ကိုဗစ်ကာကွယ်ဆေး အမေရိကန်တဝန်း စတင်ပို့ဆောင်ဖြန့်ဖြူး

Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး တင်ဆောင်ဖြန့်ဖြူးပေးမယ့် ထရပ်ကားတစီး။ (ဒီဇင်ဘာ ၁၁၊ ၂၀၂၀)

Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို အမေရိကန် နိုင်ငံတဝန်းကို စတင်ပို့ဆောင် ဖြန့်ဖြူးတော့မှာ ဖြစ်ပါတယ်။ Pfizer ဆေးကုမ္ပဏီ စက်ရုံတည်ရှိရာ မီရှီဂန်ပြည်နယ်၊ Kalamazoo မြို့ကနေ အဆမတန် အေးခဲတဲ့ ရေခဲပုံးတွေနဲ့ နိုင်ငံတဝန်းက ကာကွယ်ဆေး ဖြန့်ဖြူးထိုးနှံရေး အချက်အခြာကျရာ နေရာတွေကို စတင်ပို့ဆောင်တော့မှာပါ။

အမေရိကန်တဝန်း COVID-19 ကြောင့် သေဆုံးသူ ၃ သိန်းနီးပါးရှိလာချိန် အစောဆုံး တနင်္လာနေ့မှာ ကာကွယ်ဆေး ထိုးနှံမှုကို စတင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ပို့ဆောင်ဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေက နိုင်ငံတဝန်းက ကာကွယ်ဆေး သိုလှောင်ရာနေရာ ၁၅၀ နီးပါးဆီကို ကနဦး စတင်ပို့ဆောင်ပေးလိမ့်မယ်လို့ သမ္မတ Donald Trump ရဲ့ ကာကွယ်ဆေး တီထွင်ထုတ်လုပ်မှု အစီအစဉ်တရပ်ဖြစ်တဲ့ Operation Warp Speed ကို ဦးဆောင်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး Gustave Perna က စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျန်တဲ့နေရာ ၄၅၀ လောက်ကိုတော့ ကာကွယ်ဆေးတွေ ဗုဒ္ဓဟူးနေ့ အရောက် ပို့ပေးမယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA) က Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲဖို့ သောကြာနေ့ နှောင်းပိုင်းက ခွင့်ပြုလိုက်တာပါ။ ကာကွယ်ဆေးကို အနုတ်ဒီဂရီ ၇၀ စင်တီဂရိတ်မှာ အေးခဲသိုလှောင်ထားရတာပါ။ ဆေးရဲ့ထိရောက်မှုက ၉၅ ရာခိုင်နှုန်းရှိတာကို စမ်းသပ်မှု နောက်ဆုံးအဆင့်တွေမှာ ပြသခဲ့ပါတယ်။

ပထမဆုံး ကာကွယ်ထိုးဆေး ၂.၉ သန်းကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးဂေဟာတွေမှာ နေထိုင်သူ လူကြီးတွေကို ထိုးပေးမှာဖြစ်ပါတယ်။ တဦးစီကို သီတင်းပတ် သုံးပတ်ခွဲပြီး နှစ်ကြိမ်ထိုးပေးမှာ ဖြစ်ပါတယ်။

BioNTech ကုမ္ပဏီရဲ့ အကြီးအကဲ Ugur Sahin က ကာကွယ်ဆေးက အမေရိကန်နိုင်ငံတဝန်းက ပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်မှာ ဖြစ်သလို ပုံမှန်ဘဝတွေကို ပြန်ရကြလိမ့်မယ်လို့လည်း ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-covid-vaccine-distribution/5697667.html

ကိုဗစ်ကာကွယ်ဆေး အမေရိကန်တဝန်း စတင်ပို့ဆောင်ဖြန့်ဖြူး ကိုဗစ်ကာကွယ်ဆေး အမေရိကန်တဝန်း စတင်ပို့ဆောင်ဖြန့်ဖြူး Reviewed by THITHTOOLWIN on 03:32 Rating: 5

No comments:

Powered by Blogger.