဆေးဝါးလက်ခံမည့်သူ မအိအိခိုင် (ခ)ဘုတ်ဘုတ် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြား၊မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်၊ အမှတ်(၇၅)နေမဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာအားဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ကံဌေး(၂၂)နှစ်၊ သိန်းဇော်(ခ)အောင်အောင်(၃၁)နှစ်၊ ခန့်ဇော်(၂၄)နှစ်၊ ခွန်ဇော်ထက်(၂၈)နှစ်၊ မအိအိခိုင်(ခ)ဘုတ်ဘုတ်(၃၈)နှစ်၊ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာ(၅၀)နှစ်တို့အား ဉပဒေအရအမှုဖွင့်အရေးယူ ထားရှိပြီးဖမ်းဆီးရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။


The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅.၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅.၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 01:09 Rating: 5

No comments:

Powered by Blogger.