ရခိုင်ပြည်နယ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလားအလာ

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ ရန်ကုန်မြို့က မဲရုံတခုမှာ မဲရေတွက်နေတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေးအတွက် AA ရခိုင်လက်နက်ကိုင်အဖွဲ့ရော ရခိုင်ပါတီတွေကပါ တိုက်တွန်းနေပေမယ့် အခုအချိန်အထိတော့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေဘက်က တိတိကျကျ တုံ့ပြန်တာ မရှိသေးပါဘူး။ ရွေးကောက်ပွဲ ပြန်ကျင်းပခဲ့ရင် မဲဆန္ဒရှင် ပြည်သူတွေရဲ့ လုံခြုံရေး အထူးဂရုစိုက်ပေးဖို့ လိုမယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက သတိပေးကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပချိန် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ခဲ့တဲ့အတွက် ရခိုင်ပြည်သူ သိန်းနဲ့ချီ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် စစ်ရေးပဋိပက္ခတွေ ရှိနေဆဲ ရခိုင်ပြည်နယ်တွင်းမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေကို အခု ဒီဇင်ဘာလတွင်းလုပ်ဖို့ ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ ကမ်းလှမ်းချက်ကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က ကြိုဆိုလက်ခံထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရခိုင်ပြည်နယ်နေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်ကရော နိုင်ငံတော်သမ္မတဘက်ကပါ ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပရေး ဝိုင်းဝန်းကူညီပေးကြဖို့ သဝဏ်လွှာပေးပို့ပြီး အသီးသီး တိုက်တွန်းကြပါတယ်။ ဒီတော့ ရခိုင်ပြည်နယ်တွင်း နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ဘယ်လိုအခြေအနေ ရှိနေပါသလဲ။ ANP ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တမြို့နယ်ဖြစ်တဲ့ မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဟာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

"နှစ်ဖက်အဖွဲ့အစည်းကလည်း ကူညီမယ်၊ ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတော့ မြေပြင်အခြေအနေကတော့ ရွေးကောက်ပွဲလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း သူတို့မှာ အဆင်သင့်ဖြစ်တယ်လို့ ပြောတယ်။ ကျနော်တို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို သူတို့ဟာ ဒီရွေးကောက်ပွဲ တောင်းဆိုချက်အပေါ်မှာ ဒီဆုံမှတ်တခု ခေါင်းစဉ်တခုရပြီး ညီညွတ်သွားကြတယ်လို့ မြင်တယ်။ AA ရယ် တပ်မတော်ရယ် ဒီလိုအချိန်အခါမှာ သဘောထားပျော့ပြောင်းပြီး ညီညွတ်နေတဲ့အချိန်မှာ အစိုးရဘက်က နည်းနည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ တွန်းအား တိုက်အားတွေနဲ့ သွားမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ တကယ့်ကို ငြိမ်းချမ်းတဲ့ နေရာတွေ ဖြစ်လာမယ်လို့ ကျနော်တို့က မျှော်လင့်နေကြတာပါ။ အဲ့ဒီ့အပေါ်မှာ ဒီရွေးကောက်ပွဲကို အခုက ဘယ်သူ့မှာ တာဝန်ရှိမှန်းလည်းမသိ၊ ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ဘာမှလည်းမပြော၊ အစိုးရကလည်း ဘာမှမပြောဘူး။ အဲ့ဒါကြောင့် ဒါမျိုးကို အစိုးရဘက်က သဝဏ်လွှာလေးနဲ့ပဲ ကျနော်တို့ကို နှစ်သိမ့်နေတယ်ဆိုရင်တော့ ရှေ့ဆက်ပြီးတော့ ရလဒ်ကောင်းတွေ ရလာမှာ မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်မိတယ်။"

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်ထဲက နောက်တမြို့ဖြစ်တဲ့ ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစီကလည်း အစိုးရ ထိပ်သီးခေါင်းဆောင်တွေဘက်က ရခိုင့်အရေး သဝဏ်လွှာတွေ ပေးပို့နေတာနဲ့တင် မဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေအရေး လက်တွေ့အကောင်အထည်ဖော်ပါလို့ ဆိုပါတယ်။

"သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ လိုလားကြတာပေါ့နော်။ အစိုးရတရပ်အနေနဲ့ တိုင်းပြည်တခု တည်ငြိမ်အေးချမ်းဖို့အတွက် လက်နက်ကိုင်တွေ အချင်းချင်းတောင်မှ လမ်းကြောင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိတယ်။ အစိုးရဘက်က သဘောထားကြီးကြီးနဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ ဆန္ဒတွေ ထုတ်ဖော်ပြသလာတဲ့အခါမှာ အစိုးရတရပ်ကလည်း သဘောထားကြီးကြီးနဲ့ နိုင်ငံရေးပဋိပက္ခတခုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကောင်အထည်ဖော်ဖို့ လမ်းစဖြစ်တယ်လို့။ ဒီမိုကရေစီနိုင်ငံတခုမှာ နိုင်ငံသားတွေရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ ပြည်နယ်နဲ့ပတ်သက်တဲ့ တိုင်းဒေသကြီးနဲ့ပတ်သက်တဲ့ ဒီမဲပြားတပြားကိုတော့ အခြေခံကျကျ ပေးပိုင်ခွင့်ရှိရမယ်ဗျ။ ကျနော်တို့မှာ မွေးရာပါ အခြေခံကျတဲ့ အခွင့်အရေးတောင်မှ ဆုံးရှုံးတယ်ဆိုရင် ရခိုင်ပြည်နယ်တွင်းမှာ ကျန်တဲ့အခွင့်အရေးတွေကို ဘယ်လိုစဉ်းစားလို့ ရမလဲဗျ။"

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ New Myanmar Foundation ရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်းက တကယ်လို့ ရခိုင်ပြည်နယ်တွင်းက နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်လုပ်ဖြစ်ခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ဘက်က မဲရုံတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လုံခြုံရေး အထူးသတိထား ဆောင်ရွက်သင့်သလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့လည်း တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ အကြံပေးပါတယ်။

"ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောလာကြတယ်။ တိုက်တွန်းတာ ကြားလာရတာကတော့ ကြိုဆိုရမှာပေါ့လေ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရလိုက်တဲ့ တိုင်းရင်းသားတွေအတွက် ကောင်းတယ်လို့ ကျမတို့ ယူဆတယ်။ ဒါပေမယ့် တခုပဲရှိတာကတော့ ဒီလိုမျိုးဒေသတွေမှာ ရွေးကောက်ပွဲတွေ တခါပြန်လုပ်မယ်ဆိုရင်တော့ အပစ်အခတ် ရပ်စဲထားဖို့ဆိုတဲ့ အခြေအနေတွေ ကတိကဝတ်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်မယ်။ နောက် စစ်ဘေးရှောင်စခန်းတွေက မဲစာရင်းကိစ္စတွေ သေချာလုပ်ပေးဖို့နဲ့ နောက်ပြီး အသေအချာ စနစ်တကျနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့လုံခြုံရေးအတွက်ကိုလည်း အာမခံပေးနိုင်မယ်ဆိုရင် ပိုပြီးကောင်းတာပေါ့နော်။

“အထူးသဖြင့် မဲဆန္ဒရှင်တွေရဲ့ ကျန်းမာရေး၊ အခုက ကိုဗစ်ကာလလည်း ဖြစ်နေသေးတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အာမခံချက်တွေ ပေးဖို့လိုတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်သင့်တယ်။ အထူးသဖြင့်တော့ အဲ့ဒီ့ဒေသမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်တွေ အနေနဲ့လည်း ကြိုတင်ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်။ ဥပမာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ သို့တည်းမဟုတ် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်မှုတွေက ဘာတွေရှိမလဲ ဆိုတာကို အဲ့လို ဒီလိုအခြေအနေမျိုးတွေကို တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခဏလုပ်ပြီး သေချာလုပ်ဆောင်သင့်ပါတယ်။"

ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ် စတဲ့ မြို့နယ်ပေါင်း ၉ မြို့နယ်လုံးကျွတ်နဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့က ကျေးရွာအုပ်စု ၄ အုပ်စု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၅၂ အုပ်စုတွေ ပါဝင်ပါတယ်။


 မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/rakhine-election/5705799.html

ရခိုင်ပြည်နယ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလားအလာ ရခိုင်ပြည်နယ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အလားအလာ Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.